2 Samuel 6
6:1 တစ်ဖန် ဒါဝိဒ်သည် ရွေးချယ်သောဣသရေလလူ သုံးသောင်းတို့ကို စုဝေးစေပြီးလျှင်၊
6:2 ခေရုဗိမ်ကြားမှာ ကျိန်းဝပ်တော်မူသော ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏နာမတော်နှင့်ဆိုင်သော ဘုရားသခင်၏သေတ္တာတော်ကို ယုဒပြည်ဗာလာမြို့မှ ဆောင်ခဲ့ခြင်းငှာ၊ မိမိ၌ပါသောသူအပေါင်းတို့နှင့်တကွ ထသွားလေ၏။
6:3 ဘုရားသခင်၏ သေတ္တာတော်ကို လှည်းသစ်ပေါ်မှာတင်၍ တောင်ပေါ် အဘိနဒပ်အိမ်ထဲက ထုတ်ကြ၏။ အဘိနဒပ်၏သား ဩဇနှင့် အဟိဩတို့သည် လှည်းသစ်ကိုနှင်ရကြ၏။
6:4 ဩဇသည်ဘုရားသခင်၏ သေတ္တာတော်အနား၌လည်းကောင်း၊ အဟိဩသည် သေတ္တာတော်ရှေ့၌လည်းကောင်း သွားကြ၏။
6:5 ဒါဝိဒ်နှင့် ဣသရေလအမျိုးသားအပေါင်းတို့သည် စောင်း၊ တယော၊ ပတ်သာ၊ နှဲခရာ၊ ခွက်ကွင်းတို့ကို ကိုင်လျက်၊ ထာဝရဘုရားရှေ့တော်၌ အားထုတ်၍ တီးမှုတ်ကြ၏။
6:6 နာခုန်ကောက်နယ်သလင်းသို့ ရောက်သောအခါ၊ နွားတို့သည် ဘုရားသခင်၏သေတ္တာတော်ကို လှုပ်ရှားသောကြောင့်၊ ဩဇသည် လက်ကိုဆန့်၍ သေတ္တာတော်ကိုကိုင်၏။
6:7 ထာဝရဘုရားသည် ဩဇကိုအမျက်ထွက်၍ သူ၏အပြစ်ကြောင့် ဘုရားသခင်ဒဏ်ခတ်တော်မူသဖြင့်၊ သူသည် သေတ္တာတော်နားမှာ သေလေ၏။
6:8 ဩဇကို ထာဝရဘုရား ဒဏ်ခတ်တော်မူသောကြောင့်၊ ဒါဝိဒ်သည် ညှိုးငယ်သောစိတ်ရှိ၏။ ထိုအရပ်သည် ယနေ့တိုင်အောင် ပေရဇာဇအမည်ဖြင့် တွင်သတည်း။
6:9 ထိုနေ့၌ ဒါဝိဒ်သည် ထာဝရဘုရားကိုကြောက်၍၊ ထာဝရဘုရား၏သေတ္တာတော်သည် အဘယ်သို့ ငါ့ထံသို့ ရောက်ရမည်နည်းဟု ဆိုလျက်၊
6:10 မိမိနေရာဒါဝိဒ်မြို့ထဲသို့ သေတ္တာတော်ကိုမဆောင်ဘဲ ဂိတ္တိလူ ဩဗဒေဒုံအိမ်သို့ လမ်းလွှဲ၍ ဆောင်သွားလေ၏။
6:11 ထာဝရဘုရား၏သေတ္တာတော်သည် သုံးလပတ်လုံး ဂိတ္တိလူဩဗဒေဒုံအိမ်၌ ရှိ၏။ ထာဝရဘုရားသည်လည်း၊ ဩဗဒေဒုံနှင့် အိမ်သူအိမ်သားအပေါင်းတို့ကို ကောင်းချီးပေးတော်မူ၏။
6:12 ထာဝရဘုရားသည် သေတ္တာတော်ကြောင့် ဩဗဒေဒုံနှင့် သူ၌ရှိသမျှကို ကောင်းချီးပေးတော်မူကြောင်းကို ဒါဝိဒ်မင်းကြီးကြားသောအခါ၊ တစ်ဖန်သွား၍ ဘုရားသခင်၏သေတ္တာတော်ကို ဩဗဒေဒုံအိမ်မှ ဒါဝိဒ်မြို့သို့ ဝမ်းမြောက်သောစိတ်နှင့် ဆောင်ခဲ့လေ၏။
