1 Kings 13
13:1 ထိုအခါ ယေရောဗောင်သည် နံ့သာပေါင်းကို မီးရှို့ခြင်းငှာ ယဇ်ပလ္လင်နားမှာရပ်နေစဉ်တွင်၊ ဘုရားသခင်၏ လူတစ်ယောက်သည် ထာဝရဘုရား၏ နှုတ်ကပတ်တော်အတိုင်း၊ ယုဒပြည်မှ ဗေသလမြို့သို့ ရောက်လာ၍၊
13:2 ထာဝရဘုရား၏ နှုတ်ကပတ်တော်အတိုင်း ယဇ်ပလ္လင်တစ်ဖက်၌ ကြွေးကြော်လျက်၊ အိုယဇ်ပလ္လင်၊ ယဇ်ပလ္လင်၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဒါဝိဒ်မင်းမျိုး၌ ယောရှိအမည်ရှိသောသူကို ဖွားမြင်လိမ့်မည်။ သင့်အပေါ်မှာ နံ့သာပေါင်းကိုမီးရှို့၍၊ မြင့်သောအရပ်၌ ယဇ်ပုရောဟိတ်လုပ်သောသူတို့ကို ထိုသူသည် သင့်အပေါ်မှာပူဇော်၍၊ လူသေအရိုးတို့ကိုမီးရှို့လိမ့်မည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆို၏။
13:3 ထိုနေ့ချင်းတွင် ပုပ္ပနိမိတ်ကိုလည်းပေး၍ ထာဝရဘုရားမိန့်တော်မူသော ပုပ္ပနိမိတ်ဟူမူကား၊ ယဇ်ပလ္လင်သည်ကွဲ၍ ပလ္လင်ပေါ်မှာရှိသောပြာလည်း ယိုကျလိမ့်မည်ဟု ဟောလေ၏။
13:4 ထိုသို့ ဘုရားသခင်၏လူသည် ဗေသလမြို့ ယဇ်ပလ္လင်တစ်ဖက်၌ ကြွေးကြော်သောစကားကို ယေရောဗောင်မင်းကြီးသည် ကြားလျှင်၊ ယဇ်ပလ္လင်ပေါ်မှာရှိသော မိမိလက်ကိုဆန့်၍ ထိုသူကိုဖမ်းဆီးကြဟုဆိုလျက်၊ ဆန့်သောလက်သည် သွေ့ခြောက်၍ နောက်တစ်ဖန်မရုပ်နိုင်။
13:5 ဘုရားသခင်၏လူသည် ထာဝရဘုရား၏နှုတ်ကပတ်တော်အတိုင်း ပေးသောပုပ္ပနိမိတ်နှင့်အညီ ယဇ်ပလ္လင်ကွဲ၍၊ ပြာသည်လည်း ပလ္လင်ပေါ်က ယိုကျလေ၏။
13:6 ရှင်ဘုရင်ကလည်း၊ ငါ့လက်၌ ရောက်သောရောဂါကို ပျောက်စေမည်အကြောင်း၊ ငါ့အတွက်ပတ္ထနာပြု၍ သင်၏ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ တောင်းပန်ပါလော့ဟု ဘုရားသခင်၏လူကိုပြောဆို၏။ ဘုရားသခင်၏လူသည် ထာဝရဘုရားကို တောင်းပန်သဖြင့်၊ ရှင်ဘုရင်လက်သည် ရောဂါပျောက်၍ ပကတိအတိုင်းဖြစ်လေ၏။
13:7 ရှင်ဘုရင်ကလည်း၊ ငါနှင့်အတူလိုက်၍ အားဖြည့်လော့။ လက်ဆောင်ပေးမည်ဟု ဘုရားသခင်၏လူအားဆိုလျှင်၊
13:8 ဘုရားသခင်၏လူက၊ နန်းတော်တစ်ဝက်ကို ပေးသော်လည်း သင်နှင့်အတူ ငါမလိုက်။ ဤအရပ်၌ မုန့်ကိုမစား၊ ရေကိုလည်း မသောက်ရ။
13:9 ထာဝရဘုရား၏နှုတ်ကပတ်တော်က၊ မုန့်ကို မစားနှင့်။ ရေကို မသောက်နှင့်။ လာသောလမ်းဖြင့် မပြန်နှင့်ဟု ငါ့အားပညတ်တော်မူပြီဟု ရှင်ဘုရင်အား ပြောဆို၏။
