2 Samuel 21
21:1 ထိုနောက် ဒါဝိဒ်လက်ထက်၌ သုံးနှစ်ပတ်လုံး အစာအာဟာရ ခေါင်းပါးခြင်းဖြစ်၍၊ ဒါဝိဒ်သည် ထာဝရဘုရားကို မေးလျှောက်လျှင်၊ ထာဝရဘုရားက၊ ဂိဗောင်လူတို့ကို သတ်သောရှောလုနှင့် လူအသက်ကိုသတ်တတ်သော ရှောလုအမျိုးကြောင့် ဤအမှုရောက်လေပြီဟု မိန့်တော်မူ၏။
21:2 ဂိဗောင်လူတို့သည် ဣသရေလအမျိုးအဝင်မဟုတ်၊ ကျန်ကြွင်းသော အာမောရိအမျိုး ဖြစ်ကြ၏။ ဣသရေလအမျိုးတို့သည် သူတို့အား သစ္စာကတိထားကြသော်လည်း၊ ရှောလုသည် ဣသရေလအမျိုးနှင့် ယုဒအမျိုး၏အကျိုးကို စောင့်ရှောက်၍ သူတို့ကိုသတ်မည်ဟု အားထုတ်သတည်း။
21:3 ထိုအခါ ရှင်ဘုရင်သည် ဂိဗောင်လူတို့ကို ခေါ်၍၊ သင်တို့အဖို့ အဘယ်သို့ပြုရမည်နည်း။ သင်တို့သည် ထာဝရဘုရား၏ အမွေတော်ကို ကောင်းချီးပေးစေခြင်းငှာ အဘယ်သို့ အပြစ်ဖြေရမည်နည်းဟု မေးလျှင်၊
21:4 ဂိဗောင်လူတို့က၊ ကျွန်တော်တို့သည် ရှောလုနှင့် သူ၏အမျိုး၌ ရွှေငွေကိုမတောင်းပါ။ ကျွန်တော်တို့အတွက် ဣသရေလအမျိုးသား တစ်စုံတစ်ယောက်ကိုမျှ ကိုယ်တော်သည် မသတ်ရဟု ပြန်လျှောက်ကြသော်၊ သင်တို့ တောင်းသည်အတိုင်း ငါပြုမည်ဟု မိန့်တော်မူ၏။
21:5 သူတို့ကလည်း၊ ကျွန်တော်တို့ကို ညှဉ်းဆဲ၍ ဣသရေလနိုင်ငံအတွင်း၌ အလျှင်းမနေရမည်အကြောင်း သုတ်သင်ပယ်ရှင်းခြင်းငှာ ကြိုးစားသောသူ၏-
21:6 သားခုနစ်ယောက်တို့ကို ကျွန်တော်တို့လက်သို့အပ်တော်မူပါ။ ထာဝရဘုရားရွေးချယ်တော်မူသော ရှောလုနေရာဂိဗာမြို့၌ ထိုသူတို့ကို ကျွန်တော်တို့သည် ထာဝရဘုရားအဖို့ဆွဲထားပါမည်ဟု လျှောက်သော်၊ ရှင်ဘုရင်က ငါအပ်မည်ဟု မိန့်တော်မူ၏။
21:7 သို့သော်လည်း ဒါဝိဒ်နှင့်ရှောလု၏သားယောနသန်တို့သည် ထာဝရဘုရားရှေ့တော်၌ တစ်ယောက်နှင့်တစ်ယောက် သစ္စာကတိထားသောကြောင့်၊ ရှင်ဘုရင်သည် ရှောလု၏သားယောနသန်မြင်သော မေဖိဗောရှက်ကို နှမြောတော်မူ၏။
21:8 သို့ဖြစ်၍ ရှင်ဘုရင်သည် အဲအာသမီးရိဇပဖွားမြင်သော ရှောလု၏သား အာမောနိနှင့် မေဖိဗောရှက်နှစ်ယောက်မှစ၍၊ ရှောလု၏သမီးမေရပ်တွင် မေဟောလသိအမျိုး ဗာဇိလဲ၏သားအဒြေလမြင်သော သားငါးယောက်တို့ကိုယူ၍၊
21:9 ဂိဗောင်လူတို့လက်သို့အပ်သဖြင့်၊ သူတို့သည် တောင်ပေါ်တွင် ထာဝရဘုရားရှေ့တော်၌ဆွဲထား၍၊ ထိုသူခုနစ်ယောက်တို့သည် မုယောစပါးရိတ်စကာလ၊ တစ်နေ့ချင်းတွင် အသေသတ်ခြင်းကိုခံရ၍ တစ်ပြိုင်နက်သေကြ၏။
