Genesis 48
48:1 နောက်တစ်ဖန်ယောသပ်သည်၊ အဘနာကြောင်းကိုကြားသဖြင့်၊ သားနှစ်ယောက် မနာရှေနှင့် ဧဖရိမ်ကိုယူ၍သွား၏။
48:2 သားယောသပ်လာကြောင်းကို ယာကုပ်သည်ကြားလျှင်၊ အားထုတ်၍ ခုတင်ပေါ်မှာထိုင်၏။
48:3 ထိုအခါယာကုပ်က၊ အနန္တတန်ခိုးရှင်ဘုရားသခင်သည်၊ ခါနာန်ပြည်လုဇမြို့၌ ငါ့အားထင်ရှား၍ကောင်းချီးပေးတော်မူလျက်၊
48:4 ငါသည်သင့်ကိုတိုးပွားများပြားစေမည်။ သင့်ကိုများစွာသောလူဖြစ်စေမည်။ သင်၏အမျိုးအနွယ်သည် သင့်နောက်မှဤပြည်ကို အစဉ်အမြဲပိုင်စေခြင်းငှာ ငါပေးမည်ဟု မိန့်တော်မူ၏။
48:5 သင်နေသော အဲဂုတ္တုပြည်သို့ငါမရောက်မီ၊ အဲဂုတ္တုပြည်၌ သင်ရနှင့်သောသားနှစ်ယောက်၊ ဧဖရိမ်နှင့် မနာရှေတို့သည် ငါ့သားဖြစ်ရမည်။ ရုဗင်နှင့်ရှိမောင်ကဲ့သို့ ငါ့သားဖြစ်ရမည်။
48:6 နောက်မှသင်ရသောသားတို့သည် သင်၏သားဖြစ်၍ မိမိအမွေခံရာတွင် မိမိအစ်ကိုတို့အမည်ဖြင့် သမုတ်ရကြမည်။
48:7 ငါသည်ပါဒနာရံအရပ်မှလာသည်ကာလ၊ ခါနာန်ပြည်၌ ခရီးသွား၍၊ ဧဖရတ်မြို့နှင့်နီးသောအခါ၊ သင့်အမိရာခေလသည် ငါ့အနားမှာသေရှာ၏။ သေသောအရပ် ဗက်လင်အမည်ရှိသော ဧဖရတ်မြို့သို့သွားသောလမ်း၌ သင်္ဂြိုဟ်လေသည်ဟု ယောသပ်အားဆို၏။
48:8 တစ်ဖန်ဣသရေလသည် ယောသပ်၏သားတို့ကိုကြည့်ရှု၍၊ ဤသူတို့ကား အဘယ်သူနည်းမေးလျှင်၊
48:9 ယောသပ်က၊ ဤပြည်၌ အကျွန်ုပ်အား ဘုရားသခင်ပေးသနားတော်မူသော အကျွန်ုပ်၏သားဖြစ်ပါသည်ဟု အဘအားဆိုသော်၊ အဘက၊ ငါ့ထံသို့လာပါစေလော့။ သူတို့ကိုငါကောင်းချီးပေးမည်ဟုဆို၏။
48:10 ဣသရေလသည် အသက်ကြီး၍မျက်စိမှုန်သဖြင့်၊ မမြင်နိုင်သောကြောင့်၊ သားတို့ကိုအနီးသို့ချဉ်းကပ်စေ၍ ပိုက်ဖက်နမ်းရှုပ်လေ၏။
48:11 ဣသရေလကလည်း၊ ငါသည်သင်၏မျက်နှာကို မြင်ရမည်ဟုငါမထင်။ ယခုတွင်သင်၏သားတို့ကိုပင် ဘုရားသခင်ပြတော်မူပြီဟု ယောသပ်အားဆို၏။
48:12 ယောသပ်သည်လည်း၊ သားတို့ကိုအဘ၏ဒူးကြားမှထုတ်၍ အဘရှေ့၌ဦးညွှတ်ချစေ၏။
48:13 တစ်ဖန်ယောသပ်သည်သားတို့ကိုယူ၍ ဧဖရိမ်ကို လက်ယာလက်နှင့်ကိုင်လျက်၊ ဣသရေလလက်ဝဲလက်သို့လည်းကောင်း၊ မနာရှေကို လက်ဝဲလက်နှင့်ကိုင်လျက်၊ ဣသရေလ လက်ယာလက်သို့လည်းကောင်းချဉ်းကပ်စေ၏။
