2 Samuel 15
15:1 ထိုနောက်မှ အဗရှလုံသည် ရထားများနှင့် မြင်းများကိုလည်းကောင်း၊ မိမိရှေ့မှာ ပြေးရသောလူ ငါးဆယ်ကိုလည်းကောင်း ပြင်ဆင်လေ၏။
15:2 အဗရှလုံသည် စောစောထ၍ တံခါးဝမှာ ရပ်နေတတ်၏။ အမှုရှိသောသူသည် စီရင်တော်မူခြင်းကို ခံအံ့သောငှာ၊ ရှင်ဘုရင်ထံတော်သို့ လာသောအခါ အဗရှလုံက၊ သင်သည် အဘယ်မြို့သားဖြစ်သနည်းဟု မေးလျှင်၊ ထိုသူက ကိုယ်တော်ကျွန်သည် ဤမည်သော ဣသရေလအမျိုးအနွယ်သားဖြစ်ပါ၏ဟု ပြန်လျှောက်သော်၊
15:3 အဗရှလုံက၊ သင့်အမှုသည် ဟုတ်မှန်လျောက်ပတ်ပေ၏။ သို့သော်လည်း သင့်အမှုကို ရှင်ဘုရင်မှစ၍ အဘယ်သူမျှ နားမထောင်ဟု ပြောဆိုတတ်၏။
15:4 တစ်ဖန်တုံ၊ ငါသည်ဤပြည်၌ တရားစီရင်သော မင်းဖြစ်ပါစေသော။ သို့ဖြစ်လျှင် တရားမှုရှိသော အမှုသည်အပေါင်းတို့သည် ငါ့ထံသို့လာ၍ ငါသည်တရားသဖြင့် စီရင်မည်ဟုဆိုတတ်၏။
15:5 လူတစ်စုံတစ်ယောက်သည် ရိုသေစွာပြု၍ ချဉ်းကပ်သောအခါ၊ အဗရှလုံသည် လက်ကိုဆန့်၍ ထိုသူကိုကိုင်လျက် နမ်းလေ့ရှိ၏။
15:6 ထိုသို့စီရင်တော်မူခြင်းကို ခံအံ့သောငှာ၊ ရှင်ဘုရင်ထံတော်သို့လာသော ဣသရေလအမျိုးသား အပေါင်းတို့အား အဗရှလုံပြု၍ သူတို့စိတ်နှလုံးကို ခိုးလေ၏။
15:7 လေးနှစ်လွန်သောအခါ အဗရှလုံသည် ရှင်ဘုရင်ထံတော်သို့ ဝင်၍၊
15:8 ထာဝရဘုရားသည် အကျွန်ုပ်ကို တစ်ဖန်ယေရုရှလင်မြို့သို့ ဆောင်တော်မူလျှင်၊ ထာဝရဘုရားဝတ်ကို အကျွန်ုပ်ပြုပါမည်ဟု ကိုယ်တော်ကျွန်သည် ရှုရိပြည် ဂေရှုရမြို့၌နေသောအခါ သစ္စာကတိပြုပါပြီ။ သို့ဖြစ်၍ ကျွန်တော်သည် ထာဝရဘုရားအား သစ္စာကတိပြုသည်အတိုင်း၊ ဟေဗြုန်မြို့သို့သွား၍ သစ္စာဝတ်ကိုဖြေရမည်အကြောင်း အခွင့်ပေးတော်မူပါဟုလျှောက်လျှင်၊
15:9 ရှင်ဘုရင်က၊ ငြိမ်ဝပ်စွာသွားလော့ဟုမိန့်တော်မူ၏။ ထိုအခါ အဗရှလုံသည်ထ၍ ဟေဗြုန်မြို့သို့သွား၏။
