1 Kings 14
14:1 ထိုအခါ ယေရောဗောင်၏သား အဘိယသည်နာသောကြောင့်၊
14:2 ယေရောဗောင်သည် မိမိမယားကိုခေါ်၍၊ သင်သည် ယေရောဗောင်၏ မယားဖြစ်သည်ကို အဘယ်သူမျှ မသိစေခြင်းငှာ ခြားနားသော အဆင်းအရောင်ကို ဆောင်ပြီးလျှင်၊ ရှိလောမြို့သို့ထသွားပါလော့။ ငါသည် ဤလူမျိုးကို စိုးစံရမည်အကြောင်းကိုပြသော ပရောဖက်အဟိယသည် ထိုမြို့၌ရှိ၏။
14:3 မုန့်ဆယ်လုံး၊ မုန့်ပြားအချို့၊ ပျားရည်ဘူးကိုဆောင်လျက် ပရောဖက်ထံသို့ သွားပါလော့။ သူငယ်၌ အဘယ်သို့ဖြစ်မည်ကို သူဟောလိမ့်မည်ဟု မှာထားသည်အတိုင်း၊
14:4 ယေရောဗောင်မယားသည်ထ၍ ရှိလောမြို့၌ အဟိယအိမ်သို့ သွားလေ၏။ ထိုအခါ အဟိယသည် အသက်ကြီးသောကြောင့် မျက်စိမမြင်၊ မှုန်လျက်ရှိ၏။
14:5 ထာဝရဘုရားကလည်း၊ ယေရောဗောင်မယားသည် သားနာသောကြောင့်၊ သားအတွက်တစ်စုံတစ်ခုကို တောင်းအံ့သောငှာ သင့်ဆီသို့ ယခုလာ၏။ ဤမည်သောစကားဖြင့် ပြန်ပြောရမည်။ သူသည် လာသောအခါ အခြားသော မိန်းမဖြစ်ယောင်ဆောင်လိမ့်မည်ဟု အဟိယအား မိန့်တော်မူ၏။
14:6 ထိုမိန်းမသည် တံခါးအထဲသို့ဝင်၍၊ နင်းသံကို အဟိယသည်ကြားလျှင်၊ အိုယေရောဗောင်မယား ဝင်လော့။ အဘယ်ကြောင့် အခြားသောသူ၏အယောင်ကို ဆောင်သနည်း။ ဝမ်းနည်းစရာသတင်းကို ကြားပြောစေခြင်းငှာ သင့်ဆီသို့ ငါ့ကိုစေလွှတ်တော်မူ၏။
14:7 သင်သည် ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား၏ အမိန့်တော်ကို၊ ယေရောဗောင်ထံသို့ သွား၍ ဆင့်ဆိုရမည်မှာ၊ သင့်ကို လူစုထဲကငါရွေး၍ ငါ၏လူဣသရေလအမျိုးကို အုပ်စိုးစေခြင်းငှာ ချီးမြှောက်လျက်၊
14:8 နိုင်ငံတော်ကို ဒါဝိဒ်မင်းမျိုးလက်မှနုတ်၍ သင့်အားပေးသော်လည်း၊ သင်သည် ငါ့ကျွန်ဒါဝိဒ်ကဲ့သို့မဟုတ်။ သူသည် ငါ့ပညတ်တို့ကို စောင့်ရှောက်၏။ ငါ့ရှေ့မှာ ကောင်းသောအကျင့်ကိုသာကျင့်မည်ဟု စိတ်နှလုံးအကြွင်းမဲ့ ငါ့ကိုဆည်းကပ်၏။
14:9 သင်မူကား သင့်ရှေ့မှာ ဖြစ်ဖူးသောသူ အပေါင်းတို့ကိုလွန်၍ ဒုစရိုက်ကိုပြုလေပြီ။ ငါ့အမျက်ကို နှိုးဆော်ခြင်းငှာ အခြားတစ်ပါးသောဘုရားနှင့် သွန်းသောရုပ်တုတို့ကိုလုပ်၍ ငါ့ကိုသင့်ကျောနောက်သို့ ပစ်ထားပြီ။
