1 Kings 21
21:1 ထိုနောက်မှ ယေဇရေလမြို့သား နာဗုတ်ပိုင်သောစပျစ်ဥယျာဉ်သည် ယေဇရေလမြို့တွင်၊ ရှမာရိမင်းကြီး အာဟပ်၏နန်းတော်နားမှာရှိသည်ဖြစ်၍၊
21:2 အာဟပ်မင်းက၊ သင့်စပျစ်ဥယျာဉ်သည် နန်းတော်နားမှာရှိသောကြောင့် ယာလုပ်စရာဖို့ပေးပါ။ သာ၍ကောင်းသော ဥယျာဉ်ကိုငါပေးမည်။ သို့မဟုတ် သင်အလိုရှိလျှင် အဖိုးကိုပေးမည်ဟု နာဗုတ်အားဆိုလျှင်၊
21:3 နာဗုတ်က၊ ဘိုးဘေးလက်မှ အမွေခံသောမြေကို ကိုယ်တော်အား ပေးရသောအမှုကို ထာဝရဘုရား ဆီးတားတော်မူပါစေသောဟု ပြန်လျှောက်၏။
21:4 ဘိုးဘေးမှ အမွေခံသောမြေကို မပေးရဟု ယေဇရေလမြို့သား နာဗုတ်လျှောက်သော စကားကြောင့် အာဟပ်မင်းသည်ညစ်ညူးသောစိတ်နှင့် ညှိုးငယ်လျက်၊ နန်းတော်သို့သွား၍ အစာကိုမစား၊ မျက်နှာကိုလွှဲ၍ သလွန်ပေါ်မှာ အိပ်လျက်နေ၏။
21:5 ခင်ပွန်းယေဇဗေလသည် လာ၍၊ အစာကိုမစားနိုင်အောင် စိတ်တော်သည် အဘယ်ကြောင့် ညှိုးငယ်တော်မူသနည်းဟုမေးလျှင်၊
21:6 မင်းကြီးက၊ ယေဇရေလမြို့သားနာဗုတ်ကို ငါခေါ်၍ သင့်စပျစ်ဥယျာဉ်ကို ရောင်းပါ။ သို့မဟုတ် သင်အလိုရှိလျှင် အခြားသောဥယျာဉ်ကို ငါပေးမည်ဟုဆိုသော်၊ ထိုဥယျာဉ်ကို ကိုယ်တော်အားမပေးရဟု ပြန်ပြောသောကြောင့် စိတ်ညှိုးငယ်သည်ဟု ဆို၏။
21:7 ခင်ပွန်းယေဇဗေလက၊ ကိုယ်တော်သည် ဣသရေလနိုင်ငံကို အစိုးရတော်မူသည် မဟုတ်လော။ ထ၍ ရွှင်လန်းသောစိတ်နှင့် စားတော်ခေါ်ပါ။ ကျွန်မသည် ယေဇရေလမြို့သားနာဗုတ်၏ စပျစ်ဥယျာဉ်ကို ဆက်ပါမည်ဟုဆိုသည်အတိုင်း၊
21:8 အာဟပ်မင်း၏ အခွင့်နှင့်စာရေး၍ တံဆိပ်တော်နှင့်ခတ်ပြီးမှ၊ နာဗုတ်နေရာမြို့၌ သူနှင့်အတူနေသော အသက်ကြီးသူနှင့် မှူးမတ်များထံသို့ ပေးလိုက်လေ၏။
21:9 စာချက်ဟူမူကား၊ အစာရှောင်ရာအချိန်ကို ကြွေးကြော်၍၊ နာဗုတ်ကို လူများရှေ့မှာ မြှောက်ထားကြလော့။
21:10 သူ့ရှေ့မှာ အဓမ္မလူနှစ်ယောက်ကိုထား၍၊ သင်သည် ဘုရားသခင်နှင့် ရှင်ဘုရင်ကိုစွန့်ပယ်ပြီဟု သက်သေခံပါလေစေ။ သို့ပြီးမှ သူ့ကိုထုတ်၍ သေစေခြင်းငှာ ကျောက်ခဲနှင့်ပစ်ကြလော့ဟု ပါသတည်း။
21:11 ယေဇဗေလပေးလိုက်သော စာ၌ပါသည်အတိုင်း၊ နာဗုတ်နေသောမြို့သား အသက်ကြီးသူနှင့် မှူးမတ်တို့သည်ပြုလျက်၊
21:12 အစာရှောင်ရာအချိန်ကို ကြွေးကြော်၍ နာဗုတ်ကို လူများရှေ့မှာမြှောက်ထားကြ၏။
21:13 အဓမ္မလူနှစ်ယောက်သည်လာ၍ သူ့ရှေ့မှာထိုင်လျက်၊ နာဗုတ်သည် ဘုရားသခင်နှင့်ရှင်ဘုရင်ကို စွန့်ပယ်ပြီဟု လူများရှေ့တွင် နာဗုတ်တစ်ဖက်၌ သက်သေခံကြလျှင်၊ နာဗုတ်ကို မြို့ပြင်သို့ထုတ်၍ သေအောင် ကျောက်ခဲနှင့်ပစ်ကြ၏။
21:14 ထိုအခါ နာဗုတ်သည် ကျောက်ခဲနှင့်ပစ်ခြင်းကိုခံရ၍ သေပါပြီဟု ယေဇဗေလထံသို့စေလွှတ်၍ ကြားလျှောက်ကြ၏။
21:15 ထိုအကြောင်းကို ယေဇဗေလသည်ကြားလျှင်၊ ယေဇရေလမြို့သားနာဗုတ် မရောင်းလိုသော စပျစ်ဥယျာဉ်ကို ထ၍ သိမ်းယူတော်မူပါ။ နာဗုတ်အသက်မရှိ၊ သေပါပြီဟုဆို၏။
