1 Kings 18
18:1 ကာလအင်တန်ကြာ၍ သုံးနှစ်စေ့သောအခါ၊ ဧလိယသို့ရောက်လာသော ထာဝရဘုရား၏နှုတ်ကပတ်တော်က၊ သင်သည် အာဟပ်မင်းအားသွား၍ ကိုယ်ကိုပြလော့။ ငါသည်လည်း မြေပေါ်မှာမိုးရွာစေမည်ဟု မိန့်တော်မူသည်အတိုင်း၊
18:2 ဧလိယသည် အာဟပ်မင်းအား ကိုယ်ကိုပြအံ့သောငှာ သွား၏။ ထိုအခါ ရှမာရိမြို့၌ ပြင်းစွာသော အစာအာဟာရခေါင်းပါးခြင်းဘေးရှိ၍၊
18:3 အာဟပ်မင်းသည် နန်းတော်အုပ်ဩဗဒိကို ခေါ်၏။ ထိုဩဗဒိသည် ထာဝရဘုရားကို အလွန်ရိုသေသောသူဖြစ်၏။
18:4 ယေဇဗေလသည် ထာဝရဘုရား၏ ပရောဖက်တို့ကို ပယ်ဖြတ်သောအခါ၊ ဩဗဒိသည် ပရောဖက်တစ်ရာကို မြေတွင်းထဲမှာ ငါးဆယ်စီဝှက်ထားပြီးလျှင်၊ မုန့်နှင့်ရေကိုပေး၍ ကျွေးလေ၏။
18:5 အာဟပ်ကလည်း၊ တစ်ပြည်လုံးသို့လှည့်လည်၍ စမ်းရေတွင်းများ၊ ချောင်းများရှိရာအရပ်ရပ်သို့ သွားလော့။ တိရစ္ဆာန်အပေါင်းတို့သည် မသေ၊ မြင်းနှင့်လားတို့သည် အသက်လွတ်မည်အကြောင်း၊ မြက်ပင်ကို တွေ့ကောင်းတွေ့လိမ့်မည်ဟု ဩဗဒိအားဆိုလျက်၊
18:6 သူတို့သည် တစ်ပြည်လုံးကို နှံ့ပြားအောင်ဝေဖန်၍၊ အာဟပ်နှင့် ဩဗဒိသည် လမ်းတခြားစီ ထွက်သွားကြ၏။
18:7 ဩဗဒိသည် သွားစဉ်အခါ၊ ဧလိယသည် ဆီး၍ကြို၏။ ဩဗဒိသည် ဧလိယကိုသိ၍ ပျပ်ဝပ်လျက်၊ ကိုယ်တော်သည် အကျွန်ုပ်သခင်ဧလိယ မှန်ပါသလောဟု မေးလျှင်၊
18:8 ဧလိယက ငါမှန်၏။ ဧလိယသည် ဤမည်သောအရပ်၌ရှိပါ၏ဟု သင့်သခင်ထံသို့သွား၍ လျှောက်လော့ဟု ပြောဆိုသော်၊
18:9 ဩဗဒိကလည်း၊ ကိုယ်တော်ကျွန်၏အသက်ကို သတ်စေခြင်းငှာ အာဟပ်၌အပ်ရမည်အကြောင်း၊ ကိုယ်တော်ကျွန်သည် အဘယ်သို့ ပြစ်မှားဘိသနည်း။
18:10 ကိုယ်တော်၏ ဘုရားသခင် ထာဝရဘုရားအသက်ရှင်တော်မူသည်အတိုင်း၊ ကိုယ်တော်ကို ရှာစေခြင်းငှာ အကျွန်ုပ်သခင်မစေလွှတ်သော တိုင်းနိုင်ငံတစ်ခုမျှ မရှိပါ။ တစ်ကျွန်းတစ်နိုင်ငံသားက၊ ဧလိယမရှိပါဟု လျှောက်သောအခါ၊ ကိုယ်တော်ကို ရှာ၍မတွေ့နိုင်ဟု ထိုတိုင်းနိုင်ငံသားတို့သည် အကျိန်ကိုခံရကြပါ၏။
