Genesis 42
42:1 အဲဂုတ္တုပြည်၌စပါးရှိကြောင်းကို ယာကုပ်ကြားသိလျှင်၊ သင်တို့သည် အဘယ်ကြောင့် တစ်ယောက်ကိုတစ်ယောက် ကြည့်ရှု၍နေကြသနည်း။
42:2 အဲဂုတ္တုပြည်၌ စပါးရှိကြောင်းကိုငါကြားရပြီ။ ငါတို့သည်မသေ၊ အသက်ရှင်မည်အကြောင်း၊ ထိုပြည်သို့သွား၍ ငါတို့အဖို့ကိုဝယ်ကြလော့ဟု မိမိသားတို့အားဆိုသည်အတိုင်း၊
42:3 ယောသပ်၏အစ်ကိုတစ်ကျိပ်တို့သည် စပါးကိုဝယ်ခြင်းငှာ အဲဂုတ္တုပြည်သို့ သွားကြ၏။
42:4 ယောသပ်၏ညီ ဗင်္ယာမိန်ကိုကား အစ်ကိုတို့နှင့်အတူ ယာကုပ်သည်မစေမလွှတ်။ အကြောင်းမူကား၊ သူ၌ဘေးရောက်ကောင်းရောက်လိမ့်မည်ဟု စိုးရိမ်သတည်း။
42:5 ထိုအခါ ခါနာန်ပြည်၌ အစာခေါင်းပါးသောကြောင့်၊ အဲဂုတ္တုပြည်သို့ရောက်လာသောသူတို့တွင်၊ ဣသရေလသားတို့သည် စပါးကိုဝယ်ခြင်းငှာ လာကြ၏။
42:6 ယောသပ်သည်နိုင်ငံအုပ်ဖြစ်၍ ပြည်သားအပေါင်းတို့အား ရောင်းသောအမှုကို စီရင်လေ၏။ ယောသပ်အစ်ကိုတို့သည်လာ၍ သူ့ရှေ့မှာ ဦးညွှတ်ချကြ၏။
42:7 ယောသပ်သည် အစ်ကိုတို့ကိုမြင်လျှင်သိ၏။ သို့သော်လည်း မသိဟန်ဆောင်၍ ကြမ်းတမ်းစွာပြောလျက်၊ သင်တို့သည် အဘယ်ကလာကြသနည်းဟုမေး၏။ သူတို့ကလည်း၊ အစာကိုဝယ်ခြင်းငှာ ခါနာန်ပြည်ကလာကြပါသည်ဟု လျှောက်ကြ၏။
42:8 ယောသပ်သည် အစ်ကိုတို့ကိုသိသော်လည်း၊ သူတို့သည် ယောသပ်ကိုမသိကြ။
42:9 ယောသပ်သည်သူတို့အကြောင်းနှင့် မြင်ရသောအိပ်မက်တို့ကို အောက်မေ့လျက်၊ သင်တို့သည်သူလျှိုဖြစ်ကြ၏။ ပြည်တော်၌ အားနည်းသောအရပ်ကို ကြည့်ရှုခြင်းငှာ လာကြပြီဟုဆိုလျှင်၊
42:10 သူတို့က၊ မဟုတ်ပါသခင်။ ကိုယ်တော်၏ကျွန်တို့သည် အစာကို ဝယ်ခြင်းငှာသာလာကြပါ၏။
42:11 ကျွန်တော်တို့သည် တစ်ယောက်တည်းသောသူ၏သား ဖြစ်ကြပါ၏။ ဖြောင့်မတ်သောသူလည်း ဖြစ်ကြပါ၏။ ကိုယ်တော်၏ကျွန်တို့သည် သူလျှိုမဟုတ်ပါဟု လျှောက်ကြ၏။
42:12 ယောသပ်ကလည်း၊ မဟုတ်ဘူး။ ပြည်တော်၌အားနည်းသော အရပ်ကိုကြည့်ရှုခြင်းငှာ လာကြပြီဟုဆိုပြန်၏။
42:13 သူတို့ကလည်း၊ ကိုယ်တော်ကျွန်တို့သည် ခါနာန်ပြည်၌ တစ်ယောက်တည်းသောသူ၏သား၊ ညီအစ်ကိုတစ်ကျိပ်နှစ်ယောက် ဖြစ်ကြပါ၏။ အငယ်ဆုံးသောသူကား အဘနှင့်အတူယခုရှိရစ်ပါ၏။ တစ်ယောက်ကားမရှိပါဟု လျှောက်ပြန်လျှင်၊
42:14 ယောသပ်က၊ သင်တို့သည်သူလျှိုဖြစ်ကြ၏ဟု ငါဆိုသည်အရာမှာ၊
42:15 သင်တို့ကို အဘယ်သို့စုံစမ်းရမည်နည်းဟူမူကား၊ အငယ်ဆုံးသောညီ မလာလျှင်၊ ဖာရောဘုရင်အသက်ရှင်တော်မူသည်အတိုင်း သင်တို့သည် ဤအရပ်မှမထွက်မသွားရ။
