2 Samuel 20
20:1 ထိုအခါ ဗင်္ယာမိန်အမျိုး ဗိခရိ၏သားရှေဘ အမည်ရှိသော အဓမ္မလူတစ်ယောက်ရှိ၏။ ထိုသူသည် တံပိုးမှုတ်၍၊ အိုဣသရေလ အမျိုး၊ ငါတို့သည် ဒါဝိဒ်၌တစ်ဖို့ကိုမျှ မဆိုင်။ ယေရှဲ၏သားကို အမွေမခံထိုက်။ လူအပေါင်းတို့၊ ကိုယ်နေရာသို့ သွားကြဟုဆိုသဖြင့်၊
20:2 ဣသရေလ အမျိုးသားအပေါင်းတို့သည် ဒါဝိဒ်ထံတော်မှထွက်၍ ဗိခရိသားရှေဘနောက်သို့ လိုက်ကြ၏။ ယုဒအမျိုးသားတို့မူကား၊ ယော်ဒန်မြစ်မှသည် ယေရုရှလင်မြို့တိုင်အောင် ရှင်ဘုရင်၌ ဆည်းကပ်ကြ၏။
20:3 ဒါဝိဒ်မင်းကြီးသည် ယေရုရှလင်မြို့ နန်းတော်သို့ ရောက်သောအခါ၊ နန်းတော်ကိုစောင့်စေခြင်းငှာ ထားခဲ့သော ကိုယ်လုပ်တော်တစ်ကျိပ်တို့ကိုယူ၍ လှောင်အိမ်၌ထား၏။ ထိုသူတို့ကို ကျွေးမွေးသော်လည်း မပေါင်းဖော်။ သူတို့သည် သေသည်တိုင်အောင် အချုပ်ခံ၍ မုဆိုးမကဲ့သို့ နေရကြ၏။
20:4 ရှင်ဘုရင်ကလည်း၊ သုံးရက်အတွင်းတွင် ယုဒလူတို့ကို စုဝေးစေပြီးလျှင်၊ ထိုသူတို့နှင့်အတူ ကိုယ်တိုင်လာရမည်ဟု အာမသအား မိန့်တော်မူ၏။
20:5 အာမသသည် သွား၍ ယုဒလူတို့ကို နှိုးဆော်သဖြင့်၊ ချိန်းချက်သောအချိန်ကို လွန်စေ၏။
20:6 ဒါဝိဒ်ကလည်း၊ အဗရှလုံပြုသည်ထက် ဗိခရိသားရှေဘသည် သာ၍ အပြစ်ပြုလိမ့်မည်။ သင့်သခင်၏ကျွန်တို့ကို ခေါ်၍ ထိုသူကိုလိုက်လော့။ သို့မဟုတ်သူသည် ခိုင်ခံ့သောမြို့ တစ်စုံတစ်မြို့ထဲသို့ဝင်၍ ငါတို့လက်မှ လွတ်လိမ့်မည်ဟု အဘိရှဲအား မိန့်တော်မူသည်အတိုင်း၊
20:7 အဘိရှဲနောက်မှာ ယွာဘ၏လူများနှင့် ခေရသိလူ၊ ပေလသိလူများမှစ၍ ခွန်အားကြီးသောသူအပေါင်းတို့သည် ဗိခရိသားရှေဘကို လိုက်အံ့သောငှာ ယေရုရှလင်မြို့မှ ထွက်သွားကြ၏။
20:8 ဂိဗောင်မြို့၌ရှိသော ကျောက်ကြီးသို့ ရောက်ကြသောအခါ၊ အာမသသည် သူတို့ရှေ့သို့ ချီသွားလေ၏။ ယွာဘသည် မိမိဝတ်သောအဝတ်ကို ခါး၌စည်းလျက်၊ ထိုခါးစည်းပေါ်မှာလည်း ဓားကိုအိမ်နှင့်တကွ ဆွဲလျက်ထား၏။ သွားစဉ်တွင် ဓားသည် လျှော၍ကျ၏။
20:9 ယွာဘကလည်း၊ မာ၏လားငါ့ညီဟု အာမသကိုမေး၍ နမ်းဟန်ဆောင်လျက် လက်ယာလက်နှင့် အာမသ၏မုတ်ဆိတ်ကို ကိုင်၏။
20:10 လက်ဝဲလက်၌ကိုင်သောဓားကို အာမသသည် သတိမပြုသောကြောင့်၊ ဝမ်းကိုထိုး၍ အအူကိုမြေပေါ်မှာချ၏။ ထပ်၍ မထိုးသော်လည်း အာမသသေလေ၏။ ယွာဘနှင့်ညီအဘိရှဲသည် ဗိခရိသားရှေဘကို လိုက်ကြ၏။
20:11 သူအနားမှာ ယွာဘ၏လူတစ်ယောက်သည်ရပ်၍ ယွာဘနှင့်ဒါဝိဒ်ဘက်၌ နေသောသူဖြစ်လျှင် ယွာဘနောက်သို့ လိုက်တော့ဟုဆို၏။
20:12 အာမသသည် လမ်းမအလယ်တွင် မိမိအသွေး၌ လူးလျက်ရှိ၏။ လမ်း၌ သွားလာသောသူ အပေါင်းတို့သည် ရပ်၍ နေကြသည်ကို ယွာဘ၏လူမြင်သောအခါ၊ အာမသကို လမ်းမကယူ၍ လယ်ပြင်သို့ရွှေ့ပြီးလျှင် အဝတ်နှင့်ဖုံးလေ၏။