18:11 ယခုမူကား၊ ဧလိယသည် ဤမည်သောအရပ်၌ရှိပါ၏ဟု သင့်သခင်ထံသို့သွား၍ လျှောက်လော့ဟု မိန့်တော်မူပါသည်တကား။
18:12 အကျွန်ုပ်သည် ကိုယ်တော်ထံမှ ထွက်သွား၍ အာဟပ်မင်းထံမှာလျှောက်စဉ်တွင်၊ ထာဝရဘုရား၏ဝိညာဉ်တော်သည် အကျွန်ုပ်မသိသောအရပ်သို့ ကိုယ်တော်ကို ဆောင်သွားတော်မူလျှင်၊ အာဟပ်မင်းသည် ကိုယ်တော်ကိုမတွေ့နိုင်သောအခါ အကျွန်ုပ်ကို သတ်ပါလိမ့်မည်။ ကိုယ်တော်ကျွန်မူကား၊ အသက်ငယ်စဉ်ကာလမှစ၍ ထာဝရဘုရားကိုရိုသေပါပြီ။
18:13 ယေဇဗေလသည် ထာဝရဘုရား၏ ပရောဖက်တို့ကို သတ်သောအခါ၊ အကျွန်ုပ်ပြုသောအမှုတည်းဟူသော ထာဝရဘုရား၏ ပရောဖက်တစ်ရာကို မြေတွင်းထဲမှာ ငါးဆယ်စီဝှက်ထားပြီးလျှင်၊ မုန့်နှင့် ရေကိုပေး၍ ကျွေးကြောင်းကို အကျွန်ုပ်သခင် ကြားတော်မမူသလော။
18:14 ယခုမူကား၊ ဧလိယသည် ဤမည်သောအရပ်၌ရှိပါ၏ဟု သင့်သခင်ထံသို့သွား၍ လျှောက်လော့ဟု ကိုယ်တော်မိန့်တော်မူသည်ဖြစ်၍၊ အာဟပ်သည် အကျွန်ုပ်ကို သတ်ပါလိမ့်မည်ဟု ပြန်ဆို၏။
18:15 ဧလိယကလည်း၊ ငါကိုးကွယ်သော ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ ငါသည် ယနေ့အာဟပ်မင်းအား ကိုယ်ကိုအမှန်ပြမည်ဟု ဆိုပြန်သော်၊
18:16 ဩဗဒိသည် အာဟပ်မင်းထံသို့သွား၍ လျှောက်သဖြင့်၊ အာဟပ်သည် ဧလိယကိုကြိုဆိုအံ့သောငှာသွား၍၊
18:17 တွေ့မြင်သောအခါ၊ သင်သည် ဣသရေလအမျိုးကို နှောင့်ယှက်သောသူမှန်သလောဟုမေးလျှင်၊
18:18 ဧလိယက၊ ငါသည် ဣသရေလအမျိုးကိုမနှောင့်ယှက်၊ သင်နှင့် သင့်အဆွေအမျိုးတို့သည် ထာဝရဘုရား၏ပညတ်တရားကိုစွန့်၍ ဗာလဘုရားတို့ကိုဆည်းကပ်သဖြင့်၊ ဣသရေလအမျိုးကို နှောင့်ယှက်ကြပြီ။
18:19 သို့ရာတွင် လူကိုယခုစေလွှတ်၍ ဣသရေလအမျိုးသားအပေါင်းတို့ကိုလည်းကောင်း၊ ဗာလပရောဖက် လေးရာငါးဆယ်ကိုလည်းကောင်း၊ ယေဇဗေလစားပွဲ၌စားသော အာရှရပရောဖက်လေးရာကိုလည်းကောင်း၊ ကရမေလတောင်၊ ငါ့ထံသို့ စုဝေးစေလော့ဟု ဆိုသည်အတိုင်း၊
