1 Kings 22
22:1 ရှုရိပြည်နှင့် ဣသရေလပြည်သည် စစ်မတိုက်ဘဲ သုံးနှစ်နေပြီးမှ၊
22:2 တတိယနှစ်တွင်၊ ယုဒရှင်ဘုရင် ယောရှဖတ်သည် ဣသရေလရှင်ဘုရင်ထံသို့ လာ၏။
22:3 ဣသရေလရှင်ဘုရင်ကလည်း၊ ဂိလဒ်ပြည် ရာမုတ်မြို့သည် ငါတို့နိုင်ငံအဝင်ဖြစ်သည်ကို သင်တို့မသိလော။ ငါတို့သည် ရှုရိရှင်ဘုရင်လက်မှ မနုတ်မယူဘဲ ငြိမ်သက်စွာ နေကြပြီတကားဟု မိမိကျွန်တို့အားဆို၏။
22:4 ယောရှဖတ်မင်းအားလည်း၊ ဂိလဒ်ပြည်ရာမုတ်မြို့သို့ ငါနှင့်အတူ စစ်ချီမည်လောဟု မေးလျှင်၊ ယောရှဖတ်က၊ ငါသည်မင်းကြီးကဲ့သို့ ဖြစ်၏။ ငါ့လူတို့သည် မင်းကြီး၏လူကဲ့သို့လည်းကောင်း၊ ငါ့မြင်းတို့သည် မင်းကြီး၏မြင်းကဲ့သို့လည်းကောင်း ဖြစ်ကြသည်ဟု ဣသရေလရှင်ဘုရင်အား ပြန်ပြော၏။
22:5 တစ်ဖန် ယောရှဖတ်က၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို ယနေ့မေးမြန်းပါလော့ဟု ဣသရေလ ရှင်ဘုရင်အားဆိုသော်၊
22:6 ဣသရေလရှင်ဘုရင်သည် ပရောဖက်လေးရာတို့ကို စုဝေးစေပြီးလျှင်၊ ငါသည်ဂိလဒ်ပြည် ရာမုတ်မြို့သို့ စစ်ချီကောင်းသလော။ မချီဘဲ နေကောင်းသလောဟုမေးသော်၊ သူတို့က ချီတော်မူပါ။ ထာဝရဘုရားသည် အရှင်မင်းကြီး၏လက်တော်သို့ အပ်တော်မူမည်ဟု လျှောက်ကြ၏။
22:7 ယောရှဖတ်ကလည်း၊ ငါတို့မေးမြန်းစရာ ထာဝရဘုရား၏ပရောဖက် တစ်စုံတစ်ပါးမျှ မရှိသလောဟု မေးသော်၊
22:8 ဣသရေလရှင်ဘုရင်က၊ ထာဝရဘုရားကို မေးမြန်းရသောသူတစ်ယောက် ဣမလသား မိက္ခာရှိသေး၏။ သို့ရာတွင် ထိုသူကို ငါမုန်း၏။ ငါ၌ မင်္ဂလာစကားကို မဟော။ အမင်္ဂလာစကားကိုသာ ဟောတတ်သည်ဟု ယောရှဖတ်အားဆိုလျှင်၊ ယောရှဖတ်က ထိုသို့ မင်းကြီးမပြောပါနှင့်ဟု ပြန်ဆို၏။
22:9 ထိုအခါ ဣသရေလရှင်ဘုရင်သည် အရာရှိတစ်ယောက်ကိုခေါ်၍၊ ဣမလသားမိက္ခာကို အလျင်အမြန်ခေါ်ခဲ့ဟု မိန့်တော်မူ၏။
22:10 ဣသရေလရှင်ဘုရင်နှင့် ယုဒရှင်ဘုရင် ယောရှဖတ်တို့သည် မင်းမြောက်တန်ဆာကို ဝတ်ဆင်လျက် ရှမာရိမြို့တံခါးဝရှေ့၊ ဟင်းလင်းသောအရပ်၌ ရာဇပလ္လင်တို့အပေါ်မှာထိုင်၍၊ ပရောဖက်အပေါင်းတို့သည် ရှေ့တော်၌ ဟောပြောကြ၏။
22:11 ခေနာနာသား ဇေဒကိသည် သံဦးချိုတို့ကိုလုပ်၍၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ကိုယ်တော်သည် ရှုရိလူတို့ကို မဖျက်ဆီးမီတိုင်အောင် ဤဦးချိုတို့နှင့် တိုးရမည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆို၏။