15:10 သို့ရာတွင် လျှို့ဝှက်သောသူတို့ကို ဣသရေလအမျိုးအနွယ်ရှိသမျှသို့ အနှံ့အပြားစေလွှတ်သဖြင့်၊ သင်တို့သည် တံပိုးမှုတ်သံကိုကြားသောအခါ အဗရှလုံသည် ဟေဗြုန်မြို့၌ နန်းထိုင်တော်မူပြီဟု ပြောဆိုကြလော့ဟု မှာထားလေ၏။
15:11 အဗရှလုံခေါ်သော လူနှစ်ရာတို့သည် ယေရုရှလင်မြို့ထဲက ထွက်သွားကြ၏။ သူတို့သည် အဘယ်အမှုကိုမျှမသိဘဲ ကောင်းသောစိတ်နှင့် လိုက်ကြ၏။
15:12 ဒါဝိဒ်၏တိုင်ပင်မတ်၊ ဂိလောမြို့သား အဟိသောဖေလသည် မိမိနေရာဂိလောမြို့၌ ယဇ်ပူဇော်လျက်ရှိ၍ အဗရှလုံခေါ်လေ၏။ အဗရှလုံနောက်သို့ လိုက်သော သူတို့သည်တိုးပွားများပြားသဖြင့် ပုန်ကန်ခြင်းအမှုအားကြီးလေ၏။
15:13 သတင်းပြောသောသူတစ်ယောက်သည် ဒါဝိဒ်ထံသို့လာ၍၊ ဣသရေလအမျိုးသားတို့၏စိတ်နှလုံးသည် အဗရှလုံဘက်သို့ ပါသွားပါပြီဟု ကြားလျှောက်လေ၏။
15:14 ဒါဝိဒ်ကလည်း၊ ငါတို့သည် ထ၍ပြေးကြကုန်အံ့၊ မပြေးလျှင် အဗရှလုံလက်နှင့်မလွတ်၊ အလျင်အမြန် ထွက်ကြကုန်အံ့။ သို့မဟုတ်လျှင် သူသည် ချက်ချင်းတိုက်လာသဖြင့်၊ ငါတို့ကို ဘေးပြု၍ မြို့ကိုလည်း ဓားနှင့်လုပ်ကြံလိမ့်မည်ဟု ယေရုရှလင်မြို့တွင် အထံတော်၌ရှိသော ကျွန်အပေါင်းတို့အား မိန့်တော်မူ၏။
15:15 ရှင်ဘုရင်၏ ကျွန်တို့ကလည်း၊ အရှင်မင်းကြီး စီရင်တော်မူသမျှတို့ကို ကိုယ်တော်ကျွန်တို့သည် ပြုပါမည်ဟုလျှောက်ကြလျှင်၊
15:16 ရှင်ဘုရင်သည် နန်းတော်သားအပေါင်းတို့နှင့်တကွ ထွက်သွား၏။ သို့ရာတွင် နန်းတော်ကို စောင့်စေခြင်းငှာ၊ ကိုယ်လုပ်တော်မိန်းမတစ်ကျိပ်တို့ကို ထားခဲ့လေ၏။
15:17 ထိုသို့ရှင်ဘုရင်နှင့် ကိုယ်တော်၌ပါသောသူ အပေါင်းတို့သည် ထွက်သွား၍ ဗေသာမေရက်ရွာမှာ စခန်းချကြ၏။
15:18 ကျွန်တော်မျိုးအပေါင်းတို့သည် ခြံရံလျက်လိုက်ကြ၏။ ဂါသမြို့မှ လိုက်လာသောသူ ခြောက်ရာတည်းဟူသော ဂိတ္တိလူအပေါင်းနှင့် ခေရသိလူ၊ ပေလသိလူအပေါင်းသည် ရှေ့တော်၌ချီသွားကြ၏။
15:19 ထိုအခါ ရှင်ဘုရင်သည် ဂိတ္တိလူအိတ္တဲအားလည်း၊ ငါတို့နှင့် အဘယ်ကြောင့်လိုက်သနည်း။ ရှင်ဘုရင်ထံသို့ ပြန်၍နေလော့။ သင်သည် တစ်ပါးအမျိုးသား၊ နေရာမကျသောဧည့်သည်ဖြစ်၏။
