1 Kings 19
19:1 ဧလိယပြုသောအမှုနှင့် ပရောဖက်အပေါင်းတို့ကို ဓားနှင့်ကွပ်မျက်သောအမှုကို၊ အာဟပ်သည် ယေဇဗေလအား အကုန်အစင်ကြားပြော၏။
19:2 ယေဇဗေလက၊ နက်ဖြန်နေ့ ယခုအချိန်ရောက်မှ၊ သင့်အသက်သည် ထိုပရောဖက်တို့၏ အသက်ကဲ့သို့ ငါမဖြစ်စေလျှင်၊ ဘုရားတို့သည် ငါ၌ထိုမျှမကပြုပါစေသောဟု တမန်ကို ဧလိယထံသို့စေလွှတ်၍ ကြားလိုက်၏။
19:3 ထိုအခါ ဧလိယသည်ကြောက်သဖြင့်၊ ထ၍ အသက်လွတ်အောင် ယုဒခရိုင်ဗေရရှေဘမြို့သို့ သွား၏။ ထိုမြို့၌ ကျွန်ကိုထားခဲ့၍၊
19:4 သူ့ကိုယ်တိုင်သည် တောသို့ တစ်နေ့ခရီးသွားပြီးလျှင်၊ ရသမ်ပင်အောက်သို့ ရောက်၍ ထိုင်လေ၏။ ထိုအခါ ကိုယ်အသက်သေရမည်အကြောင်း ဆုတောင်းလျက်၊ အိုထာဝရဘုရား၊ ယခုတန်ပါ၏။ အကျွန်ုပ်အသက်ကို သိမ်းယူတော်မူပါ။ အကျွန်ုပ်သည် ဘိုးဘေးတို့ထက် သာ၍မကောင်းပါဟု မြည်တမ်းပြီးလျှင်၊
19:5 ရသမ်ပင်အောက်မှာ အိပ်ပျော်၏။ ထိုအခါ ကောင်းကင်တမန်က၊ ထ၍စားလော့ဟု သူ့ကိုတို့လျက်ဆို၏။
19:6 ဧလိယသည် မျှော်ကြည့်သောအခါ၊ မီးနှင့်ဖုတ်သောမုန့်ပြားနှင့် ခေါင်းရင်း၌ ရေဘူးရှိသည်ကိုမြင်၍ စားသောက်ပြီးမှ တစ်ဖန်အိပ်ပျော်၏။
19:7 ထာဝရဘုရား၏ ကောင်းကင်တမန်သည် ဒုတိယအကြိမ်လာ၍ သူ့ကိုတို့လျက်၊ သွားရမည့်ခရီးသည် အလွန်ဝေးသောကြောင့်၊ ထ၍ စားဦးလော့ဟုဆိုသည် အတိုင်း၊
19:8 ဧလိယသည် ထ၍ စားသောက်ပြန်၏။ ထိုအစာအာဟာရကို အမှီပြုလျက်၊ အရက်လေးဆယ်ခရီးသွား၍ ဘုရားသခင်နှင့်ဆိုင်သော ဟောရပ်တောင်သို့ ရောက်သဖြင့်၊
19:9 ဥမင်ထဲသို့ ဝင်၍နေ၏။ ထာဝရဘုရား၏ နှုတ်ကပတ်တော် ရောက်လာသည်ကား၊ ဧလိယ၊ သင်သည် ဤအရပ်၌ အဘယ်သို့ပြုလျက်နေသနည်းဟု မေးတော်မူ၏။
19:10 ဧလိယကလည်း၊ အကျွန်ုပ်သည် ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရားဘက်၌ အလွန်စိတ်အားကြီးပါပြီ။ အကြောင်းမူကား၊ ဣသရေလအမျိုးသားတို့သည် ကိုယ်တော်၏ ပဋိညာဉ်တရားကိုစွန့်ပြီးလျှင်၊ ကိုယ်တော်၏ယဇ်ပလ္လင်များကို ဖြိုဖျက်၍ ကိုယ်တော်၏ပရောဖက်များကို ဓားနှင့် သတ်ကြပါပြီ။ အကျွန်ုပ်တစ်ယောက်တည်းကျန်ရစ်၍၊ အကျွန်ုပ်အသက်ကိုပင်သတ်ခြင်းငှာ ရှာကြပါသည်ဟု လျှောက်လေ၏။
19:11 နှုတ်ကပတ်တော်ကလည်း ထွက်လော့။ ထာဝရဘုရားရှေ့ တောင်ပေါ်မှာရပ်နေလော့။ ထာဝရဘုရားလျှောက်သွားမည်ဟု မိန့်တော်မူ၏။ ထိုအခါ အားကြီးသောလေပြင်းသည် တောင်ထိပ်တို့ကိုခွဲ၍၊ ထာဝရဘုရားရှေ့တော်၌ ကျောက်တို့ကို ချိုးဖဲ့၏။ သို့ရာတွင် ထာဝရဘုရားသည် လေ၌ရှိတော်မမူ။ လေနောက်မှာ မြေလှုပ်ခြင်းရှိ၏။ သို့ရာတွင် ထာဝရဘုရားသည် မြေလှုပ်ရှားခြင်း၌လည်း ရှိတော်မမူ။
