2 Samuel 24
24:1 နောက်တစ်ဖန် ထာဝရဘုရားသည် ဣသရေလအမျိုးကို အမျက်ထွက်တော်မူလျှင်၊ စာတန်သည် ရန်ဘက်ပြု၍ ဣသရေလလူနှင့် ယုဒလူတို့ကို ရေတွက်စေခြင်းငှာ ဒါဝိဒ်ကိုတိုက်တွန်းလေ၏။
24:2 ရှင်ဘုရင်ကလည်း၊ လူပေါင်းမည်မျှရှိသည်ကို ငါသိမည်အကြောင်း၊ ဒန်မြို့မှသည် ဗေရရှေဘမြို့တိုင်အောင် ဣသရေလခရိုင်ရှိသမျှတို့ကို လျှောက်သွား၍၊ လူတို့ကိုရေတွက်လော့ဟု အထံတော်၌ရှိသော ဗိုလ်ချုပ်မင်းယွာဘအား မိန့်တော်မူ၏။
24:3 ယွာဘကလည်း၊ ကိုယ်တော်၏ဘုရားသခင် ထာဝရဘုရားသည် လူတို့ကိုထပ်၍ အဆတစ်ရာ တိုးပွားစေသဖြင့်၊ ကျွန်တော်သခင် အရှင်မင်းကြီးမြင်မည်အကြောင်း ပြုတော်မူပါစေသော။ သို့ရာတွင် ကျွန်တော်သခင် အရှင်မင်းကြီးသည် ဤအမှုကို အဘယ်ကြောင့် နှစ်သက်တော်မူသနည်းဟု ရှင်ဘုရင်အားလျှောက်လေ၏။
24:4 သို့သော်လည်း အမိန့်တော်သည် ယွာဘစကားနှင့် ဗိုလ်များစကားကိုနိုင်သဖြင့်၊ ယွာဘနှင့် ဗိုလ်များတို့သည် လူတို့ကိုရေတွက်အံ့သောငှာ အထံတော်မှ ထွက်သွားကြ၏။
24:5 ယော်ဒန်မြစ်ကိုကူး၍ ဂဒ်ချိုင့်၌ရှိသော အာရော်မြို့အရှေ့ဘက်၊ ယာဇာမြို့အနားမှာ တပ်ချကြ၏။
24:6 ဂိလဒ်ပြည်၊ နောက်သိမ်းသောပြည်၊ ဒန်ယန်ပြည်တို့ကို လွန်ပြီးမှ ဇိဒုန်ပြည်သို့ဝိုင်းသွား၍၊
24:7 တုရုရဲတိုက်သို့လည်းကောင်း၊ ဟိဝိမြို့များ၊ ခါနာနိမြို့များ အလုံးစုံတို့သို့လည်းကောင်း ရောက်၍၊ ယုဒပြည်တောင်ပိုင်း၊ ဗေရရှေဘမြို့၌ လက်စသတ်ကြ၏။
24:8 ထိုသို့ တစ်ပြည်လုံးလျှောက်သွား၍ ကိုးလနှင့်အရက်နှစ်ဆယ်လွန်မှ ယေရုရှလင်မြို့သို့ ရောက်ကြ၏။
24:9 ယွာဘသည်လည်း လူပေါင်းစာရင်းကို ရှင်ဘုရင်အားဆက်၍၊ ဣသရေလအမျိုး၌ ဓားကိုင်သူရဲ ရှစ်သိန်း၊ ယုဒအမျိုး၌ ငါးသိန်း ရှိကြ၏။
24:10 ဒါဝိဒ်သည် လူတို့ကိုရေတွက်ပြီးမှ နောင်တရ၍၊ အကျွန်ုပ်ပြုမိသောအမှု၌ အလွန်ပြစ်မှားပါပြီ။ အိုထာဝရဘုရား၊ ကိုယ်တော်ကျွန်၏အပြစ်ကို ဖြေရှင်းတော်မူပါ။ အကျွန်ုပ်သည် အလွန်မိုက်သောအမှုကို ပြုမိပါပြီဟု ထာဝရဘုရားအား တောင်းပန်လေ၏။
24:11 ဒါဝိဒ်သည် နံနက်အချိန်၌ထသောအခါ၊ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ဒါဝိဒ်၏ပရောဖက်ဂဒ်သို့ရောက်လာ၍၊
24:12 ဒါဝိဒ်ထံသို့ သွားလော့။ အရာသုံးပါးကိုသင့်အား ငါပြ၏။ သင်၌ ငါပြုစရာဖို့ တစ်ပါးပါးကိုရွေးရမည်ဟု ထာဝရဘုရား၏အမိန့်တော်ကို ဆင့်ဆိုလော့ဟု မိန့်တော်မူသည်အတိုင်း၊
24:13 ဂဒ်သည် ဒါဝိဒ်ထံသို့သွား၍၊ ပြည်တော်၌ သုံးနှစ်ပတ်လုံး အစာအာဟာရ ခေါင်းပါးစေရမည်လော။ သို့မဟုတ် ရန်သူတို့သည် သုံးလပတ်လုံးလိုက်၍ ကိုယ်တော်ပြေးတော်မူရမည်လော။ သို့မဟုတ် ပြည်တော်၌ သုံးရက်ပတ်လုံး ကာလနာရောက်စေရမည်လော။ အကျွန်ုပ်ကို စေလွှတ်တော်မူသောသူအား အကျွန်ုပ်သည် အဘယ်သို့ပြန်လျှောက်ရမည်ကို စဉ်းစားဆင်ခြင်တော်မူပါဟု လျှောက်လေ၏။
