2 Samuel 23
23:1 ဒါဝိဒ်မြွက်ဆိုသော နောက်ဆုံးစကားတည်းဟူသော၊ ယာကုပ်အမျိုး၏ဘုရားသခင့်အခွင့်နှင့် ဘိသိက်ခံရ၍ ဘုန်းကြီးသောသူ၊ ဣသရေလအမျိုး၌ ချိုမြိန်စွာသီချင်းဆိုသော ယေရှဲ၏သား ဒါဝိဒ်မြွက်ဆိုသော ပရောဖက်စကားဟူမူကား၊
23:2 ထာဝရဘုရား၏ ဝိညာဉ်တော်သည် ငါ့အားဖြင့် မိန့်တော်မူ၏။ နှုတ်ကပတ်တော်သည် ငါ့လျှာ၌တည်၏။
23:3 ဣသရေလအမျိုး၏ဘုရားသခင်၊ ဣသရေလအမျိုး၏ ကျောက်သည် ငါ့အားဖြင့် မိန့်မြွက်တော်မူသည်ကား၊ လူတို့ကို အုပ်စိုးသောသူသည် တရားသဖြင့်စီရင်၍ ဘုရားသခင်ကို ကြောက်ရွံ့လျက် အုပ်စိုးရမည်။
23:4 မိုးမအုံ့၊ နေထွက်သော နံနက်အလင်းကဲ့သို့လည်းကောင်း၊ မိုးရွာပြီးမှ နေပေါ်ထွန်းသဖြင့် မြေ၌ပေါက်သော မြက်နုကဲ့သို့လည်းကောင်း ဖြစ်ရလိမ့်မည်။
23:5 ငါ့အမျိုးအနွယ်သည် ဘုရားသခင်ရှေ့တော်၌ မြဲမြံသည်မဟုတ်လော။ သေချာစွာစီရင်၍ မပျက်နိုင်သော နိစ္စထာဝရပဋိညာဉ်ကို ငါနှင့်ဖွဲ့တော်မူပြီ။ ထိုပဋိညာဉ်သည် ချက်ချင်းမပြည့်စုံသော်လည်း၊ ငါ့ကို ကယ်တင်ရာအကြောင်း၊ ငါအားရနှစ်သက်ရာအကြောင်း ဖြစ်၏။
23:6 အဓမ္မလူအပေါင်းတို့မူကား လက်နှင့်မကိုင်သာ၊ ပယ်ရှားရသော ဆူးပင်ကဲ့သို့ ဖြစ်ရကြလိမ့်မည်။
23:7 ပယ်ရှားသောသူသည် သံချပ်အင်္ကျီနှင့် လှံတံကို သုံးဆောင်သဖြင့်၊ ဆူးပင်ပေါက်သောအရပ်၌ပင် ရှင်းရှင်းမီးရှို့ရသတည်း။
23:8 ဒါဝိဒ်၏ အမှုတော်ထမ်းသူရဲကြီးတို့၏အမည်များဟူမူကား၊ ဟပ္ပေါနိအမျိုး ယာရှောဘံသည် ဗိုလ်ချုပ်ဖြစ်၏။ ထိုသူသည် လှံကိုကိုင်လျက် လူသုံးရာကို တစ်ခါတည်းတိုက်၍ လုပ်ကြံလေ၏။
23:9 သူနောက်မှာ အဟောဟိအမျိုး ဒေါဒေါသားဧလာဇာသည် ဒါဝိဒ်နှင့်အတူလိုက်သော သူရဲသုံးယောက်အဝင် ဖြစ်၏။ စစ်တိုက်ခြင်းငှာစုဝေးသော ဖိလိတ္တိလူတို့ကို ကြိမ်းပ၍ ဣသရေလလူတို့သည် ဆုတ်သွားသောအခါ၊
