2 Samuel 7
7:1 ထာဝရဘုရားသည် အရပ်ရပ်တို့၌ရှိသော ရန်သူအပေါင်းတို့လက်မှ ကယ်လွှတ်တော်မူသောကျေးဇူးကို ရှင်ဘုရင်သည်ခံရ၍၊ နန်းတော်၌ငြိမ်ဝပ်စွာ နေရသောအခါ။
7:2 ပရောဖက်နာသန်ကို ခေါ်၍၊ ကြည့်ရှုလော့။ ငါသည် အာရဇ်သစ်သားအိမ်နှင့် နေ၏။ ဘုရားသခင်၏ သေတ္တာတော်မူကား၊ ကုလားကာဖြင့်သာ ကွယ်ကာလျက် နေရသည်ဟုဆိုသော်၊
7:3 နာသန်က၊ အကြံတော်ရှိသမျှအတွင်း ပြုတော်မူပါ။ ထာဝရဘုရားသည် ကိုယ်တော်နှင့်အတူရှိတော်မူသည်ဟု ပြန်လျှောက်၏။
7:4 ထိုညတွင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် နာသန်သို့ ရောက်၍၊
7:5 ငါ့ကျွန်ဒါဝိဒ်ထံသို့ သွားလော့။ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် ငါနေစရာဖို့ အိမ်ကိုဆောက်ရမည်လော။
7:6 ဣသရေလအမျိုးသားတို့ကို အဲဂုတ္တုပြည်မှ နုတ်ဆောင်သောနေ့ကစ၍ ယနေ့တိုင်အောင် အိမ်နှင့်ငါမနေ။ တဲအမျိုးမျိုးနှင့် ငါလှည့်လည်ပြီ။
7:7 ဣသရေလအမျိုးသားတို့နှင့် ငါလှည့်လည်ရာ အရပ်ရပ်တို့၌၊ ငါ၏လူ ဣသရေလအမျိုးကို ကျွေးမွေးစေခြင်းငှာ၊ ငါစေခိုင်းသော ဣသရေလတရားသူကြီး တစ်စုံတစ်ယောက်အား၊ သင်သည်ငါ့အဖို့ အာရဇ်သစ်သားအိမ်ကို အဘယ်ကြောင့် မဆောက်သနည်းဟု ငါဆိုဖူးသလော။
7:8 ယခုမှာ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ သိုးထိန်းရာသိုးခြံထဲက သင့်ကိုငါနုတ်ယူ၍၊ ငါ၏လူဣသရေလအမျိုးသားတို့ကို အုပ်စိုးသောမင်းအရာ၌ ငါခန့်ထားပြီ။
7:9 သင်သွားလေရာရာ၌ ငါလိုက်၍ သင်၏ရန်သူအပေါင်းတို့ကို သင့်ရှေ့မှပယ်ရှားသဖြင့်၊ မြေကြီးသားတို့တွင် လူကြီး၏ဂုဏ်အသရေကဲ့သို့ သင်၌ကြီးစွာသော ဂုဏ်အသရေကိုငါပေးပြီ။
7:10 ထိုမှတစ်ပါး ငါ၏လူဣသရေလအမျိုးနေရာအရပ်ကို ငါပြင်ဆင်ပြီ။ သူတို့သည် နောက်တစ်ဖန် မပြောင်းမလဲ မိမိတို့နေရာ၌ နေစေခြင်းငှာ ငါမြဲမြံစေမည်။ မတရားသောသူတို့သည် ရှေးကာလ၌လည်းကောင်း၊
7:11 ငါ၏လူ ဣသရေလအမျိုးတွင် တရားသူကြီးတို့ကို ခန့်ထားသောကာလ၌လည်းကောင်း၊ ညှဉ်းဆဲသကဲ့သို့ နောက်တစ်ဖန် မညှဉ်းဆဲရ။ သင့်ကိုလည်း ရန်သူအပေါင်းတို့လက်မှ ကယ်လွှတ်၍ ချမ်းသာပေးပြီ။ သင်၏အမျိုးအနွယ်ကိုလည်း ငါတည်စေမည်ဟု ထာဝရဘုရားမိန့်တော်မူပြီ။