15:20 မနေ့ကသာ ရောက်လာသည်ဖြစ်၍၊ ယနေ့ငါတို့နှင့်အတူ အရပ်ရပ်လှည့်လည်ရမည်လော။ ငါသည် သွားရသော အခွင့်ရှိသည်အတိုင်း သွားရသောကြောင့်၊ သင်သည် အမျိုးသားချင်းတို့ကိုခေါ်၍ ပြန်လော့။ ကရုဏာနှင့် သစ္စာရှိပါစေသောဟု မိန့်တော်မူ၏။
15:21 အိတ္တဲကလည်း၊ ထာဝရဘုရားအသက်၊ အရှင်မင်းကြီးအသက် ရှင်တော်မူသည်အတိုင်း၊ အကယ်၍ အရှင်မင်းကြီး အသက်တော်ဆုံးသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ၊ ရှိတော်မူရာအရပ်၌ ကိုယ်တော်ကျွန်ရှိပါလိမ့်မည်ဟု ရှင်ဘုရင်အား ပြန်လျှောက်သော်၊
15:22 ဒါဝိဒ်က၊ ချီသွားလော့ဟု အိတ္တဲအား မိန့်တော်မူသဖြင့်၊ ဂိတ္တိလူအိတ္တဲသည် မိမိ၌ပါသော လူကြီးလူငယ်အပေါင်းတို့နှင့်တကွ ချီသွားလေ၏။
15:23 ပြည်သူပြည်သားအပေါင်းတို့သည် ပြင်းစွာငိုကြွေးကြ၏။ နောက်တော်၌ လိုက်သောသူအပေါင်းတို့သည် ချီသွား၍၊ ရှင်ဘုရင်သည် ကိုယ်တော်တိုင် ကေဒြုန်ချောင်းကိုကူးလျှင်၊ လူအပေါင်းတို့သည်ကူး၍ တောလမ်းသို့ လိုက်သွားကြ၏။
15:24 ဇာဒုတ်နှင့် လေဝိလူအပေါင်းတို့သည်လည်း ဘုရားသခင်၏ ပဋိညာဉ်သေတ္တာတော်ကို ထမ်းလျက်ရောက်လာ၍ သေတ္တာတော်ကို ချထားကြ၏။ လူအပေါင်းတို့သည် မြို့ထဲကထွက်၍ မကုန်မီတိုင်အောင် အဗျာသာသည် ယဇ်ပူဇော်လျက်နေ၏။
15:25 ရှင်ဘုရင်သည် ဇာဒုတ်ကိုခေါ်၍၊ ဘုရားသခင်၏သေတ္တာတော်ကို မြို့ထဲသို့ပြန်ပို့လော့။ ထာဝရဘုရားသည် ငါ့ကို စိတ်တော်နှင့်တွေ့လျှင် ငါ့ကိုပို့ပြန်၍ သေတ္တာတော်ကိုလည်းကောင်း၊ ကျိန်းဝပ်တော်မူရာ အရပ်ကိုလည်းကောင်း ပြတော်မူမည်။
15:26 သို့မဟုတ် သင့်ကိုငါအလိုမရှိဟု ငါ့အားမိန့်တော်မူလျှင် ငါရှိပါ၏။ အလိုတော်ရှိသည်အတိုင်း ပြုတော်မူစေသတည်း ဟူ၍လည်းကောင်း၊
15:27 ယဇ်ပုရောဟိတ် ဇာဒုတ်အားလည်း သင်သည် ပရောဖက်ဖြစ်သည်မဟုတ်လော။ သင်၏သား အဟိမတ်နှင့် အဗျာသာ၏သား ယောနသန်၊ ထိုသားနှစ်ယောက်ကိုခေါ်၍ မြို့သို့ငြိမ်ဝပ်စွာ ပြန်သွားလော့။