20:13 ထိုသို့ လမ်းမကရွှေ့ပြီးမှ၊ လူအပေါင်းတို့သည် ယွာဘနှင့်အတူ ဗိခရိသားရှေဘကို လိုက်သွားကြ၏။
20:14 ယွာဘသည် ဗက်မာခပြည်၊ အာဗေလမြို့တိုင်အောင် ဣသရေလတိုင်းခရိုင် ရှိသမျှကို လျှောက်သွား၏။ ဗေရိလူအပေါင်းတို့သည်လည်း စုဝေး၍ ယွာဘနောက်သို့ လိုက်ကြ၏။
20:15 ရှေဘတည်းခိုသော ဗက်မာခပြည်၊ အာဗေလမြို့ကို ဝိုင်းထား၍၊ ပြင်မြို့ရိုးတစ်ဖက်တစ်ချက်၌ မြေရိုးကိုဖို့ကြ၏။ ယွာဘနှင့် သူ၏လူအပေါင်းတို့သည် မြို့ရိုးကို ဖြိုခြင်းငှာ ထိုးဖောက်ကြ၏။
20:16 ထိုအခါ ပညာရှိသော မိန်းမတစ်ယောက်သည် မြို့ထဲကဟစ်၍ ဆိုသည်ကား၊ နားထောင်ကြ၊ နားထောင်ကြ၊ ငါသည်ယွာဘနှင့် စကားပြောနိုင်မည်အကြောင်း ချဉ်းလာပါဟု ယွာဘအားလျှောက်ကြလော့ ဟုဆိုသည်အတိုင်း၊
20:17 ယွာဘသည် ချဉ်းလာသောအခါ မိန်းမက၊ သင်သည် ယွာဘဟုတ်သလောဟု မေးလျှင်၊ ငါဟုတ်သည်ဟု ဆိုသော်၊ မိန်းမက၊ ကိုယ်တော်ကျွန်မ၏ စကားကို နားထောင်တော်မူပါဟုဆို၏။ ယွာဘကလည်း၊ ငါနားထောင်လျက်နေသည်ဟု ဆိုသော်၊
20:18 မိန်းမက၊ အကယ်စင်စစ် အာဗေလမြို့မှာတိုင်ပင်၍ အမှုကိုဆုံးဖြတ်ပါလေစေဟု ရှေးကာလ၌ ဆိုတတ်ကြ၏။
20:19 ကျွန်မသည် ဣသရေလအမျိုး၌ အမှုမလုပ်ပါ။ သစ္စာစောင့်သောသူ ဖြစ်ပါ၏။ ကိုယ်တော်သည် မြို့တစ်မြို့တည်းဟူသော ဣသရေလအမျိုးတွင် အမိတစ်ယောက်ကို ဖျက်ဆီးခြင်းငှာ ရှာတော်မူ၏။ ထာဝရဘုရား၏အမွေတော်ကို မျိုခြင်းငှာ အဘယ်ကြောင့် အလိုရှိတော်မူသနည်းဟု လျှောက်လျှင်၊
20:20 ယွာဘက၊ မျိုခြင်းအမှု၊ ဖျက်ဆီးခြင်းအမှုသည် ငါနှင့်ဝေးပါစေသော။ ဝေးပါစေသော။
20:21 ထိုသို့မဟုတ်ပါ။ ဧဖရိမ်တောင်သားဖြစ်သော ဗိခရိ၏သား ရှေဘအမည်ရှိသော သူသည် ရှင်ဘုရင်ဒါဝိဒ်ကို ပုန်ကန်ပြီ။ ထိုသူကို အပ်လော့။ အပ်လျှင် ဤမြို့မှ ငါထွက်သွားမည်ဟု ပြောဆိုသော်၊ မိန်းမက၊ သူ၏ဦးခေါင်းကို ကိုယ်တော်ရှေ့သို့ ပစ်ချပါမည်ဟု ဆိုပြီးမှ၊
20:22 ထိုမိန်းမသည် ပညာရှိသည်အတိုင်း မြို့သားတို့ရှိရာသို့သွားပြီးလျှင်၊ သူတို့သည် ဗိခရိသားရှေဘ၏ ဦးခေါင်းကိုဖြတ်၍ ယွာဘရှေ့သို့ ပစ်ချကြ၏။ ယွာဘသည်လည်း တံပိုးမှုတ်သဖြင့်၊ လူများတို့သည် ထိုမြို့မှ မိမိတို့နေရာသို့ ပြန်သွားကြ၏။ ယွာဘသည်လည်း ယေရုရှလင်မြို့၊ ရှင်ဘုရင်ထံတော်သို့ ပြန်သွား၏။
20:23 ယွာဘသည် ဣသရေလတပ်သားအပေါင်းတို့ကိုအုပ်သော ဗိုလ်ချုပ်မင်းဖြစ်၏။ ယောယဒသား ဗေနာယသည် ခေရသိလူနှင့် ပေလသိလူတို့ကို အုပ်ရ၏။
20:24 အဒေါနိရံသည် အခွန်တော်ဝန်ဖြစ်၏။ အဟိလုပ်သား ယောရှဖတ်သည် အတွင်းဝန်ဖြစ်၏။
20:25 ရှေဝသည် စာရေးတော်ကြီးဖြစ်၏။ ဇာဒုတ်နှင့် အဗျာသာသည် ယဇ်ပုရောဟိတ်ဖြစ်၏။
20:26 ယာဣရမြို့သား ဣရသည်နန်းတော်အုပ်ဖြစ်၏။