Genesis 47
47:1 ထိုစကားအတိုင်း ယောသပ်သည်ဖာရောမင်းထံသို့သွား၍၊ ကျွန်တော်အဘနှင့် အစ်ကိုတို့သည် သိုးနွား၊ ဥစ္စာရှိသမျှကိုဆောင်လျက် ခါနာန်ပြည်ကရောက်လာ၍၊ ဂေါရှင်ပြည်၌ရှိကြပါသည်ဟုလျှောက်သဖြင့်၊
47:2 အစ်ကိုစုထဲကရွေး၍ ငါးယောက်တို့ကို အထံတော်သို့သွင်းလေ၏။
47:3 ဖာရောမင်းကလည်း၊ သင်တို့သည် အဘယ်သို့ လုပ်ဆောင်လေ့ရှိကြသနည်းဟုမေးလျှင်၊ သူတို့က၊ ကိုယ်တော်ကျွန်တို့သည် ဘိုးဘေးနှင့်တကွ သိုးထိန်းဖြစ်ကြပါ၏ဟူ၍လည်းကောင်း၊
47:4 ခါနာန်ပြည်၌ အလွန်အစာခေါင်းပါး၍ သိုးနွားကျက်စားရာမရှိသောကြောင့်၊ ကိုယ်တော်ကျွန်တို့သည် ပြည်တော်၌တည်းခိုခြင်းငှာ လာကြပါ၏။ သို့ဖြစ်၍ ကိုယ်တော်ကျွန်တို့သည် ဂေါရှင်ပြည်၌နေရမည်အကြောင်း အခွင့်ပေးတော်မူပါဟူ၍လည်းကောင်း လျှောက်ကြ၏။
47:5 ဖာရောမင်းကလည်း၊ သင်၏အဘနှင့်အစ်ကိုတို့သည် သင့်ထံသို့ ရောက်လာကြသည်ဖြစ်၍၊
47:6 အဲဂုတ္တပြည်သည် သင့်ရှေ့မှာရှိ၏။ သင်၏အဘနှင့် သင်၏အစ်ကိုတို့ကို အကောင်းဆုံးသောအရပ် ဂေါရှင်ပြည်၌နေရာချလော့။ သူတို့တွင် အစွမ်းသတ္တိရှိသောသူအချို့တို့ကိုတွေ့လျှင် ငါ၏သိုးနွားအုပ်အရာ၌ခန့်ထားလော့ဟု ယောသပ်အား မိန့်တော်မူ၏။
47:7 ယောသပ်သည် အဘယာကုပ်ကိုသွင်း၍ ဖာရောမင်းရှေ့မှာထားသဖြင့်၊ ယာကုပ်သည် ဖာရောမင်းကိုကောင်းချီးပေး၏။
47:8 ဖာရောမင်းက၊ သင်သည် အသက်အဘယ်မျှလောက်ရှိပြီနည်းဟု ယာကုပ်အားမေးလျှင်၊
47:9 ကျွန်တော်သည်ဧည့်သည်အာဂန္တုဖြစ်၍ လွန်သောအသက်သည် အနှစ်တစ်ရာသုံးဆယ်ရှိပါပြီ။ ကျွန်တော်အသက်ရှင်သောနှစ်ပေါင်းနည်း၍ ဆိုးပါ၏။ ဧည့်သည်အာဂန္တုဖြစ်သော ဘိုးဘေးတို့၏အသက်တန်းကို မမီပါဟု လျှောက်ဆိုပြီးလျှင်၊
47:10 ဖာရောမင်းကိုကောင်းချီးပေး၍ အထံတော်ကထွက်သွားလေ၏။
47:11 ဖာရောမင်းအမိန့်တော်ရှိသည်အတိုင်း၊ ယောသပ်သည် အဘနှင့်အစ်ကိုတို့ကို နေရာချ၍ အဲဂုတ္တုပြည်၌အကောင်းဆုံးသောအရပ် ရာမသက်မြေကိုအပိုင်ပေး၏။