18:20 အာဟပ်သည် ဣသရေလအမျိုးသားအပေါင်းတို့ရှိရာသို့ စေလွှတ်၍၊ ပရောဖက်တို့ကို ကရမေလတောင်ပေါ်မှ စုဝေးစေ၏။
18:21 ဧလိယသည် လူများရှိရာသို့လာ၍၊ သင်တို့သည် ဘာသာနှစ်ပါးစပ်ကြားမှာ အဘယ်မျှကာလပတ်လုံး ယုံမှားသောစိတ်နှင့် နေကြလိမ့်မည်နည်း။ ထာဝရဘုရားသည် ဘုရားသခင်မှန်လျှင် ထိုဘုရားကို ဆည်းကပ်ကြလော့။ ဗာလသည် ဘုရားသခင်မှန်လျှင် ထိုဘုရားကို ဆည်းကပ်ကြလော့ဟုဆိုလျှင်၊ လူများတို့သည် တိတ်ဆိတ်စွာနေကြ၏။
18:22 တစ်ဖန် ဧလိယက၊ ထာဝရဘုရား၏ပရောဖက်ကား ငါတစ်ယောက်တည်း ကျန်ရစ်၏။ ဗာလ၏ပရောဖက်ကား လေးရာငါးဆယ် ရှိကြ၏။
18:23 နွားနှစ်ကောင်ကိုပေးကြလော့။ သူတို့သည် တစ်ကောင်ကိုရွေး၍ အပိုင်းပိုင်းဖြတ်ပြီးလျှင် ထင်းပေါ်မှာ တင်ပါလေစေ။ မီးမထည့်စေနှင့်။ ငါလည်း နွားတစ်ကောင်ကိုလုပ်၍ ထင်းပေါ်မှာတင်မည်။ မီးကိုမထည့်။
18:24 သင်တို့သည် သင်တို့ဘုရားများ၏နာမကို ဟစ်ခေါ်ကြလော့။ ငါလည်း ထာဝရဘုရား၏နာမတော်ကို ဟစ်ခေါ်မည်။ မီးဖြင့် ထူးတော်မူသောဘုရားသည် ဘုရားသခင်မှန်ပါစေဟု လူများတို့အား ပြောဆိုလျှင်၊ လူအပေါင်းတို့က၊ ဧလိယ၏စကားသည် လျောက်ပတ်ပေသည်ဟု ဆိုကြ၏။
18:25 တစ်ဖန် ဧလိယက၊ သင်တို့သည်များသောကြောင့် နွားတစ်ကောင်ကို အရင်ရွေး၍လုပ်ကြလော့။ မီးမထည့်ဘဲ သင်တို့ဘုရားများ၏နာမကို ဟစ်ခေါ်ကြလော့ဟု ဗာလ၏ပရောဖက်တို့အား ဆိုသည်အတိုင်း၊
18:26 သူတို့သည် လူများပေးသောနွားကိုယူ၍ လုပ်ပြီးလျှင်၊ အိုဗာလဘုရား၊ အကျွန်ုပ်တို့အားထူးတော်မူပါဟု နံနက်အချိန်မှစ၍ မွန်းတည့်အချိန်တိုင်အောင် ဗာလ၏နာမကို ဟစ်ခေါ်ကြ၏။ သို့ရာတွင် ဗျာဒိတ်သံမရှိ။ ထူးသောသူလည်း မရှိ။ သူတို့သည် ကိုယ်တည်သော ယဇ်ပလ္လင်ရှေ့မှာ ကခုန်ကြ၏။
18:27 မွန်းတည့်အချိန်၌ ဧလိယက၊ ကျယ်သောအသံနှင့် ဟစ်ကြလော့။ ဗာလသည် ဘုရားဖြစ်တော်မူ၏။ ဆင်ခြင်လျက်နေတော်မူ၏။ သို့မဟုတ် တစ်စုံတစ်ခုကို လိုက်၍ရှာတော်မူ၏။ သို့မဟုတ် ခရီးသွားတော်မူ၏။ သို့မဟုတ် ကျိန်းစက်တော်မူသောကြောင့်၊ တစ်စုံတစ်ယောက်သောသူသည် နှိုးရမည်ဟု ပြက်ရယ်ပြု၍ဆို၏။
