2 Samuel 14
14:1 ထိုသို့ရှင်ဘုရင်၏စိတ်နှလုံးသည် အဗရှလုံသို့ ပါသွားကြောင်းကို ဇေရုယာသားယွာဘသည် ရိပ်မိသောအခါ၊
14:2 တေကောမြို့သို့စေလွှတ်၍ ပညာရှိသောမိန်းမကိုခေါ်ပြီးလျှင်၊ သင်သည် ဆီမလိမ်းပါနှင့်။ စိတ်မသာ ညည်းတွားဟန်ပြု၍ မသာအဝတ်ကို ဝတ်ပါတော့။ လူသေအတွက် ကြာမြင့်စွာ ငိုကြွေးသောမိန်းမ ယောင်ဆောင်လျက်၊
14:3 ရှင်ဘုရင်ထံတော်သို့ဝင်၍ ဤသို့လျှောက်ရမည်ဟု သွန်သင်လေ၏။
14:4 ထိုတေကောမြို့သူမိန်းမသည် အထံတော်သို့ဝင်၍ မြေပေါ်မှာ ပျပ်ဝပ်ရှိခိုးလျက်၊ အရှင်မင်းကြီး၊ ကယ်မသနားတော်မူပါဟု လျှောက်လေ၏။
14:5 ရှင်ဘုရင်ကလည်း၊ အဘယ်အမှုရှိသနည်းဟု မေးတော်မူလျှင် မိန်းမက၊ ကျွန်တော်မသည် လင်သေသော မုဆိုးမဖြစ်ပါ၏။
14:6 ကိုယ်တော်ကျွန်မ၌ သားနှစ်ယောက်ရှိပါ၏။ ထိုသားနှစ်ယောက်တို့သည် ခိုက်ရန်ပြုကြပါ၏။ ဖျန်ဖြေသောသူမရှိသောကြောင့် တစ်ယောက်သည်တစ်ယောက်ကို သေသည်တိုင်အောင် လုပ်ကြံပါ၏။
14:7 ယခုမှာ အဆွေအမျိုးအပေါင်းတို့သည် ကိုယ်တော်ကျွန်မတစ်ဖက်၌ ထကြ၍ အစ်ကိုကိုသတ်သောသူကို သေစားသေစေခြင်းငှာ အပ်ရမည်။ အမွေခံကိုလည်း ငါတို့ပယ်ရှင်းမည်ဟု ဆိုကြပါ၏။ ထိုသို့ပြုလျှင်၊ ကျွန်တော်မ၌ ကျန်ကြွင်းသေးသောမီးခဲကို သူတို့သည် သတ်ကြပါလိမ့်မည်။ ကျွန်တော်မလင်၏အမည်ကိုလည်းကောင်း၊ အကျန်အကြွင်းကိုလည်းကောင်း၊ မြေကြီးပေါ်က သုတ်သင်ပယ်ရှင်းကြပါလိမ့်မည်ဟု လျှောက်လေသော်၊
14:8 ရှင်ဘုရင်က သင့်အိမ်သို့ ပြန်သွားလော့။ သင့်အမှုကို ငါစီရင်မည်ဟု မိန်းမအားမိန့်တော်မူ၏။
14:9 တေကောမြို့သူမိန်းမကလည်း၊ အိုအရှင်မင်းကြီး၊ ကျွန်တော်မနှင့် ကျွန်တော်မအဆွေအမျိုး၌ အပြစ်ရောက်ပါစေ။ ရှင်ဘုရင်နှင့် ရာဇပလ္လင်တော်သည် အပြစ်လွတ်ပါစေဟုလျှောက်လျှင်၊
14:10 ရှင်ဘုရင်က၊ သင်၌အပြစ်တင်သောသူကို ငါ့ထံသို့ခေါ်ခဲ့လော့။ နောက်တစ်ဖန် သင့်ကို မနှောင့်ယှက်ရဟု မိန့်တော်မူသော်၊
14:11 မိန်းမက၊ သေစားသေစေသောသူတို့သည် ကျွန်တော်မ၏သားကိုသတ်မည်ဟု စိုးရိမ်ပါသည်ဖြစ်၍၊ သူတို့သည် အထူးသဖြင့် မဖျက်ဆီးစေခြင်းငှာ အရှင်မင်းကြီးသည် ကိုယ်တော်၏ ဘုရားသခင်ထာဝရဘုရားကို အောက်မေ့တော်မူပါဟု လျှောက်ပြန်သော်၊ ရှင်ဘုရင်က၊ ထာဝရဘုရားအသက်ရှင်တော်မူသည်အတိုင်း၊ သင့်သား၏ဆံပင်တစ်ပင်မျှ မြေပေါ်သို့မကျရဟု မိန့်တော်မူ၏။