21:10 အဲအာသမီးရိဇပသည် စပါးရိတ်စကာလမှစ၍ မိုးမရွာမီတိုင်အောင် လျှော်တေကိုယူ၍ ကျောက်ပေါ်မှာ အိပ်စရာဖို့ခင်းလျက်၊ နေ့အချိန်တွင် အလောင်းကောင်အပေါ်၌ ငှက်မနား၊ ညအချိန်တွင် သားရဲမကိုက်စေခြင်းငှာ စောင့်ရှောက်လျက်နေ၏။
21:11 ရှောလု၏ကိုယ်လုပ်တော် အဲအာသမီး ရိဇပပြုသောအမှုကို ဒါဝိဒ်သည် ကြားသောအခါ၊
21:12 ဖိလိတ္တိလူတို့သည် ဂိလဗောတောင်၌ ရှောလုကိုသတ်၍၊ အလောင်းတော်ကိုဆွဲထားရာ ဗက်ရှမ်လမ်းမှ ခိုးသွားသော ဂိလဒ်ပြည် ယာဗက်မြို့သူမြို့သားတို့ရှိရာသို့ ရှင်ဘုရင်သွား၍၊ ရှောလုအရိုးနှင့် သားတော်ယောနသန်အရိုးတို့ကိုယူ၍၊
21:13 ထိုအရပ်မှဆောင်သွားသဖြင့်၊ ဆွဲထားသော သူတို့၏အရိုးများကိုလည်း စုသိမ်းပြီးလျှင်၊
21:14 ဗင်္ယာမိန်ပြည်၊ ဇေလရွာ၊ ရှောလုအဘကိရှ၏သင်္ချိုင်း၌သင်္ဂြိုဟ်၍၊ ရှင်ဘုရင်မှာထားသမျှအတိုင်း ပြုကြပြီးသည်နောက်၊ နိုင်ငံတော်အဖို့ ဆုတောင်းသောစကားကို ဘုရားသခင်နားထောင်တော်မူ၏။
21:15 နောက်တစ်ဖန် ဖိလိတ္တိလူတို့သည် ဣသရေလအမျိုးသားတို့ကိုစစ်တိုက်၍၊ ဒါဝိဒ်နှင့် သူ၏ကျွန်တို့သည် ဆီးကြို၍ တိုက်လှန်ကြစဉ်၊ ဒါဝိဒ်သည် မောပန်းလျက်နေလေ၏။
21:16 ရေဖိမ်အမျိုး ဣရှဗိဗေနုပ်သည် အချိန်သုံးပိဿာရှိသော ကြေးဝါလှံကိုကိုင်၍၊ အသစ်သော စစ်တန်ဆာကို ဝတ်ဆင်လျက် ဒါဝိဒ်ကို သတ်မည်ဟုကြံလေ၏။
21:17 ဇေရုယာသားအဘိရှဲသည် ကူညီ၍ ဖိလိတ္တိလူကို တိုက်သတ်လေ၏။ ထိုအခါ ဒါဝိဒ်၏ လူတို့က၊ ဣသရေလအလင်းကွယ်မည်ဟု စိုးရိမ်စရာရှိသောကြောင့်၊ ကိုယ်တော်သည် ကျွန်တော်တို့နှင့်အတူ နောက်တစ်ဖန် စစ်ချီကြွတော်မမူရာဟု ကျိန်ဆိုလျက် လျှောက်ကြ၏။
21:18 နောက်တစ်ဖန် ဂေါဘမြို့မှာ ဖိလိတ္တိလူတို့ကို စစ်တိုက်ကြစဉ်၊ ဟုရှသိလူသိဗေခဲသည် ရေဖိမ်အမျိုးသာဖကို သတ်လေ၏။
21:19 နောက်တစ်ဖန် ဂေါဘမြို့မှာ ဖိလိတ္တိလူတို့ကို စစ်တိုက်ကြစဉ်၊ ဗက်လင်မြို့သားဖြစ်သော ယဣရ၏သား ဧလဟာနန်သည် ရက်ကန်းလက်လိပ်နှင့်အမျှ ကြီးသောလှံရိုးကိုသုံးစွဲသော ဂိတ္တိအမျိုး ဂေါလျတ်၏ညီလာခမိကို သတ်လေ၏။
21:20 နောက်တစ်ဖန် ဂါသမြို့မှစစ်တိုက်ကြစဉ်၊ အရပ်မြင့်၍ လက်တစ်ဖက်၌ လက်ခြောက်ချောင်းစီ၊ ခြေတစ်ဖက်၌ ခြေခြောက်ချောင်းစီ၊ ပေါင်းနှစ်ဆယ်လေးချောင်းရှိသော ရေဖိမ်အမျိုးသားတစ်ယောက်သည်၊
21:21 ဣသရေလအမျိုးကို ကြိမ်းပသောအခါ၊ ဒါဝိဒ်အစ်ကို ရှိမာ၏သားယောနသန်သည် ထိုသူကို သတ်လေ၏။
21:22 ထိုသူလေးယောက်တို့သည် ဂါသမြို့၌နေသော ရေဖိမ်လူကြီး၏သားဖြစ်၍၊ ဒါဝိဒ်နှင့် သူ၏ကျွန်တို့လက်ဖြင့် သေကြ၏။