2 Samuel 10
10:1 ထိုနောက် အမ္မုန်ရှင်ဘုရင်သည်သေ၍ သားတော်ဟာနုန်သည် ခမည်းတော်အရာ၌ နန်းထိုင်၏။
10:2 ဒါဝိဒ်ကလည်း၊ ဟာနုန်အဘနာဟတ်သည် ငါ့အား ကျေးဇူးပြုသောကြောင့်၊ သူ၏သား၌ ကျေးဇူးပြုမည်ဟုဆိုလျက်၊ သူ၏အဘသေရာတွင် နှစ်သိမ့်စေခြင်းငှာ ကျွန်တို့ကိုစေလွှတ်၍၊ ဒါဝိဒ်၏ကျွန်တို့သည် အမ္မုန်ပြည်သို့ရောက်ကြ၏။
10:3 အမ္မုန်အမျိုး မှူးမတ်တို့သည် မိမိတို့အရှင်ဟာနုန်ထံသို့ဝင်၍၊ ဒါဝိဒ်သည် စိတ်တော်ကို နှစ်သိမ့်စေသောသူတို့ကို စေလွှတ်ရာတွင် ခမည်းတော်ကို ရိုသေစွာပြုသည်ဟု ထင်မှတ်တော်မူသလော။ မြို့တော်ကိုစစ်ဆေးစူစမ်း၍ ဖျက်ဆီးခြင်းငှာသာ သူ၏ကျွန်တို့ကိုစေလွှတ်သည် မဟုတ်လောဟု လျှောက်ကြသော်။
10:4 ဟာနုန်သည် ဒါဝိဒ်၏ကျွန်တို့ကို ယူပြီးလျှင်၊ မုတ်ဆိတ်တစ်ခြမ်းကိုရိတ်၍ အဝတ်ကိုတင်ပါးတိုင်အောင်ဖြတ်ပြီးမှ လွှတ်လိုက်လေ၏။
10:5 ထိုသတင်းကို ဒါဝိဒ်သည်ကြားသောအခါ၊ ထိုလူတို့သည် အလွန်ရှက်သောကြောင့် သူတို့ကို ဆီးကြိုစေခြင်းငှာ စေလွှတ်၍၊ သင်တို့သည် မုတ်ဆိတ်မရှည်မီတိုင်အောင် ယေရိခေါမြို့မှာ နေကြလော့။ ထိုနောက်မှ ပြန်လာကြလော့ဟု မှာထားတော်မူ၏။
10:6 အမ္မုန်အမျိုးသားတို့က၊ ငါတို့သည်ဒါဝိဒ်ရှေ့မှာ စက်ဆုပ်ရွံရှာဖွယ်ဖြစ်လိမ့်မည်ဟု သိလျှင်၊ လူတို့ကိုစေလွှတ်၍ ဗက်ရဟောဘမြို့နှင့် ဇောဘမြို့၌နေသော ရှုရိလူခြေသည် သူရဲနှစ်သောင်း၊ မာခမင်းကြီး၏ လူတစ်ထောင်၊ တောဘမြို့သား တစ်သောင်းနှစ်ထောင်တို့ကို ငှားကြ၏။
10:7 ထိုသတင်းကို ဒါဝိဒ်သည်ကြားလျှင် ယွာဘနှင့် ခွန်အားကြီးသော သူရဲအလုံးအရင်းအပေါင်းကို စေလွှတ်၏။
10:8 အမ္မုန်အမျိုးသားတို့သည် ထွက်၍မြို့တံခါးဝမှာ စစ်ခင်းကျင်းကြ၏။ ဇောဘမြို့၊ ရဟောဘမြို့၊ တောဘ မြို့မှလာသောရှုရိလူနှင့် မာခါမင်းကြီး၏လူတို့သည် လွင်ပြင်၌ တခြားစီနေကြ၏။
10:9 ယွာဘသည်လည်း၊ ရှေ့၌လည်းကောင်း၊ နောက်၌လည်းကောင်း စစ်မျက်နှာနှစ်ဖက်ရှိသည်ကိုမြင်လျှင်၊ ဣသရေလလူတို့တွင် သန်မြန်သောသူရှိသမျှတို့ကို ရွေးကောက်၍ ရှုရိလူတို့တစ်ဖက်၌ စစ်ခင်းကျင်း၏။