22:12 ပရောဖက်အပေါင်းတို့ကလည်း၊ ဂိလဒ်ပြည် ရာမုတ်မြို့သို့ စစ်ချီ၍ အောင်တော်မူပါ။ ထာဝရဘုရားသည် အရှင်မင်းကြီး၏ လက်တော်သို့ အပ်တော်မူမည်ဟု ပရောဖက်ပြု၍ ဟောကြ၏။
22:13 မိက္ခာကိုခေါ်သောတမန်က၊ ပရောဖက်အပေါင်းတို့သည် မင်္ဂလာစကားကိုသာ ရှင်ဘုရင်အား တညီတညွတ်တည်း ဟောကြ၏။ ကိုယ်တော်လည်း သူတို့ဟောကြသည်နည်းတူ မင်္ဂလာစကားကိုသာ ဟောတော်မူပါဟုဆိုလျှင်၊
22:14 မိက္ခာက၊ ထာဝရဘုရားအသက်ရှင်တော်မူသည်အတိုင်း ထာဝရဘုရား မိန့်တော်မူသော စကားကိုသာ ငါပြန်ပြောရမည်ဟု ဆို၏။
22:15 ရှင်ဘုရင်ထံသို့ ရောက်သောအခါ ရှင်ဘုရင်က၊ အချင်းမိက္ခာ၊ ငါတို့သည် ဂိလဒ်ပြည်ရာမုတ်မြို့သို့ စစ်ချီကောင်းသလော။ မချီဘဲနေကောင်းသလောဟု မေးလျှင်၊ မိက္ခာက၊ စစ်ချီ၍အောင်တော်မူပါ။ ထာဝရဘုရားသည် အရှင်မင်းကြီး၏လက်တော်သို့ အပ်တော်မူမည်ဟု ပြန်လျှောက်၏။
22:16 ရှင်ဘုရင်ကလည်း၊ မှန်သောစကားမှတစ်ပါး အခြားသောစကားကို ထာဝရဘုရားအခွင့်နှင့် သင်သည် ငါ့အားမဟောမည်အကြောင်း၊ ငါသည် ဘယ်နှစ်ကြိမ်တိုင်အောင် သင့်အားအကျိန်ပေးရမည်နည်းဟု မေးသော်၊
22:17 မိက္ခာက၊ ဣသရေလ အမျိုးသားအပေါင်းတို့သည် သိုးထိန်းမရှိသောသိုးကဲ့သို့၊ တောင်များအပေါ်မှာ အရပ်ရပ်ကွဲပြားလျက် ရှိကြသည်ကို ငါမြင်ပြီ။ ထာဝရဘုရားကလည်း၊ ဤသူအပေါင်းတို့သည် အရှင်မရှိသောကြောင့် အသီးအသီး ကိုယ်နေရာသို့ ပြန်ကြပါလေစေဟု မိန့်တော်မူကြောင်းကို လျှောက်ဆို၏။
22:18 ဣသရေလရှင်ဘုရင်ကလည်း၊ သူသည် ငါ၌ မင်္ဂလာစကားကိုမဟော၊ အမင်္ဂလာစကားကိုသာ ဟောတတ်သည်ဟု မင်းကြီးအား ငါမပြောသလောဟု ယောရှဖတ်အားဆို၏။
22:19 မိက္ခာကလည်း၊ သို့ဖြစ်၍ ထာဝရဘုရား၏အမိန့်တော်ကို နားထောင်ပါ။ ထာဝရဘုရားသည် ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသည်ကိုလည်းကောင်း၊ ကောင်းကင် ဗိုလ်ခြေအပေါင်းတို့သည် လက်ယာတော်ဘက် လက်ဝဲတော်ဘက်၌ ရပ်နေကြသည်ကိုလည်းကောင်း ငါမြင်ပြီ။
22:20 ထာဝရဘုရားကလည်း၊ အာဟပ်သည် ဂိလဒ်ပြည်ရာမုတ်မြို့သို့ စစ်ချီ၍ ဆုံးစေခြင်းငှာ အဘယ်သူ သွေးဆောင်မည်နည်းဟု မေးတော်မူလျှင်၊ အခြံအရံတော်တို့သည် တစ်ယောက်တစ်နည်းစီ ပြန်လျှောက်ကြ၏။
22:21 တစ်ဖန် ဝိညာဉ်တစ်ပါးသည်လာ၍ ထာဝရဘုရား ရှေ့တော်၌ရပ်လျက်၊ အကျွန်ုပ်သွေးဆောင်ပါမည်ဟုလျှောက်လျှင်၊
22:22 ထာဝရဘုရားက အဘယ်သို့သွေးဆောင်မည်နည်းဟု မေးတော်မူသော်၊ အကျွန်ုပ်သွား၍ ထိုမင်းကြီး၏ပရောဖက်အပေါင်းတို့ထဲမှာ မုသားစကားကိုပြောတတ်သော စိတ်ဝိညာဉ်ဖြစ်ပါမည်ဟု ပြန်လျှောက်သော်၊ သင်သည် သွေးဆောင်၍ နိုင်လိမ့်မည်။ ထိုသို့သွား၍ ပြုလော့ဟု မိန့်တော်မူ၏။