7:12 သင်သည် အသက်ကာလစေ့၍ ဘိုးဘေးတို့နှင့်အတူ အိပ်ပျော်သောအခါ သင်၏ရင်သွေး၊ သင်မှဆင်းသက်သော သားကို ငါချီးမြှောက်၍ သူ၏နိုင်ငံကိုတည်ထောင်မည်။
7:13 ထိုသားသည် ငါ၏နာမအဖို့ အိမ်ကိုဆောက်လိမ့်မည်။ သူထိုင်သော ရာဇပလ္လင်ကို အစဉ်အမြဲ ငါတည်စေမည်။
7:14 ငါသည် သူ၏အဘဖြစ်မည်။ သူသည်လည်း ငါ၏သားဖြစ်လိမ့်မည်။ သူသည် ဒုစရိုက်ကိုပြုလျှင် လူသုံးတတ်သော ကြိမ်လုံးနှင့် ငါဆုံးမမည်။ လူသားရိုက်တတ်သကဲ့သို့ငါရိုက်မည်။
7:15 သို့ရာတွင် သင့်ရှေ့မှာ ငါပယ်ရှားသောရှောလု၌ ငါ၏ကရုဏာကိုနုတ်သကဲ့သို့ သင်၏သား၌ ငါမနုတ်။
7:16 သင်၏အမျိုးအနွယ်နှင့်၊ သင်၏နိုင်ငံသည် ငါ့ရှေ့မှာ အစဉ်အမြဲတည်လိမ့်မည်။ သင်၏ရာဇပလ္လင်သည်လည်း အစဉ်အမြဲတည်လိမ့်မည်ဟု ငါ့ကျွန်ဒါဝိဒ်အားပြောလော့ဟု မိန့်တော်မူ၏။
7:17 ထိုဗျာဒိတ်တော်စကားအလုံးစုံတို့ကို နာသန်သည် ဒါဝိဒ်အားပြန်ပြောလေ၏။
7:18 ထိုအခါ ဒါဝိဒ်မင်းကြီးသည် အထဲသို့ဝင်၍ ထာဝရဘုရားရှေ့တော်၌ ထိုင်နေလျက်၊ အိုအရှင် ထာဝရဘုရား၊ အကျွန်ုပ်ကို ဤမျှလောက် ချီးမြှောက်တော်မူမည်အကြောင်း၊ အကျွန်ုပ်သည် အဘယ်သို့သောသူ ဖြစ်ပါသနည်း။ အကျွန်ုပ်အမျိုးသည် အဘယ်သို့သောအမျိုး ဖြစ်ပါသနည်း။
7:19 သို့ရာတွင် အိုအရှင်ထာဝရဘုရား၊ ထိုကျေးဇူးတော်ကို သာမညကျေးဇူးဟု ထင်မှတ်တော်မူသောကြောင့်၊ ကိုယ်တော်ကျွန်၏အမျိုးအနွယ်ကို ကြာမြင့်စွာသောကာလနှင့် ယှဉ်လျက်မိန့်တော်မူပါသည်တကား။ အိုအရှင်ထာဝရဘုရား၊ လူတို့သည် ထိုသို့စီရင်လေ့ရှိပါသလော။
7:20 ဒါဝိဒ်သည် အဘယ်သို့တိုးတက်၍ လျှောက်ရပါမည်နည်း။ အိုအရှင်ထာဝရဘုရား၊ ကိုယ်တော်သည် ကိုယ်တော်၏ကျွန်ကိုသိတော်မူ၏။
7:21 နှုတ်ကပတ်တော်ကိုထောက်၍၊ အလိုတော်ရှိသည်အတိုင်း ကိုယ်တော်၏ကျွန်သိရမည်အကြောင်း၊ ဤကြီးစွာသော အမှုအလုံးစုံတို့ကိုပြုတော်မူပြီ။
7:22 သို့ဖြစ်၍ အိုထာဝရအရှင် ဘုရားသခင်၊ ကိုယ်တော်သည် ကြီးမြတ်တော်မူ၏။ အကျွန်ုပ်တို့ ကြားသမျှအတိုင်း ကိုယ်တော်နှင့် တူသောဘုရား၊ ကိုယ်တော်မှတစ်ပါး အခြားသောဘုရားမည်မျှမရှိပါ။
