2 Samuel 5
5:1 ထိုအခါ ဣသရေလအမျိုးအနွယ် အပေါင်းတို့သည် ဒါဝိဒ်ရှိရာ ဟေဗြုန်မြို့သို့လာ၍၊ ကျွန်တော်တို့သည် ကိုယ်တော်အရိုး၊ ကိုယ်တော်အသားဖြစ်ကြပါ၏။
5:2 အထက်က ရှောလုသည် ကျွန်တော်တို့၌ ရှင်ဘုရင်ဖြစ်သောအခါ၊ ကိုယ်တော်သည် ဣသရေလအမျိုးကို ဆောင်သွားလျက်၊ သွင်းပြန်လျက် နေတော်မူပြီ။ ထာဝရဘုရားကလည်း၊ သင်သည်ငါ၏လူ ဣသရေလအမျိုးကို လုပ်ကျွေးအုပ်စိုးရမည်ဟု ကိုယ်တော်အား မိန့်တော်မူပြီဟု လျှောက်ဆိုကြ၏။
5:3 ထိုသို့ ဣသရေလအမျိုး အသက်ကြီးသူအပေါင်းတို့သည် ရှင်ဘုရင်ရှိရာ ဟေဗြုန်မြို့သို့ ရောက်လာလျှင်၊ ဒါဝိဒ်မင်းကြီးသည် ဟေဗြုန်မြို့၌ ထာဝရဘုရားရှေ့တော်မှာ သူတို့နှင့် မိတ်သဟာယဖွဲ့ခြင်း၊ သူတို့သည် ဒါဝိဒ်ကို ဘိသိက်ပေး၍ ဣသရေလရှင်ဘုရင်အရာ၌ ချီးမြှောက်ကြ၏။
5:4 ဒါဝိဒ်သည် နန်းထိုင်သောအခါ အသက်သုံးဆယ်ရှိ၏။ အနှစ်လေးဆယ် စိုးစံလေ၏။
5:5 ဟေဗြုန်မြို့၌နေ၍ ယုဒပြည်ကို ခုနစ်နှစ်နှင့်ခြောက်လ မင်းပြု၏။ ယေရုရှလင်မြို့၌နေ၍ ယုဒပြည်နှင့် ဣသရေလပြည်တစ်လျှောက်လုံးကို အနှစ်သုံးဆယ်သုံးနှစ် မင်းပြု၏။
5:6 တစ်ဖန် ရှင်ဘုရင်သည် မိမိလူတို့ကိုခေါ်၍၊ ပြည်သားရင်း ယေဗုသိလူတို့ရှိရာ ယေရုရှလင်မြို့သို့ချီသွားလျှင်၊ သူတို့က သင်သည် ဤမြို့ထဲသို့မဝင်ရ။ မျက်စိကန်းသောသူနှင့် ခြေဆွံ့သောသူတို့ကလည်း၊ ဒါဝိဒ်သည် ဤမြို့ထဲသို့မဝင်ရဟု ဆိုကာမျှနှင့် သင့်ကိုဆီးတားလိမ့်မည်ဟု ဆိုကြ၏။
5:7 သို့ရာတွင် ဒါဝိဒ်သည် ဒါဝိဒ်မြို့တည်းဟူသော ဇိအုန်ရဲတိုက်ကို တိုက်ယူလေ၏။
5:8 ထိုနေ့၌ ဒါဝိဒ်က၊ အကြင်သူသည် ယေဗုသိလူတို့ကို တိုက်ဖျက်ပြီးမှ ကျုံးကိုလွန်၍၊ ဒါဝိဒ်သည် ဤနေရာသို့မဝင်ရဟု ဒါဝိဒ်အသက်ကိုမုန်းလျက် ပြောဆိုသော မျက်စိကန်းနှင့် ခြေဆွံ့သောသူတို့ကို လုပ်ကြံ၏။ ထိုသူသည် ဗိုလ်ချုပ်ဖြစ်စေဟု အမိန့်တော်ရှိသည်အတိုင်း၊ ဇေရုယာသားယွာဘသည် အဦးတက်၍ ဗိုလ်ချုပ်အရာကိုခံရ၏။
5:9 ထိုနောက် ဒါဝိဒ်သည် ရဲတိုက်၌နေ၍ ဒါဝိဒ်မြို့ဟူသောအမည်ဖြင့် သမုတ်လေ၏။ မိလ္လောအရပ် ပတ်လည်၌လည်းကောင်း၊ အတွင်းဘက်၌လည်းကောင်း တည်ဆောက်လေ၏။
5:10 ဒါဝိဒ်တိုးပွား၍ အားကြီးသဖြင့် ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရားသည် သူနှင့်အတူ ရှိတော်မူ၏။