14:12 တစ်ဖန် မိန်းမကလည်း၊ ကိုယ်တော်ကျွန်မသည် အရှင်မင်းကြီးအား စကားတစ်ခွန်းလျှောက်ရသောအခွင့်ကို ပေးတော်မူပါဟု တောင်းပန်လျှင်၊ လျှောက်လော့ဟု မိန့်တော်မူ၏။
14:13 မိန်းမကလည်း၊ သို့ဖြစ်လျှင် ကိုယ်တော်သည် ဘုရားသခင်၏လူတို့တစ်ဖက်၌ အဘယ်ကြောင့် ကြံစည်တော်မူသနည်း။ အရှင်မင်းကြီး နှင်ထုတ်သောသူကို တစ်ဖန်ခေါ်တော်မမူသဖြင့်၊ ကိုယ်ကိုအပြစ်တင်၍ စီရင်တော်မူပါပြီတကား။
14:14 ငါတို့သည် သေအံ့သောသူ ဖြစ်ကြ၏။ မြေပေါ်မှာသွန်ပြီးလျှင် နောက်တစ်ဖန်ကျုံး၍ မယူနိုင်သောရေနှင့် တူကြပါ၏။ ဘုရားသခင်သည် လူမျက်နှာကို မထောက်သော်လည်း၊ နှင်ထုတ်ခြင်းကိုခံရသောသူသည် အစဉ်နှင်ထုတ်ခြင်းကိုခံ၍ မနေရမည်အကြောင်း ကြံစည်တော်မူ၏။
14:15 သို့ဖြစ်၍ ကျွန်တော်မသည်လာ၍ ဤအမှုကို အရှင်မင်းကြီးအား လျှောက်ရသည်အကြောင်းမှာ၊ ကျွန်တော်မကြောက်အောင် လူများတို့သည် ပြုကြပါ၏။ ကိုယ်တော်ကျွန်မကလည်း၊ ရှင်ဘုရင်ကို ငါလျှောက်မည်။ ရှင်ဘုရင်သည် ငါတောင်းပန်သည်အတိုင်း ပြုကောင်းပြုတော်မူမည်။
14:16 ငါနှင့် ငါ့သားကို ဘုရားသခင်၏အမွေတော်မြေပေါ်က သုတ်သင်ပယ်ရှင်းသော သူ၏လက်မှ ငါ့ကိုနုတ်အံ့သောငှာ နားထောင်တော်မူလိမ့်မည်ဟု ဆိုပါ၏။
14:17 ကိုယ်တော် ကျွန်မကလည်း၊ ငါ့သခင်အရှင်မင်းကြီး၏ အမိန့်တော်ကြောင့် ချမ်းသာရမည်။ ဘုရားသခင်၏ကောင်းကင်တမန်ကဲ့သို့ ငါ့သခင်အရှင်မင်းကြီးသည် ကောင်းမကောင်းကို ပိုင်းခြား၍ သိတော်မူ၏ဟု အောက်မေ့ပါ၏။ ကိုယ်တော်၏ဘုရားသခင်ထာဝရဘုရားသည် ကိုယ်တော်နှင့်အတူ ရှိတော်မူလိမ့်မည်ဟု လျှောက်လေ၏။
14:18 ထိုအခါ ရှင်ဘုရင်က၊ ငါမေးမြန်းသည်အမှုကို မထိမ်မဝှက်ပါနှင့် ဟုအမိန့်ရှိသော်၊ မိန်းမက အရှင်မင်းကြီးအမိန့်ရှိတော်မူပါဟု လျှောက်လေ၏။
14:19 ရှင်ဘုရင်ကလည်း၊ ဤအမှု၌ ယွာဘသည် သင့်အား အကြံပေးသည်မဟုတ်လောဟုမေးသော်၊ မိန်းမက အိုအရှင်မင်းကြီး၊ ကိုယ်တော်အသက်ရှင်တော်မူသည်အတိုင်း၊ အရှင်မင်းကြီးမိန့်တော်မူသော စကားလမ်းမှ လက်ယာဘက်လက်ဝဲဘက်သို့ အဘယ်သူမျှမလွှဲနိုင်ရာ။ အကယ်စင်စစ် ကိုယ်တော်ကျွန်ယွာဘသည် ကျွန်တော်မကိုမှာထား၍ ဤစကားအလုံးစုံတို့ကို သွန်သင်ပါ၏။
14:20 ပရိယာယ်ပြု၍ ဤသို့အယောင်ဆောင်စေခြင်းငှာ ကိုယ်တော်ကျွန်ယွာဘသည် စီရင်ပါ၏။ အရှင်သခင်သည်လည်း မြေကြီးပေါ်မှာ ရှိသမျှတို့ကို သိနိုင်သည်တိုင်အောင် ဘုရားသခင်၏ ကောင်းကင်တမန်သည် ပညာရှိသကဲ့သို့ ပညာရှိတော်မူသည်ဟု ပြန်လျှောက်လေ၏။