18:28 သူတို့သည်လည်း ကျယ်သောအသံနှင့် ဟစ်၍ ထုံးစံရှိသည်အတိုင်း၊ ကိုယ်အသွေးနှင့် ကိုယ်ကိုလူးခြင်းငှာ ဓား၊ သံစူးနှင့် ကိုယ်ကိုရှစေကြ၏။
18:29 မွန်းလွဲ၍ ညဥ့်ဦးယံ ယဇ်ပူဇော်ချိန်တိုင်အောင် ပရောဖက်ပြုကြသော်လည်း၊ ဗျာဒိတ်သံမရှိ။ ထူးသောသူ၊ အမှုထားသောသူလည်း မရှိသောအခါ၊
18:30 ဧလိယက၊ ငါ့အနီးသို့လာကြလော့ဟု လူများတို့ကိုခေါ်သည်အတိုင်း၊ လူအပေါင်းတို့သည် အနီးသို့လာကြ၏။ ထိုအခါဧလိယသည် ပြိုပျက်သော ထာဝရဘုရား၏ယဇ်ပလ္လင်ကို ရှင်းလင်းပြီးမှ၊
18:31 သင်၏အမည်ကား ဣသရေလဖြစ်ရမည်ဟူသော ထာဝရဘုရား၏ဗျာဒိတ်တော်ကိုခံရသော ယာကုပ်သား အမျိုးအနွယ် အရေအတွက်အတိုင်း၊ ကျောက်တစ်ဆယ်နှစ်လုံးကိုယူ၍၊
18:32 ထာဝရဘုရား၏နာမတော်အဖို့ ယဇ်ပလ္လင်ကိုတည်ပြီးမှ၊ မျိုးစေ့နှစ်တင်းလောက်ဝင်နိုင်သောကျုံးကို ယဇ်ပလ္လင်ပတ်လည်၌ တူးလေ၏။
18:33 ထင်းကိုစီ၍ နွားကိုလည်း အပိုင်းပိုင်းဖြတ်ပြီးလျှင် ထင်းပေါ်မှာတင်လေ၏။
18:34 အိုးလေးလုံးကို ရေနှင့်အပြည့်ထည့်၍၊ မီးရှို့စရာယဇ်နှင့် ထင်းပေါ်မှာလောင်းကြလော့ဟု ဆိုသည်အတိုင်း သူတို့သည်လောင်းပြီးမှ၊ တစ်ဖန် လောင်းကြဦးလော့ဟု ဆိုသည်အတိုင်း သူတို့သည်လောင်းပြီးမှ၊ သုံးကြိမ်တိုင်အောင် လောင်းကြလော့ဟု ဆိုသည်အတိုင်း၊ သူတို့သည် သုံးကြိမ်တိုင်အောင် လောင်းကြ၏။
18:35 ရေသည် ယဇ်ပလ္လင်ပတ်လည်၌စီး၍ ကျုံးသည်လည်း ရေနှင့်ပြည့်လေ၏။
18:36 ညဥ့်ဦးယံ ယဇ်ပူဇော်ချိန်ရောက်သောအခါ၊ ပရောဖက်ဧလိယသည် ချဉ်းလာ၍၊ အာဗြဟံ၊ ဣဇာက်၊ ဣသရေလတို့၏ ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည် ဣသရေလအမျိုး၏ ဘုရားသခင် ဖြစ်တော်မူကြောင်းကိုလည်းကောင်း၊ အကျွန်ုပ်သည် ကိုယ်တော်ကျွန်ဖြစ်၍ အမိန့်တော်အတိုင်း ဤအမှုအလုံးစုံတို့ကို ပြုကြောင်းကိုလည်းကောင်း၊ ယနေ့သိကြပါစေသော။