48:14 မနာရှေသည်သားဦးဖြစ်သော်လည်း၊ ဣသရေလသည် မိမိလက်တို့ကိုဆန့်၍ လိမ္မာစွာပဲ့ပြင်လျက်၊ အသက်ငယ်သောသူဧဖရိမ်၏ခေါင်းပေါ်မှာ လက်ယာလက်ကိုတင်ပြီးလျှင်၊ လက်ဝဲလက်ကို မနာရှေ၏ခေါင်းပေါ်မှာတင်၏။
48:15 ယောသပ်ကိုကောင်းချီးပေးလျက်၊ ငါ့အဘအာဗြဟံနှင့် ဣဇာက်ကိုးကွယ်သောဘုရားသခင်၊ ငါ့ကိုတစ်သက်လုံး ယနေ့တိုင်အောင် ကျွေးမွေးတော်မူသောဘုရားသခင်တည်းဟူသော၊
48:16 ငါ့ကိုခပ်သိမ်းသောဘေးဒဏ်အထဲက ကယ်နုတ်တော်မူသော ကောင်းကင်တမန်သည်၊ ဤသူငယ်တို့ကို ကောင်းချီးပေးတော်မူပါစေသော။ သူတို့ကိုငါ့အမည်ဖြင့်လည်းကောင်း၊ ငါ့အဘအာဗြဟံနှင့် ဣဇာက်၏အမည်ဖြင့်လည်းကောင်း၊ ထပ်၍မှည့်ပါစေသော။ သူတို့သည် မြေကြီးပေါ်မှာ အလွန်တိုးပွားများပြားပါစေသောဟု မြွက်ဆို၏။
48:17 အဘသည်လက်ယာလက်ကို ဧဖရိမ်၏ခေါင်းပေါ်မှာတင်သည်ကို ယောသပ်မြင်လျှင်၊ အားမရသည်ဖြစ်၍၊
48:18 မဟုတ်ပါအဘ။ ဤသူသည်သားဦးဖြစ်ပါ၏။ သူ၏ခေါင်းပေါ်မှာ လက်ယာလက်ကိုတင်ပါဟုဆိုလျက် အဘ၏လက်ကို ဧဖရိမ်ခေါင်းပေါ်က မနာရှေခေါင်းပေါ်သို့ ပြောင်းခြင်းငှာချီလေ၏။
48:19 အဘသည်ငြင်း၍၊ ငါသိ၏ငါ့သား၊ ငါသိ၏။ သူသည်ကြီးစွာသော လူစုဖြစ်လိမ့်မည်။ သို့သော်လည်း၊ သူ့ညီသည် သူ့ထက်သာ၍ကြီးသဖြင့်၊ သူ၏အမျိုးအနွယ်သည် များစွာသောလူအစုစုဖြစ်လိမ့်မည်ဟုဆို၏။
48:20 တစ်ဖန်ဘုရားသခင်သည် သင့်ကိုဧဖရိမ်ကဲ့သို့လည်းကောင်း၊ မနာရှေကဲ့သို့လည်းကောင်း ဖြစ်စေတော်မူပါစေသောဟူ၍ ဣသရေလအမျိုးသားတို့သည် သင်အားဖြင့် ကောင်းချီးပေးကြလိမ့်မည်ဟု ထိုနေ့၌ သူတို့ကိုကောင်းချီးပေးလေ၏။ ထိုသို့မနာရှေရှေ့မှာ ဧဖရိမ်ကို နေရာချသတည်း။
48:21 ဣသရေလကလည်း၊ ငါသေတော့မည်။ သို့သော်လည်း၊ ဘုရားသခင်သည် သင်တို့ဘက်၌ရှိ၍၊ သင်တို့ကို ဘိုးဘေးနေရာပြည်သို့ တစ်ဖန်ဆောင်တော်မူလိမ့်မည်။
48:22 ထိုမှတစ်ပါး သင်၏အစ်ကိုတို့အားပေးသည်ထက် သင့်အားသာ၍ ပေးသောအရာဟူမူကား၊ ငါ့ဓား၊ ငါ့လေးဖြင့် အာမောရိအမျိုးသားလက်မှ နုတ်ယူသောအရာကို သင့်အားငါပေးသည်ဟု ယောသပ်ကိုပြောဆို၏။