19:12 မြေလှုပ်ခြင်းနောက်မှာ မီးရှိ၏။ သို့ရာတွင် ထာဝရဘုရားသည် မီး၌လည်း ရှိတော်မမူ၊ မီးနောက်မှာ ဖြည်းညင်းသောအသံ ရှိ၏။
19:13 ထိုအသံကို ဧလိယသည်ကြားလျှင်၊ မျက်နှာကို ဝတ်လုံနှင့်ဖုံးအုပ်လျက်ထွက်၍ ဥမင်ဝ၌ရပ်နေ၏။ ထိုအခါ ဧလိယ၊ သင်သည်ဤအရပ်၌ အဘယ်သို့ပြုလျက်နေသနည်းဟု အသံလာ၏။
19:14 ဧလိယကလည်း၊ အကျွန်ုပ်သည် ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရားဘက်၌ အလွန်စိတ်အားကြီးပါပြီ။ အကြောင်းမူကား၊ ဣသရေလအမျိုးသားတို့သည် ကိုယ်တော်၏ပဋိညာဉ်တရားကို စွန့်ပြီးလျှင်၊ ကိုယ်တော်၏ယဇ်ပလ္လင်များကို ဖြိုဖျက်၍၊ ကိုယ်တော်၏ ပရောဖက်များကို ဓားနှင့်သတ်ကြပါပြီ။ အကျွန်ုပ်တစ်ယောက်တည်း ကျန်ရစ်၍၊ အကျွန်ုပ်အသက်ကိုပင် သတ်ခြင်းငှာ ရှာကြပါသည်ဟု လျှောက်လေသော်၊
19:15 ထာဝရဘုရားက၊ ဒမာသက်တောသို့ပြန်၍ ခရီးသွားလော့။ ရောက်သောအခါ ဟာဇေလကို ရှုရိရှင်ဘုရင်အရာ၌ ခန့်ထား၍ ဘိသိက်ပေးလော့။
19:16 နိမ်ရှိသား ယေဟုကို ဣသရေလရှင်ဘုရင်အရာ၌ ခန့်ထား၍ ဘိသိက်ပေးလော့။ အာဗေလမဟောလမြို့နေ၊ ရှာဖတ်သားဧလိရှဲကို သင့်ကိုယ်စား ပရောဖက်အရာ၌ခန့်ထား၍ ဘိသိက်ပေးလော့။
19:17 သို့ဖြစ်၍ ဟာဇေလဓားနှင့် လွတ်သောသူကို ယေဟုသတ်လိမ့်မည်။ ယေဟုဓားနှင့် လွတ်သောသူကို ဧလိရှဲသတ်လိမ့်မည်။
19:18 သို့ရာတွင် ဗာလရှေ့၌ ဒူးထောက်ခြင်း၊ နမ်းခြင်းကို မပြုသောသူအပေါင်းတည်းဟူသော ဣသရေလ အမျိုးသားခုနစ်ထောင်တို့ကို ငါ့အဖို့ ငါကျန်ကြွင်းစေပြီဟု မိန့်တော်မူ၏။
19:19 ထိုအရပ်မှ ဧလိယသည် သွားပြီးလျှင်၊ နွားငါးရှဉ်းနှင့် လယ်ထွန်လျက်၊ နောက်ဆုံးနွားရှဉ်း၌ ကိုယ်တိုင်လိုက်သော ရှာဖတ်သားဧလိရှဲကိုတွေ့၍ အနား၌လျှောက်စဉ်တွင်၊ မိမိဝတ်လုံကို သူ့အပေါ်မှာတင်လေ၏။
19:20 ဧလိရှဲသည် နွားတို့ကိုပစ်ထား၍ ဧလိယနောက်သို့လိုက်လျက်၊ အကျွန်ုပ်သည် မိဘကိုနမ်းပါရစေ။ သို့ပြီးမှ ကိုယ်တော်နောက်သို့လိုက်ပါမည်ဟု အခွင့်တောင်းလျှင်၊ ဧလိယက ပြန်သွားလော့။ ငါသည် သင်၌ အဘယ်သို့ပြုဘိသနည်းဟုဆိုသော်၊
19:21 ဧလိရှဲသည်ပြန်သွား၍ နွားတစ်ရှဉ်းကိုသတ်ပြီးမှ၊ နွားသားကို လယ်ထွန်သောတန်ဆာနှင့်ပြုတ်၍ လူများတို့အားကျွေးလေ၏။ သို့ပြီးမှ ထ၍ ဧလိယနောက်သို့လိုက်လျက် လက်ထောက်ဖြစ်လေ၏။