Genesis 43
43:1 ခါနာန်ပြည်၌ အလွန်အစာခေါင်းပါးသည်ဖြစ်၍၊
43:2 အဲဂုတ္တုပြည်မှဆောင်ခဲ့သောစပါးကို စားကုန်ပြီးမှ၊ အဘက၊ တစ်ဖန်သွား၍ ငါတို့စားစရာအနည်းငယ်ကို ဝယ်ကြပါဦးဟုဆို၏။
43:3 ယုဒကလည်း၊ ထိုသူသည် ကျွန်ုပ်တို့ကိုကျပ်ကျပ်ခြိမ်းခြောက်လျက်၊ သင်တို့ညီမပါလျှင် ငါ့မျက်နှာကိုမမြင်ရဟု ပြောထားပြီ။
43:4 ကျွန်ုပ်တို့ညီကိုထည့်လျှင်သွား၍ အဘစားဖို့ရာဝယ်ပါမည်။
43:5 ညီကိုမထည့်လျှင် မသွားပါ။ အကြောင်းမူကား၊ ထိုသူကသင်တို့ညီမပါလျှင် ငါ့မျက်နှာကိုမမြင်ရဟု ပြောထားပြီဟု အဘအားပြန်ဆိုလေ၏။
43:6 ဣသရေလကလည်း၊ သင်တို့၌ညီရှိမှန်းကို ထိုသူအားပြော၍ အဘယ်ကြောင့် ငါ့ကိုညှဉ်းဆဲကြသနည်းဟုဆိုသော်၊
43:7 သူတို့က၊ ထိုသူသည် ကျွန်ုပ်တို့၏အကြောင်းအရာအမျိုးအနွယ်တို့ကို ကျပ်ကျပ်မေးလျက်၊ သင်တို့အဘအသက်ရှင်သေးသလော၊ ညီရှိသေးသလောဟု မေးသောအခါ၊ ကျွန်ုပ်တို့သည် သူ၏စကားသဘောသို့လိုက်၍ ပြန်ပြောရပါ၏။ သင်တို့ညီကိုဆောင်ခဲ့ကြဟု သူပြောမည်ကို ကျွန်ုပ်တို့သည် အမှန်သိနိုင်ပါသလောဟု ဆိုကြ၏။
43:8 ယုဒကလည်း၊ သူငယ်ကို ကျွန်ုပ်နှင့်အတူလွှတ်ပါ။ သို့ပြုလျှင် အဘမှစ၍ ကျွန်ုပ်တို့နှင့် သူငယ်များတို့သည်မသေ၊ အသက်ရှင်မည်အကြောင်း၊ ကျွန်ုပ်တို့ထ၍ သွားကြပါမည်။
43:9 ကျွန်ုပ်သည် သူ၏အာမခံဖြစ်ပါမည်။ ကျွန်ုပ်တွင် သူ့ကိုတောင်းပါ။ သူ့ကိုပြန်၍မဆောင်၊ အဘရှေ့မှာမထားလျှင်၊ အစဉ်မပြတ် အပြစ်ကိုခံပါစေ။
43:10 ဤမျှလောက်မဖင့်နွှဲလျှင်၊ အကယ်၍ ဒုတိယအကြိမ်တွင် ပြန်ရောက်ပါပြီဟု အဘဣသရေလအား ဆို၏။
43:11 အဘဣသရေလကလည်း၊ သို့ဖြစ်လျှင် ဤသို့ပြုကြလော့။ ထိုသူအား ဆက်စရာဖို့ သင်တို့အိတ်ဝတို့တွင် ခါနာန်ပြည်၏အသီးမျိုး အကောင်းဆုံးတည်းဟူသော ဗလစံစေးအနည်းငယ်၊ ပျားရည်အနည်းငယ်၊ နံ့သာမျိုး၊ မုရန်စေး၊ သစ်အယ်သီး၊ ဗာတံသီးတို့ကိုယူကြလော့။
43:12 သင်တို့လက်၌ ငွေနှစ်ဆကိုလည်းယူကြလော့။ အိတ်ဝတွင် ဆောင်ခဲ့သောငွေကို တစ်ဖန်လက်၌ဆောင်သွားကြဦးလော့။ ထိုအမှုသည် သတိလစ်သောအမှုဖြစ်ဟန်ရှိ၏။