24:14 ဒါဝိဒ်ကလည်း၊ ငါသည် ကျဉ်းမြောင်းရာသို့ ရောက်လေပြီတကား။ ထာဝရဘုရား၏လက်တော်သို့ ရောက်ပါစေ။ ကရုဏတော် ကြီးလှ၏။ လူလက်သို့ မရောက်ပါစေနှင့်ဟု ဂဒ်အားပြန်ပြော၏။
24:15 ထိုနေ့နံနက်မှစ၍ ချိန်းချက်သောအချိန်တိုင်အောင် ထာဝရဘုရားသည် ဣသရေလအမျိုး၌ ကာလနာကို လွှတ်လိုက်တော်မူ၍၊ ဒန်မြို့မှသည် ဗေရရှေဘမြို့တိုင်အောင် လူခုနစ်သောင်းသေကြ၏။
24:16 ကောင်းကင်တမန်သည် ယေရုရှလင်မြို့ကိုဖျက်ဆီးမည်ဟု လက်ကိုဆန့်သောအခါ၊ ထာဝရဘုရားသည် ထိုဘေးကြောင့် နောင်တရတော်မူ၍၊ တန်ပြီ။ သင့်လက်ကို ရုပ်သိမ်းလော့ဟု လူတို့ကိုဖျက်ဆီးသော ကောင်းကင်တမန်အား မိန့်တော်မူ၏။ ထိုအခါ ထာဝရဘုရား၏ကောင်းကင်တမန်သည် ယေဗုသိလူ အရောန၏ကောက်နယ်တလင်းအနားမှာ ရှိ၏။
24:17 လူတို့ကို ဒဏ်ခတ်သော ကောင်းကင်တမန်ကို ဒါဝိဒ်သည်မြင်သောအခါ၊ အကျွန်ုပ်ပြစ်မှားပါပြီ။ ဒုစရိုက်ကို ပြုမိပါပြီ။ ဤသိုးတို့မူကား အဘယ်သို့ပြုမိပါသနည်း။ လက်တော်သည် အကျွန်ုပ်နှင့် အကျွန်ုပ်အဆွေအမျိုး၌ ရောက်စေတော်မူပါဟု ထာဝရဘုရားအား တောင်းပန်လေ၏။
24:18 ထိုနေ့ချင်းတွင် ဂဒ်သည် ဒါဝိဒ်ထံသို့လာ၍၊ ကိုယ်တော်ကြွပါ။ ယေဗုသိလူအရောန၏ကောက်နယ်တလင်း၌ ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကို တည်ရမည်ဟု၊
24:19 ထာဝရဘုရား၏အမိန့်တော်ကို ဆင့်ဆိုသည်အတိုင်း ဒါဝိဒ်သည် သွားလေ၏။
24:20 ထိုသို့ရှင်ဘုရင်သည် အခြံအရံတော်နှင့်တကွ ကြွလာသည်ကို အရောနသည် ကြည့်၍မြင်လျှင်၊ ပြင်သို့ထွက်၍ ရှင်ဘုရင်ရှေ့တော်၌ ဦးချပျပ်ဝပ်လျက်၊
24:21 ကျွန်တော်သခင် အရှင်မင်းကြီးသည် ကိုယ်တော်ကျွန်ရှိရာသို့ အဘယ်ကြောင့် ကြွလာတော်မူသနည်းဟု မေးလျှောက်လျှင်၊ ဒါဝိဒ်က၊ လူတို့တွင် ကာလနာဘေးကိုငြိမ်းစေမည်အကြောင်း ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုတည်လို၍၊ သင်၏ကောက်နယ်တလင်းကို ဝယ်အံ့သောငှာလာသည်ဟု အမိန့်ရှိသော်၊
24:22 အရောနက၊ ကျွန်တော်သခင် အရှင်မင်းကြီးသည် စိတ်တော်ရှိသည်အတိုင်း ယူ၍ပူဇော်တော်မူပါ။ မီးရှို့ရာယဇ်ဖို့ နွားများရှိပါ၏။ ထင်းဖို့ ကောက်နယ်တန်ဆာ၊ နွားနှင့်ဆိုင်သောတန်ဆာများ ရှိပါ၏ဟု ဒါဝိဒ်အားလျှောက်လျက်၊
24:23 အလုံးစုံတို့ကို ရှင်ဘုရင်အား ဆက်၍၊ ကိုယ်တော်၏ ဘုရားသခင်ထာဝရဘုရားသည် ကိုယ်တော်ကို လက်ခံတော်မူပါစေသောဟု လျှောက်လေ၏။
24:24 ရှင်ဘုရင်ကလည်း၊ ထိုသို့ငါမယူရ။ စင်စစ် အဖိုးပေး၍ ငါဝယ်မည်။ ကိုယ်ငွေမကုန်ဘဲငါ၏ ဘုရားသခင် ထာဝရဘုရားအား မီးရှို့ရာယဇ်ကို ငါမပူဇော်လိုဟု အရောနအားဆိုသဖြင့်၊ ငွေအကျပ်ငါးဆယ်ကိုပေး၍၊ ထိုကောက်နယ်တလင်းနှင့် နွားတို့ကိုဝယ်ပြီးမှ၊
24:25 ထိုအရပ်၌ ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုတည်၍ မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို ပူဇော်လေ၏။ ထာဝရဘုရားသည်လည်း၊ ဣသရေလပြည်အဖို့ ဆုတောင်းသောစကားကို နားထောင်၍ ကာလနာဘေးကို ငြိမ်းစေတော်မူ၏။ ဓမ္မရာဇဝင်ဒုတိယစောင်ပြီး၏။