13:10 ထိုနောက် ဗေသလမြို့သို့ လာသောလမ်းကိုရှောင်၍ အခြားသောလမ်းဖြင့် ပြန်သွား၏။
13:11 ထိုကာလ၌ ဗေသလမြို့တွင် အသက်ကြီးသော ပရောဖက်တစ်ယောက်ရှိ၏။ သူ၏သားတို့သည်လာ၍ ဘုရားသခင်၏လူသည် ထိုနေ့၌ ဗေသလမြို့မှာ ပြုသောအမှုရှိသမျှနှင့် ရှင်ဘုရင်အားပြောသောစကားများကို အဘအားပြန်ကြားလျှင်၊
13:12 ယုဒပြည်မှလာသော ဘုရားသခင်၏လူသည် အဘယ်လမ်းဖြင့် ပြန်သွားသည်ကို မြင်ကြသောကြောင့်၊ အဘက ထိုသူသည် အဘယ်လမ်းဖြင့် ပြန်သွားသနည်းဟု မေးပြီးလျှင်၊
13:13 မြည်းကို ကုန်းနှီးတင်ကြလော့ဟု ဆိုသည်အတိုင်း၊ သားတို့သည် မြည်းကိုကုန်းနှီးတင်၍ အဘသည် စီးသွားလျက်၊
13:14 ဘုရားသခင်၏လူကိုလိုက်လေ၏။ သပိတ်ပင်အောက်မှာ ထိုင်လျက်ရှိသည်ကို တွေ့လျင်၊ သင်သည် ယုဒပြည်မှလာသော ဘုရားသခင်၏လူ မှန်သလောဟုမေးသော်၊ ငါမှန်သည်ဟု ပြန်ဆို၏။
13:15 ပရောဖက်ကလည်း၊ ငါနှင့်အတူ ငါ့အိမ်သို့လိုက်၍ မုန့်ကိုစားပါလော့ဟု ခေါ်ပင့်လျှင်၊
13:16 ငါသည် သင်နှင့်အတူ မလိုက်ရ၊ သင့်အိမ်သို့ မဝင်ရ။ ဤအရပ်၌ မုန့်ကိုမစား၊ ရေကိုလည်း မသောက်ရ။
13:17 ထာဝရဘုရားက၊ ထိုအရပ်၌ မုန့်ကိုမစားနှင့်။ ရေကို မသောက်နှင့်။ လာသောလမ်းဖြင့် မပြန်နှင့်ဟု ငါ့အားမိန့်တော်မူကြောင်းကို ပြောဆို၏။
13:18 ပရောဖက်ကလည်း၊ ငါသည် သင်ကဲ့သို့ပရောဖက်ဖြစ်၏။ သင်သည် မုန့်ကိုစား၍ ရေကိုသောက်စေခြင်းငှာ သင့်ကိုငါ့အိမ်သို့ ခေါ်ရမည်အကြောင်း၊ ကောင်းကင်တမန်သည် ထာဝရဘုရား၏နှုတ်ကပတ်တော်အားဖြင့် မှာထားပြီဟု မုသားသုံး၍ပြောဆို၏။
13:19 ထိုကြောင့် ဘုရားသခင်၏လူသည် ပရောဖက်နှင့်အတူပြန်လာ၍၊ သူ၏အိမ်မှာ မုန့်ကိုစား၏။ ရေကိုလည်း သောက်၏။
13:20 ထိုသူနှစ်ပါးတို့သည် စားပွဲနားမှာထိုင်စဉ်တွင်၊ ခေါ်ခဲ့သော ပရောဖက်သို့ ထာဝရဘုရား၏နှုတ်ကပတ်တော်သည်ရောက်၍၊
13:21 ယုဒပြည်မှလာသော ဘုရားသခင်၏လူအား၊ သင်သည် ထာဝရဘုရား၏နှုတ်တော်ထွက်ကို နားမထောင်၊ သင်၏ ဘုရားသခင်ထာဝရဘုရား ထားတော်မူသော ပညတ်တော်ကိုမစောင့်၊
13:22 ဤမည်သောအရပ်၌ မုန့်ကိုမစားနှင့်။ ရေကိုမသောက်နှင့်ဟု ပညတ်တော်မူသောအရပ်သို့ ပြန်လာ၍ မုန့်နှင့်ရေကို စားသောက်သောကြောင့်၊ သင်၏အလောင်းသည် ဘိုးဘေးတို့၏သင်္ချိုင်းသို့ မရောက်ရဟု ထာဝရဘုရားမိန့်တော်မူကြောင်းကို အော်ဟစ်၍ဆင့်ဆို၏။