5:11 တုရုမင်းကြီးဟိရံသည် သံတမန်နှင့်တကွ အာရဇ်သစ်သား၊ လက်သမား၊ ပန်းရန်သမားတို့ကို ဒါဝိဒ်ထံသို့စေလွှတ်၍ သူတို့သည် နန်းတော်ကိုတည်ဆောက်ကြ၏။
5:12 ထာဝရဘုရားသည် ဒါဝိဒ်ကို ဣသရေလရှင်ဘုရင်အရာ၌ ခန့်ထားတော်မူကြောင်းနှင့် မိမိလူ ဣသရေလအမျိုးအဖို့ အလိုငှာ၊ နိုင်ငံကိုချီးမြှောက်တော်မူကြောင်းကို ဒါဝိဒ်သိမြင်၏။
5:13 ဒါဝိဒ်သည် ဟေဗြုန်မြို့မှပြောင်းသောနောက်၊ ယေရုရှလင်မြို့သူ မယားကြီးမယားငယ်တို့ကို ထပ်၍သိမ်းယူသဖြင့် သားသမီးများတို့ကို မြင်လေ၏။
5:14 ယေရုရှလင်မြို့၌ ဒါဝိဒ်မြင်သော သားတို့အမည်ကား၊ ရှမွာ၊ ရှောဗပ်၊ နာသန်၊ ရှောလမုန်၊
5:15 ဣဗဟာ၊ ဧလိရွှ၊ နေဖက်၊ ယာဖျာ၊
5:16 ဧလိရှမာ၊ ဧလျာဒ၊ ဧလိဖလက်တည်း။
5:17 ဒါဝိဒ်ကို ဘိသိက်ပေး၍ ဣသရေလရှင်ဘုရင် အရာ၌ခန့်ထားကြောင်းကို ဖိလိတ္တိလူတို့သည် ကြားလျှင်၊ ထိုလူအပေါင်းတို့သည် ဒါဝိဒ်ကိုရှာ၍ လာကြ၏။ ထိုသတင်းကို ဒါဝိဒ်သည်ကြားသောအခါ ရဲတိုက်သို့သွား၏။
5:18 ဖိလိတ္တိလူတို့သည် လာ၍ရေဖိမ်ချိုင့်၌ အနှံ့အပြားနေကြ၏။
5:19 ဒါဝိဒ်ကလည်း၊ အကျွန်ုပ်သည် ဖိလိတ္တိလူတို့ရှိရာသို့ သွားရပါမည်လော။ အကျွန်ုပ်လက်၌ အပ်တော်မူမည်လောဟု ထာဝရဘုရားကိုမေးလျှောက်လျှင်၊ ထာဝရဘုရားက သွားလော့။ ငါသည် ဖိလိတ္တိလူတို့ကို သင့်လက်သို့ ဆက်ဆက်အပ်မည်ဟု မိန့်တော်မူသည်အတိုင်း၊
5:20 ဒါဝိဒ်သည် ဗာလပေရဇိမ်မြို့သို့သွား၍ သူတို့ကိုလုပ်ကြံပြီးမှ၊ ထာဝရဘုရားသည် ရေထ၍ ဖြိုဖျက်သကဲ့သို့၊ ငါ့ရန်သူတို့ကို ငါ့ရှေ့မှာ ဖြိုဖျက်တော်မူပြီဟု ဆိုလျက်၊ ထိုအရပ်ကို ဗာလပေရဇိမ်အမည်ဖြင့် တွင်စေသတည်း။
5:21 ထိုအရပ်၌ ဖိလိတ္တိလူများပစ်ထားသော ရုပ်တုများကို၊ ဒါဝိဒ်နှင့် သူ၏လူတို့သည် ရှင်းရှင်းဖျက်ဆီးကြ၏။
5:22 တစ်ဖန် ဖိလိတ္တိလူတို့သည်လာ၍ ရေဖိမ်ချိုင့်၌ အနှံ့အပြားနေကြ၏။
5:23 ဒါဝိဒ်သည်လည်းမေးလျှောက်သော်၊ ထာဝရဘုရားက၊ တည့်တည့်မတက်ရ။ သူတို့နောက်သို့ဝိုင်း၍ ပိုးစာတောတစ်ဖက်၌ ချီရမည်။
5:24 ပိုးစာပင်ဖျား၌ စစ်ချီသံကိုကြားသောအခါ ကြိုးစားလော့။ ထိုအခါ ထာဝရဘုရားသည် ဖိလိတ္တိတပ်ကို လုပ်ကြံခြင်းငှာ သင့်ရှေ့မှာ ကြွသွားလိမ့်မည်ဟု မိန့်တော်မူသည်အတိုင်း၊
5:25 ဒါဝိဒ်သည်ပြု၍ ဖိလိတ္တိလူတို့ကို ဂေဗမြို့မှသည် ဂါဇေရမြို့တိုင်အောင် လုပ်ကြံလေ၏။