7:23 နာမတော်ကိုထင်ရှားစေ၍ အဲဂုတ္တုပြည်အစရှိသော အခြားသောပြည်များ၊ သူတို့ဘုရားများတို့မှ ရွေးနုတ်တော်မူသော ကိုယ်တော်၏လူမျိုးရှေ့တွင် လူမျိုးတော်အဖို့နှင့် ပြည်တော်အဖို့ ကြောက်မက်ဖွယ်သော အမှုကြီးတို့ကိုပြုခြင်းငှာ၊ ဘုရားသခင်ကြွ၍ ကိုယ်တော်အဖို့ရွေးနုတ်တော်မူသော ကိုယ်တော်၏လူ ဣသရေလအမျိုးနှင့်တူသော လူမျိုးတစ်စုံတစ်မျိုးသည် မြေကြီးပေါ်မှာရှိပါသလော။
7:24 အကြောင်းမူကား၊ ကိုယ်တော်၏လူ ဣသရေလအမျိုးကို အစဉ်အမြဲ ကိုယ်တော်၏လူဖြစ်စေခြင်းငှာ၊ သူတို့ကို ကိုယ်တော်အဖို့ ခိုင်ခံ့မြဲမြံစေ၍၊ ကိုယ်တော် ထာဝရဘုရားသည် သူတို့၏ဘုရားသခင်ဖြစ်တော်မူ၏။
7:25 ယခုမှာ အိုထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော်ကျွန်၌လည်းကောင်း၊ ကိုယ်တော်ကျွန်၏ အမျိုးအနွယ်၌လည်းကောင်း၊ မိန့်တော်မူသော စကားတော်ကို အစဉ်အမြဲတည်စေတော်မူပါ။ မိန့်တော်မူသည်အတိုင်း ပြုတော်မူပါ။
7:26 ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ဣသရေလအမျိုးကို အစိုးရသောဘုရားသခင် ဖြစ်တော်မူသည်ဟူ၍ နာမတော်သည် အစဉ်အမြဲ ချီးမြှောက်ခြင်းရှိပါစေသော။ ကိုယ်တော်ကျွန်ဒါဝိဒ်၏အမျိုးအနွယ်သည် ရှေ့တော်၌တည်ပါစေသော။
7:27 အကြောင်းမူကား၊ ဣသရေလအမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၊ ကိုယ်တော်က၊ သင်၏အမျိုးအနွယ်ကို ငါတည်စေမည်ဟု ကိုယ်တော်ကျွန်အား ဗျာဒိတ်ပေးတော်မူသောကြောင့်၊ ကိုယ်တော်ကျွန်သည် ဤပတ္ထနာကို ရှေ့တော်၌ ပြုချင်သောစိတ်ရှိပါ၏။
7:28 ယခုလည်း အိုအရှင်ထာဝရဘုရား၊ ကိုယ်တော်သည် ဘုရားသခင်မှန်တော်မူ၏။ စကားတော်လည်း မှန်ပါ၏။ ဤကျေးဇူးကို ကိုယ်တော်ကျွန်၌ ကတိထားတော်မူပြီ။
7:29 သို့ဖြစ်၍ ကိုယ်တော်ကျွန်၏အမျိုးအနွယ်သည် ရှေ့တော်၌ အစဉ်အမြဲတည်ပါမည်အကြောင်း၊ ကောင်းချီးပေးခြင်းငှာ နူးညွတ်သောစိတ်ရှိတော်မူပါ။ အိုအရှင် ထာဝရဘုရား၊ အမိန့်တော်ရှိသည်အတိုင်း ကောင်ချီးပေးတော်မူသောမင်္ဂလာကို၊ ကိုယ်တော်ကျွန်၏အမျိုးအနွယ်သည် အစဉ်အမြဲခံရပါစေသောဟု ဆုတောင်းသတည်း။