22:23 သို့ဖြစ်၍ ထာဝရဘုရားသည် မုသားစကားကို ပြောတတ်သော စိတ်ဝိညာဉ်ကို မင်းကြီး၏ပရောဖက်အပေါင်းတို့၌ သွင်းတော်မူပြီ။ မင်းကြီး၏အမှုမှာ အမင်္ဂလာစကားကို ပြောတော်မူပြီဟု ဟောလေ၏။
22:24 ထိုအခါ ခေနာနာ၏သားဇေဒကိသည် ချဉ်းလာ၍ မိက္ခာ၏ပါးကိုပုတ်လျက်၊ ထာဝရဘုရား၏ ဝိညာဉ်တော်သည် သင်နှင့်နှုတ်ဆက်ခြင်းငှာ အဘယ်လမ်းဖြင့် ငါမှထွက်တော်မူသနည်းဟု မေးလျှင်၊
22:25 မိက္ခာက၊ သင်သည်ပုန်းရှောင်၍ နေခြင်းငှာ အတွင်းခန်းထဲသို့ ဝင်သောနေ့၌ သင်မြင်လိမ့်မည်ဟု ဆို၏။
22:26 ဣသရေလရှင်ဘုရင်က၊ မိက္ခာကို မြို့ဝန်မင်းအာမုန်ထံ၊ သားတော်ယောရှထံသို့ ယူသွား၍၊
22:27 ဤသူကို ထောင်ထဲမှာ လှောင်ထားကြ။ ငါသည် ငြိမ်ဝပ်စွာပြန်၍ မလာမီတိုင်အောင် ဆင်းရဲစွာစားသောက်စေဟု အမိန့်တော်ရှိကြောင်းကို ဆင့်ဆိုလော့ဟု စီရင်၏။
22:28 မိက္ခာကလည်း၊ မင်းကြီးသည် ငြိမ်ဝပ်စွာပြန်လာရလျှင် ထာဝရဘုရားသည် ငါ့အားဖြင့် မိန့်တော်မမူ၊ အိုလူများအပေါင်းတို့၊ နားထောင်ကြလော့ဟု ဆို၏။
22:29 ထိုသို့ ဣသရေလရှင်ဘုရင်နှင့် ယုဒရှင်ဘုရင်ယောရှဖတ်တို့သည် ဂိလဒ်ပြည်ရာမုတ်မြို့သို့ စစ်ချီကြ၏။
22:30 ဣသရေလရှင်ဘုရင်က၊ ငါသည်ခြားနားသော အယောင်ကိုဆောင်၍ စစ်ပွဲထဲသို့ဝင်မည်။ မင်းကြီးမူကား မင်းမြောက်တန်ဆာကို ဝတ်ဆင်ပါလော့ဟု ယောရှဖတ်အားဆိုပြီးမှ၊ ဣသရေလရှင်ဘုရင်သည် ခြားနားသောအယောင်ကိုဆောင်လျက် စစ်ပွဲထဲသို့ဝင်၏။
22:31 ရှုရိရှင်ဘုရင်က၊ ဣသရေလရှင်ဘုရင်မှတစ်ပါး အခြားသော လူကြီးလူငယ်ကိုမတိုက်နှင့်ဟု ရထားစီးသူရဲများကို အုပ်သော ဗိုလ်သုံးကျိပ်နှစ်ယောက်တို့ကို မှာထားနှင့်သောကြောင့်၊
22:32 ရထားစီးသူရဲအုပ် ဗိုလ်မင်းတို့သည် ယောရှဖတ်ကိုမြင်သောအခါ၊ အကယ်စင်စစ် ထိုသူသည် ဣသရေလရှင်ဘုရင်ဖြစ်လိမ့်မည်ဟုဆိုလျက် သူ့ကိုတိုက်အံ့သောငှာ လမ်းလွှဲကြ၍၊ ယောရှဖတ်လည်း ကြွေးကြော်လေ၏။
22:33 ဣသရေလရှင်ဘုရင် မဟုတ်ကြောင်းကို ရထားစီးသူရဲအုပ်ဗိုလ်မင်းတို့သည် ရိပ်မိသောအခါ၊ မလိုက်ဘဲ အခြားသို့ရှောင်သွားကြ၏။
22:34 လူတစ်ယောက်သည် မရွယ်ဘဲ လေးနှင့်ပစ်၍၊ ဣသရေလရှင်ဘုရင်ကို သံချပ်အင်္ကျီအဆစ်ကြားမှာ မှန်လေသော်၊ ငါ့ကိုစစ်ပွဲထဲကလှည့်၍ ထုတ်ဆောင်လော့။ ငါနာသည်ဟု မိမိရထားတော်ထိန်းကိုဆို၏။