47:12 အဘနှင့်အစ်ကိုများ၊ အဘ၏အိမ်သားရှိသမျှတို့ကို အနည်းအများအလိုက် ကျွေးမွေး၏။
47:13 အလွန်အစာခေါင်းပါး၍ တစ်ပြည်လုံးစားစရာမရှိသောကြောင့်၊ အဲဂုတ္တုပြည်နှင့် ခါနာန်ပြည်သည်အားလျော့လေ၏။
47:14 ပြည်သားဝယ်သော စပါးအဖိုး၊ အဲဂုတ္တုပြည်၊ ခါနာန်ပြည်၌ တွေ့သမျှသော ငွေကိုယောသပ်စုသိမ်း၍ နန်းတော်သို့သွင်းထားလေ၏။
47:15 အဲဂုတ္တုပြည်၊ ခါနာန်ပြည်၌ငွေကုန်သောအခါ၊ အဲဂုတ္တုလူအပေါင်းတို့သည် ယောသပ်ထံသို့လာ၍ စားစရာဖို့ ပေးသနားတော်မူပါ။ ကျွန်တော်တို့သည် ငွေကုန်သော်လည်း ရှေ့တော်၌ အဘယ်ကြောင့်သေရပါအံ့နည်းဟု လျှောက်ကြသော်၊
47:16 ယောသပ်က၊ ငွေကုန်လျှင် တိရစ္ဆာန်များကိုပေးကြ။ တိရစ္ဆာန်အတွက် စပါးကိုပေးမည်ဟုဆိုသည်အတိုင်း၊
47:17 သူတို့သည်တိရစ္ဆာန်တို့ကိုယူခဲ့၍၊ ယောသပ်သည် မြင်း၊ သိုး၊ နွား၊ မြည်းတို့အတွက်စပါးကိုပေးသဖြင့် ထိုနှစ်တွင် တိရစ္ဆာန်ရှိသမျှတို့အတွက် ပြည်သားများကိုကျွေးမွေး၏။
47:18 ထိုနှစ်ကုန်ပြီးမှ ဒုတိယနှစ်တွင်လာကြလျှင်၊ ကျွန်တော်တို့ငွေကုန်ကြောင်းကို သခင်ရှေ့မှာမထိမ်ဝှက်ပါ။ ကျွန်တော်တို့တိရစ္ဆာန်များကိုလည်း သခင်ရပါပြီ။ သခင်ရှေ့မှာ ကျွန်တော်တို့ကိုယ်နှင့်မြေမှတစ်ပါး အဘယ်အရာမျှ မကျန်ပါ။
47:19 ရှေ့တော်၌အဘယ်ကြောင့်သေ၍ ပြည်တော်ပျက်ရပါအံ့နည်း။ အစာကိုပေး၍ ကျွန်တော်တို့နှင့် ကျွန်တော်တို့မြေကိုဝယ်ပါ။ ကျွန်တော်တို့သည် မြေနှင့်တကွ ဖာရောဘုရင်၏ကျွန်ခံပါမည်။ ကျွန်တော်တို့သည် မသေ၊ အသက်ရှင်စေခြင်းငှာလည်းကောင်း၊ ပြည်တော်သည်လူမဆိတ်ညံစေခြင်းငှာလည်းကောင်း၊ မျိုးစေ့ကိုပေးပါဟု လျှောက်ကြသော်၊
47:20 ယောသပ်သည် အဲဂုတ္တုမြေရှိသမျှကို ဖာရောမင်းဖို့ဝယ်လေ၏။ အစာခေါင်းပါး၍ အဲဂုတ္တုလူတို့သည်မတတ်နိုင်သောကြောင့်၊ အသီးအသီးပိုင်သော မြေအကွက်တို့ကိုရောင်းကြသဖြင့် မြေသည်ဘဏ္ဍာတော်ဖြစ်လေ၏။
