Genesis 9
9:1 ဘုရားသခင်သည်လည်း၊ နောဧနှင့် သူ၏သားတို့ကိုကောင်းချီးပေးတော်မူ၍၊ သင်တို့သည်များပြားစွာမွေးဖွားလျက် မြေကြီးကိုပြည့်စေကြလော့။
9:2 မြေတိရစ္ဆာန်၊ မိုးကောင်းကင်ငှက်အစရှိသော၊ မြေပေါ်မှာ လှုပ်ရှားတတ်သမျှနှင့်၊ ပင်လယ်ငါးအပေါင်းတို့သည်၊ သင်တို့ရှေ့မှာ ကြောက်ရွံ့တုန်လှုပ်ခြင်းသဘောရှိရကြလိမ့်မည်။ ထိုတိရိစ္ဆာန်တို့ကို သင်တို့လက်၌ငါအပ်၏။
9:3 အသက်ရှင်၍ လှုပ်ရှားတတ်သမျှသည်၊ အသီးအရွက်ကဲ့သို့၊ သင်တို့စားစရာဖို့ ဖြစ်ရမည်။ ခပ်သိမ်းသောအရာတို့ကို သင်တို့၌ငါအပ်ပေး၏။
9:4 သို့သော်လည်း၊ အသက်တည်းဟူသော အသွေးနှင့်တကွ အသားကို မစားရ။
9:5 အကယ်၍ သင်တို့အသက်တည်းဟူသော၊ သင်တို့အသွေးကို ငါတောင်းမည်။ လူ၊ တိရစ္ဆာန်အပေါင်းတို့၌ ငါတောင်းမည်။ ခပ်သိမ်းသောလူတို့၏ညီအစ်ကို၌၊ လူ၏အသက်ကို ငါတောင်းမည်။
9:6 အကြင်သူသည် လူ၏အသွေးကိုသွန်း၏။ ထိုသူ၏အသွေးကို လူလက်ဖြင့်သွန်းရမည်။ အကြောင်းမူကား၊ ဘုရားသခင်သည် မိမိပုံသဏ္ဌာန်နှင့်အညီ လူကို ဖန်ဆင်းတော်မူ၏။
9:7 သင်တို့သည် သားကိုဖွား၍ များပြားကြလော့။ မြေပေါ်မှာ အလွန်မွေးဖွား၍ များပြားကြလော့ဟု မိန့်တော်မူ၏။
9:8 တစ်ဖန်ဘုရားသခင်သည်၊ နောဧနှင့် သူ၏သားတို့ကိုမိန့်တော်မူသည်ကား၊
9:9 သင်တို့နှင့်လည်းကောင်း၊ နောက်ဖြစ်လတ္တံ့သော အမျိုးအနွယ်နှင့်လည်းကောင်း၊
9:10 သင်တို့ထံမှာအသက်ရှင်သော တိရစ္ဆာန်တည်းဟူသော ငှက်၊ သားယဉ်၊ သားရဲရှိသမျှ သင်္ဘောထဲကထွက်ဆင်းသမျှမှစ၍၊ မြေတိရစ္ဆာန်အပေါင်းတို့နှင့်လည်းကောင်း၊ ငါသည်ကိုယ်တိုင် ပဋိညာဉ်ပြု၏။
9:11 သင်တို့နှင့် ငါပြုသောပဋိညာဉ်ဟူမူကား၊ ရေလွှမ်းမိုးခြင်းအားဖြင့်၊ ခပ်သိမ်းသောသတ္တဝါတို့သည် နောက်တစ်ဖန်မဆုံးရကြ။ မြေကြီးကို ဖျက်ဆီးဖို့ရာ နောက်တစ်ဖန် ရေလွှမ်းမိုးခြင်းမရှိရ။
9:12 ထိုမှတစ်ပါး၊ ငါတစ်ဖက်၊ သင်တို့နှင့် သင်တို့ထံမှာ အသက်ရှင်သမျှသော တိရစ္ဆာန်တို့တစ်ဖက်၌၊ သားမြေးအစဉ်အဆက်မပြတ်၊ ငါပြုသောပဋိညာဉ်၏ လက္ခဏာသက်သေဟူမူကား၊
9:13 ငါ၏သက်တံကို မိုးတိမ်၌ငါထား၏။ ထိုသက်တံသည် မြေကြီးနှင့် ငါပြုသောပဋိညာဉ်၏ သက်သေဖြစ်လိမ့်မည်။