13:23 မုန့်နှင့်ရေကို စားသောက်ပြီးမှ၊ ထိုပရောဖက်သည် ပြန်လာသော ပရောဖက်အဖို့ မိမိမြည်းကိုကုန်းနှီးတင်၍ လွှတ်လိုက်လေ၏။
13:24 လမ်းမှာ ခြင်္သေ့တွေ့၍သတ်၏။ အသေကောင်သည် လမ်း၌လဲ၍၊ မြည်းနှင့်ခြင်္သေ့သည် အနားမှာရပ်နေ၏။
13:25 အသေကောင်သည် လမ်း၌လဲ၍ မြည်းနှင့်ခြင်္သေ့သည် အနားမှာရပ်နေသည်ကို ခရီးသွားသောသူတို့သည် မြင်လျှင်၊ အသက်ကြီးသော ပရောဖက်နေသောမြို့သို့လာ၍ သတင်းပြောကြ၏။
13:26 ခေါ်ခဲ့သောပရောဖက်သည် ထိုသတင်းကိုကြားလျှင်၊ ထာဝရဘုရား၏ အမိန့်တော်ကို နားမထောင်သော ဘုရားသခင်၏လူ ဖြစ်လိမ့်မည်။ ထာဝရဘုရားသည် ထိုသူအားမိန့်တော်မူသောစကားအတိုင်း၊ သူ့ကိုခြင်္သေ့၌ အပ်တော်မူသဖြင့်၊ ခြင်္သေ့သည် ကိုက်သတ်လေပြီတကားဟု ဆိုလျက်၊
13:27 မြည်းပေါ်မှာ ကုန်းနှီးကိုတင်ကြလော့ဟု သားတို့အားဆိုသည်အတိုင်း သူတို့သည် ကုန်းနှီးတင်ကြ၏။
13:28 ပရောဖက်သွား၍ အသေကောင်သည် လမ်း၌လဲလျက်၊ မြည်းနှင့်ခြင်္သေ့သည် အနားမှာ ရပ်နေလျက်ရှိသည်ကို တွေ့၏။ ခြင်္သေ့သည် အသေကောင်ကို မစား၊ မြည်းကိုလည်း မကိုက်။
13:29 အသက်ကြီးသောပရောဖက်သည် ဘုရားသခင်၏လူ အလောင်းကို မြည်းပေါ်သို့ချီ၍ တင်ပြီးလျှင် ငိုကြွေးမြည်တမ်းခြင်းကို ပြု၍၊ သင်္ဂြိုဟ်ခြင်းငှာ မိမိမြို့သို့ ဆောင်သွား၏။
13:30 အလောင်းကို မိမိသင်္ချိုင်းတွင်း၌ ထားလျက်၊ အိုငါ့ညီဟူ၍ ငိုကြွေးမြည်တမ်းခြင်းကို ပြု၏။
13:31 သင်္ဂြိုဟ်ပြီးမှ သားတို့ကိုခေါ်၍၊ ငါသေသောအခါ ဘုရားသခင်၏ လူသင်္ချိုင်းတွင်း၌ သင်္ဂြိုဟ်ကြလော့။ ငါ့အရိုးတို့ကို သူ့အရိုးတို့အနားမှာ ထားကြလော့။
13:32 ဗေသလမြို့ ယဇ်ပလ္လင်တစ်ဖက် ရှမာရိမြို့ရွာတွင်၊ မြင့်သောအရပ်ပေါ်မှာ ဆောက်သော အိမ်များတစ်ဖက်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်အတိုင်း ကြွေးကြော်သောစကားသည် စင်စစ်ပြည့်စုံလိမ့်မည်ဟု မှာထားလေ၏။
13:33 ထိုနောက်မှ ယေရောဗောင်သည် မိမိအဓမ္မလမ်းကို မရှောင်။ သာမညလူတို့ကို မြင့်သောအရပ်တွင် ယဇ်ပုရောဟိတ်အရာ၌ ထပ်၍ခန့်ထား၏။ ယဇ်ပုရောဟိတ်လုပ်ချင်သောသူရှိသမျှကို ချီးမြှောက်သဖြင့်၊ သူတို့သည် မြင့်သောအရပ်တွင် ယဇ်ပုရောဟိတ် ဖြစ်ကြ၏။
13:34 ထိုသို့ပြုသောကြောင့် ယေရောဗောင်အမျိုးကို မြေကြီးပြင်မှ သုတ်သင်ပယ်ရှင်းစေသောအပြစ် ရောက်သတည်း။