47:21 လူတို့ကိုကား၊ အဲဂုတ္တုပြည်တစ်စွန်းမှသည် တစ်စွန်းတိုင်အောင် မြို့တို့သို့ပြောင်းစေ၏။
47:22 ယဇ်ပုရောဟိတ်တို့ပိုင်သောမြေကိုကားမဝယ်။ သူတို့သည် ဖာရောမင်းကျွေးမွေးသည်အတိုင်း ကျွေးမွေးသောအစာကိုစားရကြ၏။ ထိုကြောင့် မိမိတို့မြေကိုမရောင်းရကြ။
47:23 ယောသပ်ကလည်း၊ သင်တို့နှင့်သင်တို့မြေကို ဖာရောမင်းဖို့ယနေ့ငါဝယ်ပြီ။ မျိုးစေ့ကိုယူ၍ လယ်လုပ်ကြလော့။
47:24 အသီးအနှံကိုရသောအခါ၊ ငါးဖို့တွင်တစ်ဖို့ကို ဖာရောမင်းအားဆက်ရကြမည်။ လေးဖို့ကိုကား သင်တို့ယူ၍ နောက်တစ်ဖန်မျိုးစေ့ကို ကြဲကြလော့။ သင်တို့စား၍ အိမ်သားများ၊ သူငယ်များတို့ကိုကျွေးကြလော့ဟု ပြည်သားတို့အားဆို၏။
47:25 သူတို့ကလည်း၊ ကိုယ်တော်သည် ကျွန်တော်တို့ အသက်ကိုကယ်ပါပြီ။ သနားသောစိတ်နှင့်ကြည့်ရှုတော်မူပါ။ ကျွန်တော်တို့သည် ဖာရောဘုရင်၏ကျွန်ခံရပါမည်ဟု လျှောက်ကြ၏။
47:26 ထိုကြောင့် ဖာရောမင်းမပိုင်သော ယဇ်ပုရောဟိတ်တို့မြေကိုထား၍၊ ဖာရောမင်းသည် ငါးဖို့တွင်တစ်ဖို့ကိုပိုင်တော်မူစေဟု ယနေ့တိုင်အောင် အဲဂုတ္တုပြည်၌တည်သောဓမ္မသတ်ကို ယောသပ်စီရင်၍ထားသတည်း။
47:27 ဣသရေလသားတို့သည်၊ အဲဂုတ္တုပြည် ဂေါရှင်အရပ်၌နေသဖြင့်၊ ဥစ္စာရတတ်၍ တိုးပွားများပြားကြ၏။
47:28 ယာကုပ်သည် အဲဂုတ္တုပြည်၌ဆယ်ခုနစ်နှစ်အသက်ရှင်၍ အသက်နှစ်ပေါင်း တစ်ရာလေးဆယ်ခုနစ်နှစ်ရှိသတည်း။
47:29 ဣသရေလသည်သေရသောအချိန်နီးသော်၊ သားယောသပ်ကိုခေါ်၍ ငါ့ကိုသနားလျှင် သင်၏လက်ကို ငါ့ပေါင်အောက်၌ ထားပါလော့။ ကရုဏာသစ္စာနှင့်အညီငါ၌ပြုပါ။ အဲဂုတ္တုပြည်၌ ငါ့ကိုမသင်္ဂြိုဟ်ပါနှင့်။
47:30 ငါသည်ဘိုးဘေးနှင့်အတူ အိပ်ချင်ပါ၏။ အဲဂုတ္တုပြည်မှ ငါ့ကိုဆောင်သွား၍ သူတို့သင်္ချိုင်း၌ သင်္ဂြိုဟ်ရမည်ဟုဆို၏။ ယောသပ်ကလည်း၊ အဘဆိုသည်အတိုင်း အကျွန်ုပ်ပြုပါမည်ဟု ဝန်ခံလေ၏။
47:31 ငါ့အားကျိန်ဆိုခြင်းကိုပြုပါဟု ဆိုပြန်လျှင်၊ ကျိန်ဆိုခြင်းကိုပြု၏။ ဣသရေလသည်လည်း ခုတင်ခေါင်းရင်းပေါ်မှာ ကိုးကွယ်လေ၏။