23:10 ထိုသူသည် လက်ညောင်း၍ ဓား၌မှီလျက်နေရသည်တိုင်အောင် ထ၍ ဖိလိတ္တိလူတို့ကို လုပ်ကြံသဖြင့်၊ ထာဝရဘုရားသည် ထိုနေ့၌ ကြီးစွာသော အောင်မြင်ခြင်းကို ပြုတော်မူ၍၊ သူတို့သည် ရန်သူတို့၏ဥစ္စာကို လုယူခြင်းငှာသာ ပြန်လာကြ၏။
23:11 သူ့နောက်မှာ ဟရရိအမျိုး အာဂိ၏သားရှမ္မသည်ရှိ၏။ ဖိလိတ္တိလူတို့သည် ပြောင်းစပါးစိုက်သောလယ်ကွက်၌ စုဝေး၍၊ ဣသရေလလူတို့သည် ပြေးကြသောအခါ၊
23:12 ထိုသူသည် လယ်ကွက်အလယ်၌ရပ်၍ စောင့်မလျက် ဖိလိတ္တိလူတို့ကိုလုပ်ကြံသဖြင့်၊ ထာဝရဘုရားသည် ကြီးစွာသောအောင်ခြင်းကို ပြုတော်မူ၏။
23:13 ဗိုလ်စုအဝင်သုံးယောက်တို့သည် စပါးရိတ်ရာကာလ၌၊ ဒါဝိဒ်ရှိရာ အဒုလံဥမင်သို့ ဆင်းသွား၍၊ ဖိလိတ္တိလူတို့သည် ရေဖိမ်ချိုင့်၌ တပ်ချလျက်ရှိကြ၏။
23:14 ထိုအခါ ဒါဝိဒ်သည် ရဲတိုက်တွင်နေ၍၊ ဖိလိတ္တိလူတို့သည် ဗက်လင်မြို့၌ တပ်ချကြ၏။
23:15 ဒါဝိဒ်ကလည်း၊ တစ်စုံတစ်ယောက်သောသူသည် ဗက်လင်မြို့တံခါးနားမှာရှိသော ရေတွင်းထဲကရေကို ခပ်၍ ငါ့အားပေးပါစေသောဟု တောင့်တသောစိတ်နှင့် ဆိုသော်၊
23:16 ထိုသူရဲသုံးယောက်တို့သည် ဖိလိတ္တိတပ်ကိုဖျက်၍ ဗက်လင်မြို့ တံခါးနားမှာရှိသော ရေတွင်းထဲကရေကိုခပ်ယူပြီးလျှင် ဒါဝိဒ်ထံတော်သို့ ဆောင်ခဲ့ကြ၏။ သို့သော်လည်း၊ ဒါဝိဒ်သည်မသောက်ဘဲ ထာဝရဘုရားရှေ့တော်၌သွန်းလျက်၊
23:17 အိုထာဝရဘုရား၊ ဤရေကို သောက်သောအမှုသည် အကျွန်ုပ်နှင့်ဝေးပါစေသော။ ဤရေသည် ကိုယ်အသက်ကိုမနှမြောဘဲ သွားသောသူတို့၏ အသွေး ဖြစ်ပါသည်မဟုတ်ပါလောဟု လျှောက်၍ မသောက်ဘဲနေ၏။ ထိုသူရဲသုံးယောက်တို့သည် ထိုသို့သောအမှုတို့ကို ပြုကြ၏။
23:18 ဇေရုယာသား ယွာဘညီအဘိရှဲသည်လည်း သူရဲသုံးယောက်တွင် အကြီးဖြစ်၏။ သူသည် လှံကိုကိုင်၍ လူသုံးရာတို့ကို တိုက်ဖျက်လုပ်ကြံသောကြောင့်၊ သူရဲသုံးယောက်အဝင် နေရာရသတည်း။
23:19 သူရဲသုံးယောက်တွင် အမြတ်ဆုံးဖြစ်သည် မဟုတ်လော။ ထိုကြောင့် ဗိုလ်ချုပ်အရာကိုရ၏။ သို့သော်လည်း ပထမသူရဲသုံးယောက်တို့ကို မမီ။