43:13 သင်တို့ညီကိုလည်းယူ၍ တစ်ဖန်ထိုသူထံသို့ ထသွားကြလော့။
43:14 ထိုသူသည် သင်တို့အစ်ကိုတစ်ယောက်နှင့် ဗင်္ယာမိန်ကို လွှတ်လိုက်မည်အကြောင်း၊ သင်တို့သည် သူ့စိတ်နှင့်တွေ့ရသောအခွင့်ကို အနန္တတန်ခိုးရှင် ဘုရားသခင်ပေးတော်မူပါစေသော။ သို့ရာတွင် ငါသည် သားဆုံးခြင်းကိုခံရလျှင် ခံရတော့မည်ဟု သားတို့အားဆိုသည်အတိုင်း၊
43:15 သူတို့သည် ထိုလက်ဆောင်ကိုလည်းကောင်း၊ မိမိလက်၌ငွေနှစ်ဆကိုလည်းကောင်း၊ ဗင်္ယာမိန်ကိုလည်းကောင်း၊ ယူ၍ထပြီးလျှင်၊ အဲဂုတ္တုပြည်သို့သွား၍ ယောသပ်ရှေ့မှာ ရပ်နေကြ၏။
43:16 သူတို့နှင့်အတူ ဗင်္ယာမိန်ပါလာသည်ကို ယောသပ်မြင်လျှင်၊ ဝန်စာရေးကိုခေါ်၍၊ ဤသူတို့ကိုအိမ်သို့ခေါ်သွားလော့။ အကောင်များကိုသတ်၍ စားစရာကိုပြင်ဆင်လော့။ သူတို့သည် ငါနှင့်အတူမွန်းတည့်စာကို စားရကြလိမ့်မည်ဟု မှာထားသည်အတိုင်း၊
43:17 ဝန်စာရေးပြု၍၊ သူတို့ကို ယောသပ်အိမ်သို့ခေါ်သွား၏။
43:18 ယောသပ်အိမ်သို့ ခေါ်သွားသောအခါ၊ သူတို့သည် ငါတို့အိတ်၌ ယခင်ပြန်ပေးသောငွေကြောင့် ခေါ်သွင်းပြီ။ သူသည်အမှုရှာလိမ့်မည်။ ငါတို့ကို အပြစ်ပြုသဖြင့် ကျွန်ခံစေ၍၊ မြည်းတို့ကိုသိမ်းလိမ့်မည်ဟု ဆိုကြပြီးလျှင်၊
43:19 ယောသပ်၏ဝန်စာရေးအနီးသို့ ချဉ်းကပ်၍ အိမ်တံခါးနားမှာနှုတ်ဆက်လျက်၊
43:20 သခင်၊ ယမန်က အကျွန်ုပ်တို့သည် အစာကိုဝယ်ခြင်းငှာ အမှန်လာပါ၏။
43:21 စခန်းသို့ရောက်၍ အိတ်များကိုဖွင့်သောအခါ၊ လူတိုင်းဆိုင်သောငွေသည် အလျှင်းမလျော့ဘဲ အိတ်ဝတွင် ရှိပါ၏။ ထိုငွေကို တစ်ဖန်ဆောင်ခဲ့ကြပါပြီ။
43:22 ယခုလည်းအစာကိုဝယ်ခြင်းငှာ အခြားသောငွေကို ကိုယ်၌ဆောင်ခဲ့ကြပါ၏။ ထိုငွေကို အကျွန်ုပ်တို့အိတ်များ၌ အဘယ်သူထားသည်ကို မသိနိုင်ပါဟုဆိုကြသော်၊
43:23 ဝန်စာရေးက၊ ချမ်းသာပါစေ၊ မစိုးရိမ်ကြနှင့်။ သင်တို့ဘုရားသခင်၊ သင်တို့အဘ၏ဘုရားသခင်သည် သင်တို့အိတ်များ၌ ဘဏ္ဍာကိုသနားတော်မူပြီ။ သင်တို့ ငွေကိုငါခံရပြီဟုဆိုသဖြင့်၊ ရှိမောင်ကိုထုတ်၍ အပ်လိုက်လေ၏။