18:37 အိုထာဝရဘုရား၊ ကိုယ်တော်သည် ထာဝရအရှင်ဘုရားသခင် ဖြစ်တော်မူကြောင်းကိုလည်းကောင်း၊ ဤလူတို့စိတ်သဘောကို ပြောင်းလဲစေတော်မူကြောင်းကိုလည်းကောင်း၊ သူတို့သည် သိစေခြင်းငှာ အကျွန်ုပ်စကားကို နားထောင်တော်မူပါ။ နားထောင်တော်မူပါဟု ဆုတောင်းလေ၏။
18:38 ထိုအခါ ထာဝရဘုရား၏မီးသည်ကျသဖြင့်၊ မီးရှို့ရာယဇ် အစရှိသောထင်း၊ ကျောက်၊ မြေမှုန့်ကိုလောင်၍ ကျုံး၌ရှိသောရေကိုလည်း ခန်းခြောက်စေ၏။
18:39 လူအပေါင်းတို့သည် မြင်လျှင် ပျပ်ဝပ်၍၊ ထာဝရဘုရားသည် ဘုရားသခင်ဖြစ်တော်မူ၏။ ထာဝရဘုရားသည် ဘုရားသခင်ဖြစ်တော်မူ၏ဟု ဝန်ခံကြ၏။
18:40 ဧလိယကလည်း၊ ဗာလ၏ပရောဖက်တို့ကို ဖမ်းဆီးကြလော့။ တစ်ယောက်ကိုမျှမလွတ်စေနှင့်ဟု စီရင်သည်အတိုင်း၊ သူတို့ကို ဖမ်းဆီး၍ ဧလိယသည် ကိရှုန်ချောင်းသို့ ယူသွားပြီးလျှင် ကွပ်မျက်လေ၏။
18:41 ထိုနောက်မှ ဧလိယက၊ မင်းကြီးသည် စားသောက်ခြင်းငှာတက်သွားပါလော့။ များစွာသော မိုးရွာမည့်အသံရှိသည်ဟု အာဟပ်အားပြောဆိုလျှင်၊
18:42 အာဟပ်သည် စားသောက်ခြင်းငှာတက်သွား၏။ ဧလိယသည် ကရမေလတောင်ပေါ်သို့တက်၍၊ မြေ၌ပျပ်ဝပ်လျက် မျက်နှာကို ဒူးကြားမှာထားလျက်၊
18:43 မိမိကျွန်အား သင်တက်၍ ပင်လယ်သို့ ကြည့်ရှုလော့ဟုဆိုသည်အတိုင်း၊ ကျွန်သည်တက်၍ ကြည့်ရှုလျှင်၊ အဘယ်အရာမျှမရှိပါဟုပြောဆို၏။ ဧလိယက၊ ခုနစ်ကြိမ်တိုင်အောင်သွား၍ ကြည့်ရှုဦးလော့ဟုဆို၏။
18:44 ခုနစ်ကြိမ်မြောက်သောအခါ၊ လူလက်နှင့်တူသော မိုးတိမ်ငယ်တစ်ခုသည် ပင်လယ်ထဲကတက်ပါ၏ဟုဆိုသော်၊ အာဟပ်မင်းထံသို့ သွားလော့။ မိုးရွာ၍ ဆီးတားမည်ကို စိုးရိမ်စရာရှိသောကြောင့်၊ မင်းကြီးပြင်ဆင်၍ ပြန်သွားမည်အကြောင်း လျှောက်ထားလော့ဟု မှာလိုက်လေ၏။
18:45 မကြာမမြင့်မီ မိုးကောင်းကင်သည် မိုးသက်မုန်တိုင်းနှင့် မည်း၍ ပြင်းစွာမိုးရွာ၏။ အာဟပ်သည် ရထားစီး၍ ယေဇရေလမြို့သို့ သွား၏။
18:46 ထာဝရဘုရား၏လက်တော်သည် ဧလိယအပေါ်မှာရှိ၍၊ သူသည် ခါးပန်းကိုစည်းလျက် အာဟပ်မင်းအရင် ယေဇရလမြို့တံခါးဝသို့ပြေးလေ၏။