23:20 အထူးသဖြင့် ပြုဖူးသော ကပ်ဇေလမြို့သား သူရဲယောယဒ၏သား ဗေနာယသည်လည်း ခြင်္သေ့နှင့်တူသော မောဘလူနှစ်ယောက်ကို သတ်၏။ ဆောင်းကာလ၌လည်း အခြားသို့သွား၍ မြေတွင်း၌ရှိသော ခြင်္သေ့ကို သတ်၏။
23:21 ထူးခြားသောအဲဂုတ္တုလူကိုလည်း သတ်၏။ အဲဂုတ္တုလူသည် လှံကိုကိုင်သော်လည်း၊ ဗေနာယသည် တောင်ဝှေးကိုသာကိုင်လျက်သွား၍ အဲဂုတ္တုလူလက်မှ လှံကိုလုယူပြီးလျှင်၊ ထိုလှံနှင့် သူ့ကိုသတ်၏။
23:22 ထိုသို့သောအမှုတို့ကို ယောယဒသားဗေနာယပြု၍ သူရဲသုံးယောက်အဝင်နေရာကို ရ၏။
23:23 ဗိုလ်များထက်သာ၍ မြတ်သော်လည်း၊ ပထမသူရဲသုံးယောက်တို့ကို မမီ။ ဒါဝိဒ်သည် အတွင်းဝန်ချုပ်အရာကိုလည်း ပေး၏။
23:24 ယွာဘညီ အာသဟေလသည်လည်း ဗိုလ်စုအဝင်ဖြစ်၏။ ထိုအတူ ဗက်လင်မြို့နေ၊ ဒေါဒေါ၏သား ဧလဟာနန်၊
23:25 ဟရောဒိအမျိုး ရှမ္မ၊ ဟရောဒိအမျိုး ဧလိက၊
23:26 ဖာလတိအမျိုး ဟေလက်၊ တေကောအမျိုး ဣကေရှ၏သားဣရ၊
23:27 အနေသောသိအမျိုး အဗျေဇာ၊ ဟုရှသိအမျိုး မေဗုန္နဲ၊
23:28 အဟောဟိအမျိုး ဇာလမုန်၊ နေတောဖာသိအမျိုး မဟာရဲ၊
23:29 နေတောဖာသိအမျိုး ဗာနာသားဟေလက်၊ ဗင်္ယာမိန်အမျိုး ဂိဗာမြို့နေ၊ ရိဘဲ၏သားအိတ္တဲ၊
23:30 ပိရသောနိအမျိုး ဗေနာယ၊ ဂါရှချိုင့်သား ဟိဒ္ဒဲ၊
23:31 အာဗသိအမျိုး အဗျာလဗုန်၊ ဗာဟုမိအမျိုး အာဇမာဝက်၊
23:32 ရှာလဗောနိအမျိုး ဧလျာဘ၊ ယာရှင်၏သားတို့တွင် ယောနသန်၊
23:33 ဟာရရိအမျိုး ရှမ္မ၊ ဟာရရိအမျိုး ရှာရ၏သားအဟိအံ၊
23:34 မာခါသိအမျိုး အဟသဘဲ၏သား ဧလိဖလက်၊ ဂိလောနိအမျိုး အဟိသောဖေလ၏သား ဧလျံ၊
23:35 ကရမေလအမျိုး ဟေဇရဲ၊ အာဘိအမျိုး ဖာရဲ၊
23:36 ဇောဘအမျိုး နာသန်၏သားဣဂါလ၊ ဂဒ်အမျိုးဗာနိ၊
23:37 အမ္မုန်အမျိုး ဇေလက်၊ ဇေရုယာ၏သား ယွာဘ၏လက်နက်ဆောင်လုလင် ဗေရောသိအမျိုး နဟာရဲ၊
23:38 ဣသရိအမျိုး ဣရ၊ ဣသရိအမျိုး ဂါရက်၊
23:39 ဟိတ္တိအမျိုး ဥရိယ၊ ပေါင်းသုံးဆယ်ခုနစ်ယောက်တည်း။