43:24 ယောသပ်အိမ်သို့သွင်းပြီးမှ၊ ဝန်စာရေးသည် ရေကိုပေး၍ခြေဆေးစေ၏။ မြည်းတို့ကိုလည်းကျွေးလေ၏။
43:25 မွန်းတည့်ချိန်၌ ယောသပ်လာလိမ့်မည်ဟု သူတို့သည်မျှော်လင့်၍ လက်ဆောင်ကိုပြင်နှင့်ကြ၏။ ထိုအိမ်၌သူတို့သည် အစာကိုစားရလိမ့်မည်ဟု သူတို့သည်ကြားလေသတည်း။
43:26 ယောသပ်သည်အိမ်သို့ရောက်သောအခါ၊ သူတို့သည် ကိုယ်၌ပါသောလက်ဆောင်ကို အိမ်ထဲယောသပ်ထံသို့သွင်း၍ သူ့ရှေ့မှာဦးညွှတ်ချလျက် နေကြ၏။
43:27 ယောသပ်သည်နှုတ်ဆက်ပြီးလျှင်၊ သင်တို့အဘတည်းဟူသော သင်တို့အရင်ပြောသော အသက်ကြီးသူသည် ကျန်းမာပါ၏လော။ အသက်ရှင်သေး၏လောဟုမေးလျှင်၊
43:28 သူတို့က၊ ကိုယ်တော်ကျွန်၊ ကျွန်တော်တို့အဘသည် ကျန်းမာပါ၏၊ အသက်ရှင်ပါသေး၏ဟုလျှောက်လျက်၊ ဦးညွှတ်ချ၍ ရှိခိုးလျက်နေကြ၏။
43:29 ထိုအခါ ယောသပ်သည်မျှော်ကြည့်၍ မိမိအမိ၏သား၊ မိမိညီရင်းဗင်္ယာမိန်ကိုမြင်လျှင်၊ ဤသူကား သင်တို့အရင်ပြောသော သင်တို့ညီဖြစ်သလောဟုမေးလျက်၊ သင့်ကို ဘုရားသခင်ကယ်မသနားတော်မူပါစေသောငါ့သားဟု ဆိုပြီးမှ၊
43:30 ညီရင်းကိုမြင်ရ၍ ကြင်နာသောစိတ်ရှိသောကြောင့် အလျင်အမြန်ထသွားလေ၏။ ငိုရာအရပ်ကိုရှာသဖြင့်၊ အိပ်ခန်းထဲသို့ဝင်၍ ငိုလေ၏။
43:31 တစ်ဖန်မျက်နှာကိုသစ်၍ ဣနြေ္ဒချုပ်တည်းလျက် ပြင်သို့ထွက်ပြီးလျှင်၊ စားပွဲကိုပြင်ကြဟု အမိန့်ရှိ၏။
43:32 ယောသပ်ဖို့တစ်ပွဲ၊ အစ်ကိုတို့ဖို့တစ်ပွဲ၊ ယောသပ်နှင့်စားသော အဲဂုတ္တုလူတို့ဖို့တစ်ပွဲ အသီးအသီးတို့ကိုပြင်ကြ၏။ အဲဂုတ္တုလူတို့သည် ဟေဗြဲလူတို့နှင့်အတူ မစားရ၊ ထိုအမှုကိုအဲဂုတ္တုလူတို့သည် ရွံတတ်ကြ၏။
43:33 ညီအစ်ကိုတို့သည် အကြီးမှစ၍အငယ်တိုင်အောင် အရွယ်အလိုက် ယောသပ်ရှေ့မှာထိုင်နေကြ၏။ သူတို့သည် အချင်းချင်းကြည့်ရှု၍ အံ့ဩခြင်းရှိကြ၏။
43:34 ယောသပ်သည်လည်း သူတို့စားရန်အဖို့ အသီးအသီးတို့ကို မိမိထံမှပေးလိုက်၏။ ဗင်္ယာမိန်ရသောအဖို့သည် အစ်ကိုတို့ရသောအဖို့ထက် ငါးဆများသတည်း။ သူတို့သည်သောက်၍ပျော်မွေ့ခြင်းသို့ ရောက်ကြ၏။