2 Samuel 4
4:1 အာဗနာသည် ဟေဗြုန်မြို့၌ သေကြောင်းကို ရှောလု၏သားသည်ကြားသော် အားလျော့၏။ ဣသရေလလူ အပေါင်းတို့သည် ပူပန်သောစိတ်ရှိကြ၏။
4:2 ရှောလု၏သား၌ဗာနာနှင့် ရေခပ်အမည်ရှိသောသူတည်းဟူသော တပ်မှူးနှစ်ယောက်ရှိ၏။ သူတို့သည် ဗင်္ယာမိန်အမျိုး ဗေရောသိအနွယ် ရိမ္မုန်၏သားဖြစ်ကြ၏။ ဗေရုတ်မြို့သည် ဗင်္ယာမိန်ခရိုင်အဝင်ဖြစ်သော်လည်း၊
4:3 ဗေရောသိလူတို့သည် ဂိတ္တိမ်မြို့သို့ပြေး၍ ယနေ့တိုင်အောင် တည်းခိုလျက်နေကြသတည်း။
4:4 ရှောလု၏သားယောနသန်၌ ခြေဆွံ့သော သားတစ်ယောက်ရှိရစ်၏။ သူသည် အသက်ငါးနှစ်ရှိသောအခါ၊ ယေဇရေလမြို့မှ ရှောလုနှင့် ယောနသန်တို့၏သတင်းကိုကြားလျှင်၊ အထိန်းသည် သူ့ကိုချီ၍ပြေးစဉ်တွင်၊ အလျင်အမြန်ပြေးသောကြောင့်၊ သူငယ်သည်ကျ၍ခြေဆွံ့၏။ ထိုသူငယ်၏အမည်ကား မေဖိဗောရှက်တည်း။
4:5 ဗေရောသိအမျိုး ရိမ္မုန်၏သားရေခပ်နှင့် ဗာနာတို့သည် ဣရှဗောရှက်အိမ်သို့သွား၍ မွန်းတည့်အချိန်၌ရောက်၏။ ထိုအချိန်၌ ဣရှဗောရှက်သည် အိပ်တတ်၏။
4:6 ထိုညီအစ်ကို ရေခပ်နှင့်ဗာနာတို့သည် စပါးကိုထုတ်ဟန်ဆောင်၍ အိမ်အလယ်သို့ဝင်ပြီးလျှင်၊
4:7 အိပ်ခန်းထဲ အိပ်ရာပေါ်မှာ အိပ်လျက်နေသော ဣရှဗောရှက်၏ဝမ်းကို ထိုး၍သတ်သဖြင့်၊ ဦးခေါင်းကို ဖြတ်ယူပြီးမှ တစ်ညလုံး လွင်ပြင်လမ်းဖြင့်ပြေး၍ လွတ်ကြ၏။
4:8 ဣရှဗောရှက်၏ဦးခေါင်းကို ဟေဗြုန်မြို့ဒါဝိဒ်ထံတော်သို့ ဆောင်ခဲ့၍၊ ကိုယ်တော်အသက်ကိုရှာသော ကိုယ်တော်ရန်သူ ရှောလု၏သား ဣရှဗောရှက်၏ဦးခေါင်းကို ကြည့်ရှုတော်မူပါ။ ကျွန်တော်သခင် အရှင်မင်းကြီးခံရတော်မူသော အပြစ်ကို ထာဝရဘုရားသည် ရှောလု၌လည်းကောင်း၊ သူ၏အမျိုးအနွယ်၌လည်းကောင်း၊ ယနေ့ဆပ်ပေးတော်မူပြီဟု အထံတော်တွင် လျှောက်ဆိုသော်၊
4:9 ဒါဝိဒ်က၊ ငါ့အသက်ကို ဘေးဥပဒ်အပေါင်းတို့မှ ရွေးတော်မူသော ထာဝရဘုရားအသက်ရှင်တော်မူသည်အတိုင်း၊
4:10 အရင်တစ်ခါ လူတစ်ယောက်သည်လာ၍ ဝမ်းမြောက်စရာသတင်းကို ပြောမည်အကြံရှိလျက်၊ ရှောလုသေပါပြီဟု ငါ့အားကြားပြောသောအခါ၊ ထိုသတင်းကိုပြောသောကြောင့် ဆုကိုရမည်ဟု ထင်သောထိုသူကို၊ ဇိကလတ်မြို့၌ ငါကိုင်ဆွဲ၍ သတ်၏။
4:11 ထိုမျှမက လူဆိုးတို့သည် ဖြောင့်မတ်သောသူကို သူ၏အိမ်အတွင်း အိပ်ရာပေါ်မှာသတ်လျှင်၊ သာ၍ ပြုသင့်သည်မဟုတ်လော။ ယခုပင် သူ၏အသွေးကို သင်တို့၌ ငါတောင်း၍ သင်တို့ကိုမြေကြီးပေါ်က ပယ်ရှားသင့်သည် မဟုတ်လောဟု ဗေရောသိအမျိုး၊ ရိမ္မုန်၏သား ရေခပ်နှင့် ညီဗာနာအား ဆိုပြီးလျှင်၊
4:12 လုလင်တို့ကို မိန့်တော်မူ၍ ထိုသူနှစ်ယောက်ကို သတ်ကြ၏။ လက်ခြေတို့ကိုဖြတ်၍ ဟေဗြုန်ရေကန်အနားမှာ ဆွဲထားကြ၏။ ဣရှဗောရှက်၏ဦးခေါင်းကိုကားယူ၍ ဟေဗြုန်မြို့တွင် အာဗနာသင်္ချိုင်း၌ သင်္ဂြိုဟ်ကြ၏။