Genesis 8
8:1 ဘုရားသခင်သည်၊ နောဧမှစ၍ အသက်ရှင်သမျှသောသတ္တဝါ၊ နောဧနှင့်အတူ သင်္ဘောထဲ၌ရှိသော တိရစ္ဆာန်အပေါင်းတို့ကိုအောက်မေ့၍၊ မြေကြီးပေါ်မှာ လေလာစေတော်မူသဖြင့် ရေငြိမ်လေ၏။
8:2 နက်နဲရာရေပေါက်ရေတွင်းများ၊ မိုးကောင်းကင်ပြွန်ဝများကို ဆို့ပိတ်၍၊ မိုးကိုစဲစေတော်မူ၏။
8:3 ရေသည်လည်း မြေပေါ်မှာ အစဉ်အတိုင်းစီးသွား၍၊ အရက်တစ်ရာငါးဆယ်စေ့သောအခါ ယုတ်လျော့လေ၏။
8:4 သတ္တမလ၊ ဆယ်ခုနစ်ရက်နေ့တွင် သင်္ဘောသည် အာရရတ်အမည်ရှိသောတောင်ပေါ်မှာ တင်လေ၏။
8:5 ဒသမလတိုင်အောင် ရေသည်အစဉ်မပြတ်ယုတ်လျော့၍၊ ထိုလဆန်းတစ်ရက်နေ့တွင် တောင်ထိပ်တို့သည် ပေါ်ကြ၏။
8:6 ထိုမှအရက်လေးဆယ်ကြာလျှင်၊ နောဧသည် သင်္ဘောထဲ၌လုပ်ခဲ့သော ပြူတင်းပေါက်ကိုဖွင့်၍၊ ကျီးအတစ်ကောင်ကို လွှတ်လေ၏။
8:7 ထိုကျီးအသည် မြေပေါ်မှာ ရေမခန်းမခြောက်မီတိုင်အောင်၊ သွားလာလျက် နေလေ၏။
8:8 တစ်ဖန်မြေမျက်နှာပေါ်မှာ ရေကုန်သည် မကုန်သည်ကိုသိခြင်းငှာ၊ ချိုးတစ်ကောင်ကို လွှတ်ပြန်လေ၏။
8:9 မြေတစ်ပြင်လုံး၌ ရေရှိသေးသောကြောင့်၊ ချိုးသည် ခြေဖြင့်နင်း၍ အမောဖြေစရာကိုမတွေ့သဖြင့်၊ နောဧရှိရာ သင်္ဘောသို့ပြန်လာလေ၏။ နောဧသည်လည်း လက်ကိုဆန့်၍၊ ချိုးကိုကိုင်ယူပြီးလျှင်၊ မိမိနေရာ သင်္ဘောထဲသို့သွင်းလေ၏။
8:10 တစ်ဖန်ခုနစ်ရက်နေပြီးမှ ထိုချိုးကို သင်္ဘောထဲကလွှတ်ပြန်၏။
8:11 ညဥ့်ဦးအချိန်၌ ချိုးသည် နောဧထံသို့ပြန်လာ၍၊ မိမိဆိတ်ယူသော သံလွင်ရွက်ကို မိမိနှုတ်သီးဖြင့် ဆောင်ခဲ့သောကြောင့်၊
8:12 မြေကြီးပေါ်မှာ ရေကုန်ကြောင်းကို နောဧသိလေ၏။ တစ်ဖန်ခုနစ်ရက်နေပြီးမှ ထိုချိုးကို လွှတ်ပြန်၏။ နောက်တစ်ဖန်ချိုးသည် မပြန်မလာနေ၏။
8:13 အနှစ်ခြောက်ရာတစ်ခု ပထမလဆန်းတစ်ရက်နေ့တွင်၊ မြေကြီးပေါ်မှာ ရေခန်းခြောက်သည်ရှိသော်၊ နောဧသည် သင်္ဘောမိုးကိုပယ်ဖျက်၍ ကြည့်ရှုသောအခါ၊ မြေမျက်နှာသွေ့ခြောက်စရှိသည်ကို မြင်၏။
8:14 ဒုတိယလ၊ နှစ်ဆယ်ခုနစ်ရက်နေ့တွင် မြေကြီးသွေ့ခြောက်လေ၏။
8:15 ဘုရားသခင်ကလည်း၊ သင်သည်၊ သား၊ မယား၊ ချွေးမတို့နှင့်တကွ၊ သင်္ဘောထဲက ထွက်ဆင်းလော့။
8:17 သင်ထံမှာ အသက်ရှင်သော တိရစ္ဆာန်၊ ငှက်များ၊ သားများ၊ မြေပေါ်၌တွားတတ်သောတိရစ္ဆာန်များတို့သည်၊ မြေပေါ်မှာသားကိုမွေး၍ အလွန်တိုးပွားများပြားမည်အကြောင်း၊ ထိုတိရစ္ဆာန်ရှိသမျှတို့ကို ကိုယ်နှင့်အတူ ထုတ်ဆောင်လော့ဟု၊ နောဧကိုမိန့်တော်မူ၏။
8:18 ထိုအခါနောဧမှစ၍ သား၊ မယား၊ ချွေးမတို့သည် ထွက်ဆင်းကြ၏။
8:19 သားများ၊ တွားတတ်သောတိရစ္ဆာန်များ၊ ငှက်များ၊ မြေပေါ်မှာ လှုပ်ရှားတတ်သမျှသော အမျိုးမျိုးအပေါင်းတို့သည်လည်း၊ သင်္ဘောထဲကထွက်ဆင်းကြ၏။
8:20 နောဧသည်လည်း၊ ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုတည်ပြီးမှ စင်ကြယ်သောသား၊ စင်ကြယ်သောငှက်အမျိုးမျိုးထဲကယူ၍၊ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့သောယဇ်ကို ပူဇော်လေ၏။
8:21 ထာဝရဘုရားသည်လည်း၊ မွှေးကြိုင်သော အနံ့ကိုခံယူ၍၊ ငါသည် နောက်တစ်ဖန်လူတို့အတွက် မြေကြီးကိုမကျိန်။ အကြောင်းမူကား၊ လူတို့သည် ငယ်သောအရွယ်မှစ၍၊ စိတ်နှလုံးအကြံအစည်ဆိုးကြ၏။ ငါသည် ယခုတစ်ခါ ပြုပြီးသကဲ့သို့၊ အသက်ရှင်သောအရာရှိသမျှတို့ကို နောက်တစ်ဖန်ဒဏ်မခတ်။
8:22 မြေကြီးမကုန်မီတိုင်အောင် မျိုးစေ့ကြဲရသောကာလ၊ အသီးအနှံကိုသိမ်းရသောကာလ၊ ချမ်းသောကာလ၊ ပူသောကာလ၊ နွေကာလ၊ ဆောင်းကာလမပြတ်ရဟု အမိန့်တော်ရှိ၏။