21:16 နာဗုတ်သေကြောင်းကို အာဟပ်သည် ကြားလျှင်၊ ယေဇရေလမြို့ သားနာဗုတ်၏ စပျစ်ဥယျာဉ်ကို သိမ်းယူခြင်းငှာ ထသွား၏။
21:17 ထိုအခါ တိရှဘိမြို့သားဧလိယသို့ ရောက်လာသော ထာဝရဘုရား၏နှုတ်ကပတ်တော်က၊
21:18 သင်သည် ရှမာရိမြို့၌နေသော ဣသရေလ ရှင်ဘုရင်အာဟပ်ကို ကြိုဆိုအံ့သောငှာ ထသွားလော့။ သူသည်နာဗုတ်၏စပျစ်ဥယျာဉ်ကို သိမ်းယူခြင်းငှာသွား၍ ယခုဥယျာဉ်၌ရှိ၏။
21:19 ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် လူအသက်ကိုသတ်၍ သူ့ဥစ္စာကို သိမ်းယူပြီလော။ တစ်ဖန်မိန့်တော်မူသည်ကား၊ ခွေးတို့သည် နာဗုတ်အသွေးကို လျက်သောအရပ်၌ သင့်အသွေးကိုပင်လျက်ကြလိမ့်မည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆိုလော့ဟု မှာထားတော်မူ၏။
21:20 အာဟပ်ကလည်း၊ အချင်းရန်သူ၊ ငါနှင့်တွေ့ပြီလောဟု ဧလိယအားဆိုလျှင်၊ ဧလိယကသင်သည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြုလို၍ ကိုယ်ကိုရောင်းသောကြောင့် သင်နှင့်ငါတွေ့ပြီ။
21:21 ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင့်အပေါ်သို့ ဘေးဥပဒ်ရောက်စေမည်။ ဣသရေလမြို့ရွာ၌ ချုပ်ထားသော သူဖြစ်စေ၊ အလွတ်ပြေးသောသူ ဖြစ်စေ၊ အာဟပ်အမျိုးယောက်ျားများကို ပယ်ဖြတ်မည်။
21:22 ငါ့အမျက်ကို နှိုးဆော်သောအပြစ်နှင့် ဣသရေလအမျိုးကိုပြစ်မှားစေသောအပြစ်ကြောင့်၊ သင့်အမျိုးကို နေဗတ်၏သား ယေရောဗောင်အမျိုးနှင့် အဟိယ၏သား ဗာရှာအမျိုးကဲ့သို့ ငါဖြစ်စေမည်။
21:23 ယေဇဗေလအမှုမှာ ထာဝရဘုရားမိန့်တော်မူ သည်ကား၊ ယေဇရေလမြို့ရိုးနားမှာ ခွေးတို့သည် ယေဇဗေလကို စားကြလိမ့်မည်။
21:24 အာဟပ်အမျိုးသည် မြို့ထဲမှာသေလျှင် ခွေးစားလိမ့်မည်။ မြို့ပြင်မှာသေလျှင် မိုးကောင်းကင်ငှက် စားလိမ့်မည်ဟုမိန့်တော်မူကြောင်းကို အာဟပ်အားဆင့်ဆို၏။
21:25 အာဟပ်နှင့်တူသောသူ တစ်ယောက်မျှမရှိ။ ခင်ပွန်းယေဇဗေလသည် တိုက်တွန်းသဖြင့်၊ ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြုလို၍ ကိုယ်ကိုရောင်းသောသူဖြစ်၏။
21:26 ထာဝရဘုရားသည် ဣသရေလအမျိုးရှေ့မှ နှင်ထုတ်တော်မူသော အာမောရိအမျိုးသား ပြုသမျှအတိုင်း၊ ရုပ်တုဆင်းတုကိုဆည်းကပ်၍ စက်ဆုပ်ရွံရှာဖွယ်အမှုကိုပြု၏။
21:27 သို့ရာတွင် ဧလိယဆင့်ဆိုသောစကားတော်ကို ကြားလျှင်၊ မိမိအဝတ်ကိုဆုတ်၍ လျှော်တေအဝတ်ကို ဝတ်၏။ အစာရှောင်ခြင်း၊ လျှော်တေအဝတ်၌ အိပ်ခြင်းကိုပြု၍ ဖြည်းဖြည်းသွားလာ၏။
21:28 ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် တိရှဘိမြို့သားဧလိယသို့ ရောက်လာသည်ကား၊
21:29 အာဟပ်သည် ငါ့ရှေ့မှာနှိမ့်ချသည်ကို မြင်ပြီလော။ ထိုသို့ ငါ့ရှေ့မှာနှိမ့်ချသောကြောင့်၊ သူ့လက်ထက်၌ ထိုဘေးဥပဒ်ကို ငါမရောက်စေ။ သူ့သားလက်ထက်၌ သူ့အမျိုးအပေါ်သို့ ရောက်စေမည်ဟု မိန့်တော်မူ၏။