14:10 ထိုကြောင့် ယေရောဗောင်အမျိုးအပေါ်သို့ ဘေးဥပဒ်ရောက်စေမည်။ ဣသရေလမြို့ရွာ၌ အချုပ်ခံသောသူဖြစ်စေ၊ အလွတ်ပြေးသောသူဖြစ်စေ၊ ယေရောဗောင်အမျိုး ယောက်ျားများကို ပယ်ဖြတ်မည်။ လူသည် နောက်ချေးကို အကုန်အစင် ကျုံးသွားသကဲ့သို့၊ ကျန်ကြွင်းသော ယေရောဗောင်အမျိုးသားကို ပယ်သွားမည်။
14:11 ယေရောဗောင်အမျိုးသားသည် မြို့ထဲမှာသေလျှင် အသေကောင်ကိုခွေးစားလိမ့်မည်။ မြို့ပြင်မှာသေလျှင် မိုးကောင်းကင်ငှက် စားလိမ့်မည်အကြောင်း ထာဝရဘုရားမိန့်တော်မူပြီ။
14:12 သင်ထ၍ ကိုယ်အိမ်သို့ သွားလော့။ မြို့တံခါးအထဲသို့ ဝင်သောအခါ သူငယ်သေလိမ့်မည်။
14:13 ဣသရေလအမျိုးသားအပေါင်းတို့သည် ငိုကြွေးမြည်တမ်းခြင်းကို ပြု၍ သင်္ဂြိုဟ်ကြလိမ့်မည်။ ယေရောဗောင်အမျိုးသားစုတွင်၊ ထိုသူငယ်တစ်ယောက်တည်းသာ သင်္ဂြိုဟ်ခြင်းကို ခံရလိမ့်မည်။ အကြောင်းမူကား၊ ယေရောဗောင်အမျိုးသားစုတွင် ထိုသူငယ်တစ်ယောက်သည် ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား၌ ကြည်ညိုသောစိတ်ရှိ၏။
14:14 အချိန်ရောက်မှ ယေရောဗောင်အမျိုးကို ပယ်ဖြတ်လတ္တံ့သော ဣသရေလရှင်ဘုရင်တစ်ပါးကို ထာဝရဘုရားသည် မိမိတို့အဖို့ ပေါ်ထွန်းစေတော်မူမည်။ အဘယ်အချိန်နည်းဟုမေးသော်၊ ယခုပင်ဖြစ်လိမ့်မည်။
14:15 အာရှရပင်တို့ကို ပြုစု၍ ထာဝရဘုရား၏အမျက်တော်ကို နှိုးဆော်ကြသောကြောင့်၊ ကျူပင်ကို ရေ၌လှုပ်ရှားသကဲ့သို့ ထာဝရဘုရားသည် ဣသရေလအမျိုးကို ဒဏ်ခတ်၍၊ ဘိုးဘေးတို့အားပေးတော်မူသော ဤပြည်ကောင်းမှ နုတ်ပယ်ပြီးလျှင်၊ မြစ်ကြီးတစ်ဖက်၌ အရပ်ရပ်သို့ ကွဲပြားစေတော်မူမည်။
14:16 ကိုယ်တိုင်ပြစ်မှား၍ ဣသရေလအမျိုးကိုလည်း ပြစ်မှားစေသော ယေရောဗောင်၏အပြစ်တို့ကြောင့် ဣသရေလအမျိုးကို စွန့်ပစ်တော်မူမည်ဟု ဆင့်ဆိုလေ၏။
14:17 ယေရောဗောင်မယားသည် ထသွား၍၊ တိရဇမြို့တံခါးခုံသို့ရောက်သောအခါ သူငယ်သေ၏။
14:18 ထာဝရဘုရားသည် မိမိကျွန် ပရောဖက်အဟိယအားဖြင့် မိန့်တော်မူသည်အတိုင်း၊ ထိုသူငယ်ကိုသင်္ဂြိုဟ်၍ ဣသရေလအမျိုးသားအပေါင်းတို့သည် ငိုကြွေးမြည်တမ်းခြင်းကို ပြုကြ၏။
14:19 ယေရောဗောင်ပြုမူသော အမှုအရာကြွင်းသမျှ၊ စစ်တိုက်ခြင်းအမှု၊ မင်းပြုခြင်းအမှုတို့သည် ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။