6:13 ထာဝရဘုရား၏သေတ္တာတော်ကို ထမ်းသောသူတို့သည် ခြောက်လှမ်းသွားပြီးမှ၊ နွားနှင့် ဆူဖြိုးသောအကောင်တို့ကို ယဇ်ပူဇော်လေ၏။
6:14 ဒါဝိဒ်သည်လည်း ပိတ်သင်တိုင်းကိုဝတ်လျက်၊ ထာဝရဘုရားရှေ့တော်၌ အားထုတ်၍ ကလေ၏။
6:15 ထိုသို့ဒါဝိဒ်နှင့် ဣသရေလအမျိုးသားအပေါင်းတို့သည် ကြွေးကြော်လျက်၊ တံပိုးမှုတ်လျက်၊ ထာဝရဘုရား၏ သေတ္တာတော်ကို ဆောင်ခဲ့ကြ၏။
6:16 ထာဝရဘုရား၏သေတ္တာတော်သည် ဒါဝိဒ်မြို့ထဲသို့ဝင်သောအခါ၊ ရှောလု၏သမီးမိခါလသည် ပြူတင်းပေါက်ဖြင့်ကြည့်၍၊ ဒါဝိဒ်မင်းကြီးသည် ထာဝရဘုရားရှေ့တော်၌ ကလျက်ခုန်လျက်လာသည်ကိုမြင်၍ စိတ်နှလုံးထဲ၌ မထီမဲ့မြင်ပြု၏။
6:17 ထာဝရဘုရား၏သေတ္တာတော်ကိုသွင်း၍ ဒါဝိဒ်ဆောက်နှင့်သော တဲအလယ်တွင် သူ့နေရာ၌ထားကြပြီးမှ၊ ဒါဝိဒ်သည်မီးရှို့ရာယဇ်နှင့် မိတ်သဟာယယဇ်တို့ကို ထာဝရဘုရားရှေ့တော်၌ ပူဇော်လေ၏။
6:18 မီးရှို့ရာယဇ်နှင့် မိတ်သဟာယယဇ်ပူဇော်ခြင်း အမှုကိုပြီးစီးသောအခါ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ နာမတော်ကိုမြွက်၍ ပရိသတ်တို့ကို ကောင်းချီးပေးလေ၏။
6:19 ဣသရေလပရိသတ် ယောက်ျားမိန်းမအပေါင်းတို့အား မုန့်တစ်ပြား၊ အမဲသားတစ်တစ်၊ စပျစ်သီးပျဉ် တစ်ပြားစီ ဝေငှပြီးမှ၊ လူအပေါင်းတို့သည် မိမိတို့နေရာသို့ ပြန်သွားကြ၏။
6:20 ထိုနောက် ဒါဝိဒ်သည် နန်းတော်သားတို့ကို ကောင်းချီးပေးခြင်းငှာ သွား၍ရောက်သောအခါ၊ ရှောလု၏သမီး မိခါလသည် ဆီး၍ကြိုလျက်၊ လျှပ်ပေါ်သောသူသည် အရှက်မရှိဘဲ ကိုယ်အဝတ်ကိုချွတ်သကဲ့သို့၊ ယနေ့ ကျွန်ယောက်ျား ကျွန်မိန်းမများရှေ့တွင် အဝတ်တော်ကိုချွတ်သော ဣသရေလရှင်ဘုရင်သည်၊ ယနေ့အဘယ်မျှလောက် ဘုန်းကြီးတော်မူပါသည်တကားဟု ဆို၏။
6:21 ဒါဝိဒ်ကလည်း၊ သင့်အဘနှင့် သူ၏အဆွေအမျိုးအပေါင်းတို့၏ကိုယ်စား၊ ငါ့ကိုရွေးကောက်၍ ထာဝရဘုရား၏လူ၊ ဣသရေလအမျိုးကို အုပ်စိုးသောမင်းအရာ၌ ခန့်ထားတော်မူသော ထာဝရဘုရားရှေ့တော်တွင် ပြုသည်မဟုတ်လော။ ထာဝရဘုရားရှေ့တော်တွင် ငါကခုန်မည်။
6:22 ထိုမျှမက၊ ငါသာ၍ယုတ်မာမည်။ ကိုယ်အထင်အတိုင်း ကိုယ်ကိုသာ၍ နှိမ့်ချမည်၊ သင်ပြောသော ကျွန်မများမူကား၊ ငါ့ကိုချီးမွမ်းကြလိမ့်မည်ဟု မိခါလကို ပြန်ပြော၏။
6:23 ရှောလု၏သမီးမိခါလသည် တစ်သက်လုံး သားကိုမဖွားမမြင်ရ။