2 Samuel 9
9:1 တစ်ဖန် ဒါဝိဒ်က၊ ငါသည် ယောနသန်အတွက် ကျေးဇူးပြုစရာအခွင့်ရှိစေခြင်းငှာ၊ ရှောလုအဆွေအမျိုး တစ်စုံတစ်ယောက် ကျန်ကြွင်းသေးသလောဟု မေးသော်၊
9:2 ဇိဘအမည်ရှိသော ရှောလု၏ အဆွေအမျိုးနှင့်ဆိုင်သော ကျွန်တစ်ယောက်ကို အထံတော်သို့သွင်း၍ ရှင်ဘုရင်က၊ သင်သည် ဇိဘမှန်သလောဟု မေးလျှင်၊ ကိုယ်တော်ကျွန်မှန်ပါသည်ဟု ပြန်လျှောက်လေ၏။
9:3 ရှင်ဘုရင်ကလည်း၊ ဘုရားသခင့်အလိုတော်အတိုင်း ငါကျေးဇူးပြုစရာ အခွင့်ရှိစေခြင်းငှာ၊ ရှောလုအဆွေအမျိုး တစ်စုံတစ်ယောက်မျှ မရှိသလောဟု မေးလျှင် ဇိဘက၊ ယောနသန်၌ ခြေဆွံ့သောသားတစ်ယောက် ရှိပါသေး၏ဟု လျှောက်သော်၊
9:4 ရှင်ဘုရင်က၊ သူသည်အဘယ်မှာရှိသနည်းဟု မေးပြန်လျှင်၊ ဇိဘက၊ လောဒေဗာရွာ၊ အမျေလသား မာခိရအိမ်၌ရှိပါသည်ဟု လျှောက်၏။
9:5 ထိုအခါ ဒါဝိဒ်သည် စေလွှတ်၍ ရှောလု၏သားဖြစ်သော ယောနသန်၏သား မေဖိဗောရှက်ကို၊ လောဒေဗာရွာ၊ အမျေလသားမာခိရ အိမ်မှခေါ်ခဲ့၍၊
9:6 သူသည် အထံတော်သို့ ရောက်သောအခါ ပျပ်ဝပ်လျက် ရှိခိုးလေ၏။ ဒါဝိဒ်ကလည်း၊ မေဖိဗောရှက်ဟု ခေါ်လျှင်၊ ကိုယ်တော်ကျွန်ရှိပါသည်ဟု လျှောက်လေ၏။
9:7 ဒါဝိဒ်ကလည်း မစိုးရိမ်နှင့်။ သင်၏အဘ ယောနသန်အတွက် ငါသည်သင်၌ ဆက်ဆက်ကျေးဇူးပြုမည်။ သင့်အဖို့ ရှောလုပိုင်သမျှသောမြေကို ငါပြန်ပေးမည်။ သင်သည် နေ့တိုင်းအစဉ် ငါ့စားပွဲ၌ စားရမည်ဟုဆိုသော်၊
9:8 မေဖိဗောရှက်က၊ ကျွန်တော်ကဲ့သို့ဖြစ်ရသော ခွေးသေကောင်ကို ကိုယ်တော်ကြည့်ရှုရမည်အကြောင်း၊ ကိုယ်တော်ကျွန်သည် အဘယ်သို့သောသူဖြစ်ပါသနည်းဟု ဦးချ၍ပြန်လျှောက်၏။
9:9 ထိုအခါရှင်ဘုရင်သည် ရှောလု၏ကျွန်ဇိဘကိုခေါ်၍၊ ရှောလုနှင့် သူ၏အဆွေအမျိုးများ ပိုင်ထိုက်သမျှတို့ကို သင့်သခင်၏သားအား ငါပေးပြီ။
9:10 သင်သည် သင်၏သားကျွန်တို့နှင့်တကွ လယ်လုပ်၍ သင့်သခင်၏သားစားစရာဖို့ အသီးအနှံကို သွင်းရမည်။ သို့ရာတွင် သင့်သခင်၏သား မေဖိဗောရှက်သည် နေ့တိုင်းအစဉ် ငါ့စားပွဲ၌ အစာစားရမည်ဟု မိန့်တော်မူ၏။ ဇိဘ၌ သားတစ်ဆယ်ငါးယောက်နှင့် ကျွန်နှစ်ဆယ်ရှိ၏။
9:11 ဇိဘကလည်း၊ ကျွန်တော်သခင်အရှင်မင်းကြီးသည် ကိုယ်တော်ကျွန်ကို မှာထားတော်မူသမျှအတိုင်း၊ ကိုယ်တော်ကျွန်ပြုပါမည်ဟု နားတော်လျှောက်၏။ ထိုနောက်၊ မေဖိဗောရှက်သည် ရှင်ဘုရင်၏သားရင်းကဲ့သို့ စားပွဲတော်၌ အစာစားရ၏။
9:12 မေဖိဗောရှက်၌ မိက္ခာအမည်ရှိသော သားငယ်တစ်ယောက် ရှိ၏။ ဇိဘအိမ်၌ နေသောသူအပေါင်းတို့သည်လည်း မေဖိဗောရှက်၏ကျွန် ဖြစ်ကြ၏။
9:13 ထိုသို့ မေဖိဗောရှက်သည် ယေရုရှလင်မြို့၌နေ၍ ရှင်ဘုရင်၏စားပွဲတော်၌ နေ့တိုင်းအစဉ်စားရ၏။ ခြေနှစ်ဖက်ဆွံ့သောသူဖြစ်၏။