14:21 ထိုအခါရှင် ဘုရင်က၊ ဤအမှုကို ငါစီရင်ရ၏။ သင်သွား၍ ထိုလုလင်အဗရှလုံကို တစ်ဖန်ခေါ်ရမည်ဟု ယွာဘအားမိန့်တော်မူ၏။
14:22 ယွာဘသည်လည်း မြေပေါ်မှာ ဦးချပျပ်ဝပ်လျက်၊ ကျွန်တော်သခင်အရှင်မင်းကြီး၊ ကိုယ်တော်ကျွန် အသနားတော်ခံသည်အတိုင်း အရှင်မင်းကြီး ပြုတော်မူသောကြောင့်၊ ကိုယ်တော်ကျွန်သည် ရှေ့တော်၌ မျက်နှာရကြောင်းကို ကျွန်တော်သိပါသည်ဟု ကျေးဇူးတော်ကို ဝန်ခံလေ၏။
14:23 ထိုနောက် ယွာဘသည်ထ၍ ဂေရှုရမြို့သို့သွားသဖြင့်၊ အဗရှလုံကို ယေရုရှလင်မြို့သို့ ဆောင်ခဲ့လေ၏။
14:24 ရှင်ဘုရင်ကလည်း၊ မိမိအိမ်သို့သွားစေ။ ငါ့မျက်နှာကို မမြင်စေနှင့်ဟု အမိန့်တော်ရှိသည်အတိုင်း၊ အဗရှလုံသည် မိမိအိမ်သို့သွား၍ ရှင်ဘုရင်၏မျက်နှာတော်ကို မမြင်ရ။
14:25 ဣသရေလအမျိုး တစ်မျိုးလုံးတွင် အဗရှလုံကဲ့သို့ အဆင်းလှ၍ ချီးမွမ်းရသောသူ တစ်ယောက်မျှမရှိ။ ခြေဖဝါးမှသည် ဦးထိပ်တိုင်အောင် အပြစ်တစ်ခုမျှမရှိ။
14:26 ဆံပင်လေးသောကြောင့်၊ နှစ်တိုင်းဖြတ်၍ တစ်နှစ်လျှင် အကျပ်တော်အတိုင်း အကျပ်သုံးဆယ်ရတတ်၏။
14:27 အဗရှလုံသည် သားသုံးယောက်နှင့် တာမာအမည်ရှိသော သမီးတစ်ယောက်ကိုမြင်လေ၏။ သမီးသည် အလွန်လှသောသူဖြစ်၏။
14:28 အဗရှလုံသည် ရှင်ဘုရင်၏မျက်နှာတော်ကိုမမြင်ရဘဲ နှစ်နှစ်ပတ်လုံး ယေရုရှလင်မြို့၌နေပြီးမှ၊
14:29 ယွာဘကို ရှင်ဘုရင်ထံတော်သို့ စေလွှတ်မည်အကြံနှင့် ခေါ်သောအခါ ယွာဘသည်မလာ။
14:30 ဒုတိယအကြိမ်ခေါ်သော်လည်းမလာ။ ထိုကြောင့် ကျွန်တို့အား၊ ယွာဘ၏လယ်သည် ငါတို့နေရာ နှင့်နီးပြီ။ မုယောစပါးရှိ၏။ သွား၍မီးရှို့ကြဟု စီရင်သည်အတိုင်း အဗရှလုံ၏ကျွန်တို့သည်မီးရှို့ကြ၏။
14:31 ထိုအခါ ယွာဘသည် အဗရှလုံအိမ်သို့ထသွား၍၊ ကိုယ်တော်၏ကျွန်တို့သည် ကျွန်တော်လယ်ကို အဘယ်ကြောင့် မီးရှို့ကြသနည်းဟု မေးသော်၊
14:32 အဗရှလုံက၊ ငါသည် ဂေရှုရမြို့မှ အဘယ်ကြောင့် လာရသနည်း။ ထိုမြို့၌ ယခုတိုင်အောင် နေကောင်းသည်ဟု လျှောက်စေခြင်းငှာ၊ သင့်ကို ရှင်ဘုရင်ထံတော်သို့ စေလွှတ်မည်ဟု ငါခေါ်၏။ ယခုမှာ ရှင်ဘုရင်၏မျက်နှာတော်ကို ငါမြင်ရပါစေ။ အပြစ်ရှိလျှင် သတ်တော်မူပါစေဟု ယွာဘအားပြောဆိုသော်၊
14:33 ယွာဘသည် ရှင်ဘုရင်ထံတော်သို့သွား၍ လျှောက်သဖြင့်၊ အဗရှလုံကို ခေါ်တော်မူ၏။ အဗရှလုံသည်လာ၍ ရှင်ဘုရင်ရှေ့တော်၌ ဦးချပျပ်ဝပ်၏။ ရှင်ဘုရင်သည် သူကိုနမ်းတော်မူ၏။