42:16 သင်တို့စကား မှန်သည်မမှန်သည်ကို စုံစမ်း၍သိစေခြင်းငှာ သင်တို့တွင် တစ်ယောက်သောသူကိုစေလွှတ်၍ ညီကိုဆောင်ခဲ့စေ။ ကြွင်းသောသူတို့ကို ထောင်ထဲမှာချထားမည်။ သို့မဟုတ် ဖာရောဘုရင် အသက်ရှင်တော်မူသည်အတိုင်း၊ အကယ်စင်စစ် သင်တို့သည်သူလျှို ဖြစ်ကြ၏ဟုဆိုပြီးလျှင်၊
42:17 အစ်ကိုအပေါင်းတို့ကို သုံးရက်ချုပ်ထားလေ၏။
42:18 သုံးရက်မြောက်သောနေ့၌ ယောသပ်သည်သူတို့ကိုခေါ်၍၊ ငါသည် ဘုရားသခင်ကို ကြောက်ရွံ့သောသူဖြစ်၏။ သို့ဖြစ်၍ သင်တို့သည် အသက်ချမ်းသာစေခြင်းငှာ ပြုရသောအမှုဟူမူကား၊
42:19 သင်တို့သည်ဖြောင့်မတ်သောသူမှန်လျှင်၊ သင်တို့ညီအစ်ကိုတို့တွင် တစ်စုံတစ်ယောက်ကို ထောင်အိမ်၌အချုပ်ခံလျက်နေစေပြီးလျှင်၊ ကြွင်းသောသူတို့မူကား သွားကြလော့။ အိမ်သူအိမ်သားတို့၌ အစာခေါင်းပါးသောကြောင့် စပါးကိုယူ၍သွားကြလော့။
42:20 အငယ်ဆုံးသောညီကို ငါ့ထံသို့ဆောင်ခဲ့ကြလော့။ သို့ပြုလျှင် သင်တို့စကားမှန်လိမ့်မည်။ သင်တို့ အသက်လည်း ချမ်းသာရလိမ့်မည်ဟုဆိုသည်အတိုင်း သူတို့သည်ပြုကြ၏။
42:21 ထိုအခါ သူတို့အချင်းချင်းဆိုကြသည်ကား၊ အကယ်စင်စစ် ငါတို့သည် ညီ၏အမှု၌အပြစ်ကြီးကြ၏။ သူသည် ငါတို့ကိုတောင်းပန်သောအခါ၊ သူ့စိတ်ဆင်းရဲခြင်းကို ငါတို့သည်မြင်လျက်နှင့် နားမထောင်ဘဲနေကြ၏။ ထိုကြောင့် ဤအမှုသည် ငါတို့အပေါ်မှာ ယခုရောက်လာပြီဟု တစ်ယောက်ကိုတစ်ယောက် ပြောဆိုကြ၏။
42:22 ရုဗင်ကလည်း၊ သူငယ်ကိုမပြစ်မှားပါနှင့်ဟု ကျွန်ုပ်ဆိုသည်မဟုတ်လော။ သင်တို့သည် နားမထောင်ဘဲနေကြသောကြောင့် သူ၏အသွေးအတွက် ယခုအစစ်ခံရကြသည်ဟု ပြန်၍ဆို၏။
42:23 ထိုသို့ မိမိတို့ပြောဆိုကြသောစကားကို ယောသပ်နားလည်သည်ဟု သူတို့မထင်ကြ။ အကြောင်းမူကား၊ ယောသပ်သည် စကားပြန်နှင့် သူတို့ကို ပြောတတ်သောကြောင့်တည်း။
42:24 ထိုအခါ ယောသပ်သည် သူတို့ထံမှခဏခွာ၍ငိုလေ၏။ တစ်ဖန်လာပြန်၍ နှုတ်ဆက်ပြီးလျှင်၊ ရှိမောင်ကို သူတို့အစုထဲကယူ၍ သူတို့ရှေ့တွင် ချည်နှောင်လေ၏။
42:25 ထိုနောက်သူတို့အိတ်များကို စပါးနှင့်ပြည့်စေ၍၊ သူတို့ငွေကိုလည်း အသီးအသီးအိတ်တို့တွင် ပြန်ထည့်စေခြင်းငှာလည်းကောင်း၊ လမ်းခရီး၌ စားစရိတ်ကိုပေးစေခြင်းငှာလည်းကောင်းစီရင်၍ ထိုသို့လျှင်သူတို့၌ပြုလေ၏။
42:26 သူတို့သည်လည်း မြည်းများအပေါ်၌စပါးကိုတင်၍ ထွက်သွားကြ၏။
42:27 စခန်းသို့ရောက်သောအခါ၊ တစ်ယောက်သောသူသည် မြည်းကို အစာကျွေးခြင်းငှာမိမိအိတ်ကိုဖွင့်လျှင်၊ အိတ်ဝတွင်ရှိသော ငွေကိုမြင်လေ၏။