15:28 သင်တို့ကြားလျှောက်စေသော စကားမရောက်မီ ငါသည်တောလွင်ပြင်၌ ဆိုင်းလင့်၍နေမည်ဟု မိန့်တော်မူသည်အတိုင်း၊
15:29 ဇာဒုတ်နှင့် အဗျာသာတို့သည် ဘုရားသခင်၏သေတ္တာတော်ကို ယေရုရှလင်မြို့သို့ ပြန်ပို့၍ ထိုမြို့၌နေကြ၏။
15:30 ဒါဝိဒ်သည်လည်း ငိုလျက်၊ ဦးခေါင်းကို ခြုံလျက်၊ ခြေနင်းကိုချွတ်လျက် သံလွင်တောင်ပေါ်သို့ တက်လေ၏။ နောက်တော်၌ လိုက်သောသူအပေါင်းတို့သည်လည်း ဦးခေါင်းကိုခြုံလျက် ငိုကြွေးလျက် တက်ကြ၏။
15:31 အဗရှလုံနှင့် ဝိုင်း၍ပုန်ကန်သော လူစုထဲမှာ၊ အဟိသောဖေလလည်းပါကြောင်းကို ဒါဝိဒ်သည်ကြားလျှင်၊ အိုထာဝရဘုရား၊ အဟိသောဖေလပေးသောအကြံကို မိုက်သောအကြံဖြစ်စေတော်မူပါဟု ဆုတောင်းလေ၏။
15:32 တောင်ပေါ်သို့ ရောက်သောအခါ ဒါဝိဒ်သည် ဘုရားသခင်ကိုကိုးကွယ်၏။ အာခိမြို့သားဟုရှဲသည်လည်း အင်္ကျီကိုဆုတ်လျက် ခေါင်းပေါ်မှာ မြေမှုန့်ကိုတင်လျက် ခရီးဦးကြိုပြုအံ့သောငှာ လာ၏။
15:33 ဒါဝိဒ်ကလည်း၊ သင်သည် ငါနှင့်အတူလိုက်လျှင် ငါ့ကိုနှောင့်ယှက်လိမ့်မည်။
15:34 မြို့သို့ပြန်၍ အဗရှလုံအား၊ အရှင်မင်းကြီး၊ ကျွန်တော်သည် ခမည်းတော်ထံ၌ ကျွန်ခံဖူးသည်နည်းတူ ကိုယ်တော်ထံ၌ကျွန်ခံပါမည်ဟု လျှောက်လျှင်၊ အဟိသောဖေလပေးသောအကြံကို ငါ့ဘက်မှာနေ၍ ဖျက်နိုင်လိမ့်မည်။
15:35 မြို့တွင် သင်နှင့်အတူ ယဇ်ပုရောဟိတ်ဇာဒုတ်နှင့် အဗျာသာတို့သည် ရှိကြသည်မဟုတ်လော။ သို့ဖြစ်၍ နန်းတော်၌ကြားသမျှကို ယဇ်ပုရောဟိတ်တို့အား ပြန်ပြောရမည်။
15:36 သူတို့၌ ဇာဒုတ်၏သား အဟိမတ်နှင့် အဗျာသာ၏သား ယောနသန်သားနှစ်ယောက် ရှိကြ၏။ ကြားနိုင်သမျှကို ထိုသားတို့တွင် ငါ့ထံသို့ ပေးလိုက်ရမည်ဟု မိန့်တော်မူသည်အတိုင်း၊
15:37 ဒါဝိဒ်၏အဆွေခင်ပွန်းဟုရှဲသည် မြို့သို့ပြန်သွား၏။ အဗရှလုံသည်လည်း ယေရုရှလင်မြို့သို့ ဝင်လေ၏။