9:14 ငါသည် မိုးကိုအုံ့စေသောအခါ၊ မိုးတိမ်၌ သက်တံသည်ထင်ရှားလိမ့်မည်။
9:15 ထိုအခါငါတစ်ဖက်၊ သင်တို့မှစ၍၊ အသက်ရှင်သောသတ္တဝါ၊ တိရစ္ဆာန်ရှိသမျှတို့ တစ်ဖက်၌ရှိသော၊ ငါ၏ပဋိညာဉ်ကိုငါအောက်မေ့သဖြင့်၊ ခပ်သိမ်းသောသတ္တဝါတို့ကို ဖျက်ဆီးခြင်းငှာ၊ နောက်တစ်ဖန် ရေလွှမ်းမိုးခြင်းမရှိရ။
9:16 မိုးတိမ်၌ သက်တံရှိသည်ကို ငါကြည့်ရှုသဖြင့်၊ ဘုရားသခင်နှင့် မြေကြီးပေါ်မှာ အသက်ရှင်သောသတ္တဝါတိရစ္ဆာန်အပေါင်းတို့ စပ်ကြားမှာရှိသော ထာဝရပဋိညာဉ်ကို ငါအောက်မေ့မည်။
9:17 ဤသည်ကား၊ ငါနှင့်မြေကြီးပေါ်မှာရှိသော သတ္တဝါအပေါင်းတို့၏စပ်ကြားမှာ၊ ငါအမြဲဖွဲ့သော ပဋိညာဉ်၏ လက္ခဏာသက်သေဖြစ်သတည်းဟု၊ နောဧကို ဘုရားသခင်မိန့်တော်မူ၏။
9:18 သင်္ဘောထဲကထွက်ဆင်းသော နောဧသားတို့၏အမည်ကား ရှေမ၊ ဟာမ၊ ယာဖက်တည်း။ ဟာမသည် ခါနာန်၏အဘဖြစ်၏။
9:19 ဤသူတို့သည် နောဧ၏သားသုံးယောက်ဖြစ်၍ မြေကြီးတစ်ပြင်လုံး၌ နှံ့ပြားကြ၏။
9:20 နောဧသည် လယ်လုပ်သောအတတ်ကို ပြုစု၍၊ စပျစ်ဥယျာဉ်ကို စိုက်လေ၏။
9:21 စပျစ်ရည်ကိုလည်း သောက်၍ယစ်မူးသဖြင့်၊ မိမိတဲ၌ အဝတ်မခြုံဘဲနေလေ၏။
9:22 ခါနာန်၏ အဘဟာမသည်၊ မိမိအဘ၌အဝတ်အချည်းစည်းရှိသည်ကိုမြင်လျှင်၊ ပြင်မှာရှိသော အစ်ကိုနှစ်ယောက်ကို ပြောလေ၏။
9:23 ရှေမနှင့် ယာဖက်တို့သည် အဝတ်ကိုယူ၍ ပခုံးပေါ်မှာတင်ပြီးလျှင်၊ နောက်သို့ဆုတ်သွား၍ မိမိအဘ၌၊ အဝတ်အချည်းစည်းရှိသည်ကို ဖုံးကြ၏။ သူတို့သည်အပြင်သို့မျက်နှာပြုသောကြောင့်၊ မိမိအဘ၌ အဝတ်အချည်းစည်းရှိသည်ကို မမြင်ရ။
9:24 နောဧသည် ယစ်မူခြင်းပျောက်၍ နိုးသောအခါ၊ မိမိ၌သားငယ်ပြုသည်ကိုသိလျှင်၊
9:25 ခါနာန်သည် ကျိန်ခြင်းကို ခံပါစေ။ အစ်ကိုတို့၏ကျွန်တို့၌ ကျွန်ဖြစ်ပါစေဟု ဆို၏။
9:26 တစ်ဖန်ရှေမ၏ ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။ ခါနာန်သည် ရှေမ၏ကျွန် ဖြစ်ပါစေ။
9:27 ဘုရားသခင်သည် ယာဖက်ကိုကျယ်စေတော်မူသဖြင့်၊ ရှေမ၏တဲတို့တွင် နေပါစေ။ ခါနာန်မူကား၊ သူ၏ကျွန်ဖြစ်ပါစေဟု ဆိုလေ၏။
9:28 နောဧသည် ရေလွှမ်းမိုးသောနောက်၊ အနှစ်သုံးရာငါးဆယ်အသက်ရှင်၍၊
9:29 အသက်ပေါင်းကိုးရာငါးဆယ်စေ့သော် အနိစ္စရောက်လေ၏။