42:28 ညီအစ်ကိုတို့အားလည်း ကျွန်ုပ်ငွေကိုပြန်ထားပြီ။ ကြည့်ပါ၊ အိတ်ထဲမှာရှိသည်ဟုဆိုသော်၊ သူတို့သည်စိတ်နှလုံးလျော့၍ ကြောက်လန့်လျက်၊ ငါတို့၌ဘုရားသခင်ပြုတော်မူသော ဤအမှုသည် အဘယ်အမှုဖြစ်ပါလိမ့်မည်နည်းဟု တစ်ယောက်ကိုတစ်ယောက်ဆိုကြ၏။
42:29 ခါနာန်ပြည် အဘယာကုပ်ထံသို့ရောက်လျှင်၊ မိမိတို့၌ဖြစ်လေသမျှတို့ကို ကြားပြောသည်ကား၊
42:30 ထိုပြည်ကိုအုပ်စိုးသောသူသည် ကြမ်းတမ်းစွာပြောလျက်၊ ကျွန်ုပ်တို့ကို ထိုပြည်၌ သူလျှိုလုပ်သူဟူ၍ မှတ်လေ၏။
42:31 ကျွန်ုပ်တို့ကလည်း၊ ကျွန်တော်တို့သည် ဖြောင့်မတ်သောသူဖြစ်ကြပါ၏။ သူလျှိုမဟုတ်ပါ။
42:32 တစ်ဘတည်းသား၊ ညီအစ်ကိုချင်း တစ်ကျိပ်နှစ်ယောက်ဖြစ်ကြပါ၏။ တစ်ယောက်ကားမရှိပါ။ အငယ်ဆုံးသောသူကား ခါနာန်ပြည်၌ အဘနှင့်အတူ ယခုရှိရစ်ပါသည်ဟု လျှောက်သောအခါ၊
42:33 ထိုပြည်ကို အုပ်စိုးသောသခင်က၊ သင်တို့သည် ဖြောင့်မတ်သောသူမှန်သည်ကို အဘယ်သို့ ငါသိနိုင်မည်နည်းဆိုသော်၊ သင်တို့ညီအစ်ကိုတို့တွင် တစ်စုံတစ်ယောက်ကို ငါ့ထံ၌ထားရစ်ကြလော့။ သင်တို့အိမ်သူအိမ်သားတို့၌ အစာခေါင်းပါးသောကြောင့် အစာကိုယူ၍ သွားကြလော့၊
42:34 အငယ်ဆုံးသောညီကို ငါ့ထံသို့ဆောင်ခဲ့ကြလော့။ သို့ပြုလျှင် သင်တို့သည် သူလျှိုမဟုတ်၊ ဖြောင့်မတ်သောသူဖြစ်သည်ကို ငါသိလိမ့်မည်။ သင်တို့ညီအစ်ကို ကိုလည်း ငါပြန်၍အပ်မည်။ သင်တို့သည် ပြည်တော်၌ ဖောက်ကားရောင်းဝယ်ရကြမည်ဟုဆိုကြောင်းကို ကြားပြောကြပြီးမှ၊
42:35 မိမိတို့အိတ်များအထဲက စပါးကိုထုတ်သောအခါ၊ အသီးအသီးဆိုင်သော ငွေထုပ်တို့သည် မိမိတို့အိတ်၌ရှိကြ၏။ ငွေထုပ်များကို သူတို့နှင့်အဘသည် မြင်သောအခါ ကြောက်လန့်ကြ၏။
42:36 အဘယာကုပ်ကလည်း၊ သင်တို့သည် ငါ့သားတို့ကိုလုယူကြပြီ။ ယောသပ်မရှိ၊ ရှိမောင်မရှိ၊ ဗင်္ယာမိန်ကိုလည်း ယူသွားချင်သည်တကား။ ဤအမှုအလုံးစုံတို့သည် ငါနှင့်ဆန့်ကျင်ဘက်ဖြစ်သည်တကားဟု သူတို့အားဆို၏။
42:37 ရုဗင်ကလည်း၊ ကျွန်ုပ်သည်ဗင်္ယာမိန်ကို အဘထံသို့ ပြန်၍မဆောင်ခဲ့လျှင်၊ ကျွန်ုပ်သားနှစ်ယောက်တို့ကို သတ်ပါလော့။ သူ့ကိုကျွန်ုပ်လက်၌အပ်ပါ။ ကျွန်ုပ်တစ်ဖန် အဘထံသို့ပြန်၍ ဆောင်ခဲ့ပါမည်ဟု အဘအားဆို၏။
42:38 အဘကလည်း၊ သင်တို့နှင့်အတူငါ့သားမသွားရ။ သူ၏အစ်ကိုသေပြီ။ သူသည် တစ်ယောက်တည်းကျန်ရစ်၏။ သင်တို့သွားရာလမ်းခရီးတွင် သူ၌ဘေးရောက်လျှင်၊ သင်တို့သည် ငါ့ဆံပင်ဖြူကို ဝမ်းနည်းခြင်းနှင့်တကွ မရဏာနိုင်ငံသို့ သက်ရောက်စေကြလိမ့်မည်ဟု ဆိုလေ၏။