14:20 ယေရောဗောင်သည် အနှစ်နှစ်ဆယ်နှစ်နှစ် စိုးစံပြီးမှ ဘိုးဘေးတို့နှင့်အိပ်ပျော်၍၊ သားတော်နာဒဒ်သည် ခမည်းတော်အရာ၌ နန်းထိုင်၏။
14:21 ရှောလမုန်သားရောဗောင်သည် ယုဒပြည်ကို စိုးစံလေ၏။ နန်းထိုင်သောအခါ အသက်လေးဆယ်တစ်နှစ် ရှိ၏။ ထာဝရဘုရားသည် နာမတော်တည်စေရာဖို့ ဣသရေလခရိုင်များတို့အထဲက ရွေးကောက်သော ယေရုရှလင်မြို့၌ ဆယ်ခုနစ်နှစ် စိုးစံလေ၏။ မယ်တော်ကား အမ္မုန်အမျိုးသား၊ နေမအမည်ရှိ၏။
14:22 ယုဒအမျိုးသားတို့သည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၍၊ ဘိုးဘေးတို့ပြစ်မှားသမျှထက် ပြစ်မှားသော အပြစ်များအားဖြင့် အမျက်တော်ကို နှိုးဆော်ကြ၏။
14:23 မြင့်သောတောင်ရှိသမျှတို့ အပေါ်၌လည်းကောင်း၊ စိမ်းသောသစ်ပင်ရှိသမျှတို့ အောက်၌လည်းကောင်း၊ ကုန်းများ၊ ရုပ်တုများ၊ အာရှရပင်များကို တည်ကြ၏။
14:24 ယုဒပြည်၌ ယောက်ျားအလိုသို့ လိုက်တတ်သော မိန်းမလျှာများရှိ၍၊ ထာဝရဘုရားသည် ဣသရေလအမျိုးရှေ့မှ နှင်ထုတ်တော်မူသော ပြည်သားမျိုးပြုသော စက်ဆုပ်ရွံရှာဖွယ်ရာ အမှုအလုံးစုံတို့ကို ပြုကြသည်တကား။
14:25 ရောဗောင်မင်းကြီးနန်းစံငါးနှစ်တွင်၊ အဲဂုတ္တု ရှင်ဘုရင်ရှိရှက်သည် ယေရုရှလင်မြို့သို့ စစ်ချီ၍၊
14:26 ဗိမာန်တော်ဘဏ္ဍာနှင့် နန်းတော်ဘဏ္ဍာရှိသမျှကို သိမ်းသွား၏။ ရှောလမုန်လုပ်သော ရွှေဒိုင်းရှိသမျှကိုလည်း ယူသွား၏။
14:27 ရောဗောင်မင်းကြီးသည် ရွှေဒိုင်းအစား ကြေးဝါဒိုင်းတို့ကိုလုပ်၍ နန်းတော်တံခါးစောင့် ကိုယ်ရံတော်မှူး၌ အပ်လေ၏။
14:28 ရှင်ဘုရင်သည် ဗိမာန်တော်သို့သွားသောအခါ၊ ကိုယ်ရံတော်သားတို့သည် ဒိုင်းတို့ကိုဆောင်၍ နောက်တစ်ဖန် မိမိတို့စောင့်ရာအခန်းမှာ ပြန်ထားကြ၏။
14:29 ရောဗောင်ပြုမူသော အမှုအရာကြွင်းသမျှတို့သည် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။
14:30 ရောဗောင်နှင့် ယေရောဗောင်တို့သည် အသက်ရှည်သမျှ ကာလပတ်လုံး ရန်ဘက်ပြုကြ၏။
14:31 ရောဗောင်သည်လည်း ဘိုးဘေးတို့နှင့် အိပ်ပျော်၍၊ ဒါဝိဒ်မြို့၌ သူတို့နှင့်အတူ သင်္ဂြိုဟ်ခြင်းကိုခံလေ၏။ သားတော်အဘိယသည် ခမည်းတော်အရာ၌ နန်းထိုင်၏။