10:10 ကြွင်းသောသူတို့ကို အမ္မုန်အမျိုးသားတို့တစ်ဖက်၌ စစ်ခင်းကျင်းစေခြင်းငှာ၊ ညီအဘိရှဲလက်သို့ အပ်လျက်၊
10:11 ရှုရိလူတို့သည် ငါ့ကိုနိုင်လျှင် ငါအားကူရမည်။ အမ္မုန်အမျိုးသားတို့သည် သင့်ကိုနိုင်လျှင် သင့်အားငါကူမည်။
10:12 ရဲရင့်သောစိတ်ရှိ၍ ငါတို့လူမျိုး၊ ငါတို့ဘုရားသခင့်မြို့ရွာတို့အဖို့ အားထုတ်၍ တိုက်ကြကုန်အံ့။ ထာဝရဘုရားသည် အလိုတော်ရှိသည်အတိုင်း စီရင်တော်မူစေသတည်းဟု ဆိုပြီးမှ၊
10:13 သူ၌ပါသော လူများနှင့်တကွ ရှုရိလူတို့ကိုစစ်တိုက်ခြင်းငှာ ချဉ်းသွားသောအခါ၊ ရှုရိလူတို့သည် ပြေးကြ၏။
10:14 ရှုရိလူတို့ပြေးသည်ကို အမ္မုန်အမျိုးသားတို့သည် မြင်လျှင်၊ သူတို့သည်လည်း အဘိရှဲရှေ့မှာပြေး၍ မြို့ထဲသို့ဝင်ကြ၏။ ယွာဘသည်လည်း အမ္မုန်ပြည်မှထွက်၍ ယေရုရှလင်မြို့သို့ ပြန်သွားလေ၏။
10:15 ရှုရိလူတို့သည် ဣသရေလအမျိုးသားရှေ့မှာ မိမိတို့ရှုံးသည်ကို သိမြင်လျှင် တစ်ဖန်စည်းဝေးကြ၏။
10:16 ဟာဒဒေဇာမင်းသည်လည်း စေလွှတ်၍၊ မြစ်တစ်ဖက်၌နေသော ရှုရိလူတို့ကိုခေါ်သဖြင့်၊ သူတို့သည် ဟေလံမြို့သို့ ရောက်လာကြ၏။ ဟာဒဒေဇာခန့်ထားသော ဗိုလ်ချုပ်မင်းရှောဗက်သည်လည်း အုပ်ရ၏။
10:17 ထိုသတင်းကိုကြားလျှင်၊ ဒါဝိဒ်သည် ဣသရေလအမျိုးသားအပေါင်းတို့ကို စုဝေးစေ၍၊ ယော်ဒန်မြစ်ကိုကူးသဖြင့် ဟေလံမြို့သို့ ရောက်လေ၏။ ရှုရိလူတို့သည် ဒါဝိဒ်တစ်ဖက်၌ စစ်ခင်းကျင်း၍ တိုက်သောအခါ၊
10:18 ဣသရေလ အမျိုးသားရှေ့မှာ ပြေးကြ၏။ ဒါဝိဒ်သည်လည်း ရှုရိမြင်းရထားစီးသူရဲ ခုနစ်ထောင်၊ ခြေသည်သူရဲလးသောင်းတို့ကိုသတ်၍၊ ဗိုလ်ချုပ်မင်းရှောဗက်ကိုလည်း ထိခိုက်သဖြင့် သူသည် ထိုအရပ်၌သေ၏။
10:19 ဟာဒဒေဇာ၌ ကျွန်ခံသောမင်းကြီးအပေါင်းတို့သည် ဣသရေလအမျိုးရှေ့မှာ မိမိတို့ရှုံးသည်ကိုသိမြင်လျှင်၊ ဣသရေလအမျိုးနှင့် မိတ်သဟာယဖွဲ့၍ကျွန်ခံကြ၏။ ထိုသို့ ရှုရိလူတို့သည် နောက်တစ်ဖန် အမ္မုန်အမျိုးသားတို့ကို စစ်မကူဝံ့ကြ။