22:35 ထိုနေ့၌ တိုး၍တိုက်ကြ၏။ ရှင်ဘုရင်သည် ရှုရိလူတစ်ဖက်တစ်ချက်၌ ရထားတော်ထဲမှာ လူကိုမှီ၍ ထိုင်နေ၏။ ညဥ့်ဦးယံ၌ အသက်တော်ကုန်၏။ ထိခိုက်ရာ အနာမှအသွေးသည် ရထားထဲသို့ယို၏။
22:36 လူအပေါင်းတို့၊ ကိုယ်နေသောမြို့ပြည်သို့ ပြန်သွားကြဟု နေဝင်သောအခါ တစ်တပ်လုံးကို ကြွေးကြော်လေ၏။
22:37 ထိုသို့ ရှင်ဘုရင်သေ၍ ရှမာရိမြို့သို့ရောက်သဖြင့် သင်္ဂြိုဟ်ခြင်းကို ခံရ၏။
22:38 ရထားတော်နှင့် လက်နက်တော်ကို ရှမာရိမြို့ရေကန်၌ ဆေးသဖြင့်၊ ထာဝရဘုရားမိန့်တော်မူသော စကားနှင့်အညီ ခွေးတို့သည် အသွေးကိုလျက်ကြ၏။
22:39 အာဟပ်ပြုမူသော အမှုအရာကြွင်းလေသမျှတို့နှင့် တည်ဆောက်သော ဆင်စွယ်နန်း၊ ပြုစုသောမြို့တို့သည် ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။
22:40 အာဟပ်သည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍၊ သားတော်အာခဇိသည် ခမည်းတော်အရာ၌ နန်းထိုင်၏။
22:41 ဣသရေလရှင်ဘုရင် အာဟပ်နန်းစံလေးနှစ်တွင် အာသသားယောရှဖတ်သည် အသက်သုံးဆယ်ငါးနှစ်ရှိသော် ယုဒနိုင်ငံကိုအစိုးရ၍၊
22:42 ယေရုရှလင်မြို့၌ နှစ်ဆယ်ငါးနှစ် စိုးစံလေ၏။ မယ်တော်ကား ရှိလဟိသမီး အဇုဘအမည်ရှိ၏။
22:43 ထိုမင်းသည် ခမည်းတော်အာသလိုက်သောလမ်းကို မလွှဲ၊ အကုန်အစင်လိုက်၍ ထာဝရဘုရားရှေ့တော်၌ ဖြောင့်မတ်သော အကျင့်ကိုသာ ကျင့်၏။ သို့ရာတွင် မြင့်သောအရပ်တို့ကို မပယ်ရှားသောကြောင့်၊ လူတို့သည် ထိုအရပ်တို့၌ ယဇ်ပူဇော်၍ နံ့သာပေါင်းကို မီးရှို့ကြ၏။
22:44 ယောရှဖတ်မင်းသည် ဣသရေလရှင်ဘုရင်နှင့် စစ်မတိုက်၊ မိတ်သဟာယဖွဲ့လေ၏။
22:45 ယောရှဖတ်ပြုမူသော အမှုအရာကြွင်းလေသမျှတို့နှင့် တန်ခိုးကြီးခြင်း၊ စစ်တိုက်ခြင်းအရာတို့သည် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။
22:46 ခမည်းတော်အာသလက်ထက်၌ ကျန်ကြွင်းသေးသော ယောက်ျားအလိုသို့ လိုက်တတ်သော မိန်းမလျှာတို့ကို ပြည်တော်မှ သုတ်သင်ပယ်ရှင်းလေ၏။
22:47 ထိုကာလ၊ ဧဒုံပြည်၌ ရှင်ဘုရင်မရှိ။ ယုဒရှင်ဘုရင်ခန့်ထားသော မြို့ဝန်မင်း စီရင်ရ၏။
22:48 ယောရှဖတ်သည် ဩဖိရပြည်သို့ စေလွှတ်၍၊ ရွှေကိုယူစေခြင်းငှာ တာရှုသင်္ဘောတို့ကို ဧဇယုန်ဂါဗာမြို့မှာ တည်၏။
22:49 အာဟပ်သား အာခဇိက၊ ငါ့ကျွန်တို့သည် မင်းကြီးကျွန်တို့နှင့် သင်္ဘောစီးပါစေဟု ယောရှဖတ်၌ အခွင့်တောင်း၍ ယောရှဖတ်သည် အခွင့်ပေး၏။ သို့သော်လည်း သင်္ဘောတို့သည် ဧဇယုန်ဂါဗာမြို့မှာ ကျိုးပဲ့သောကြောင့်၊ ဩဖိရမြို့သို့ မသွားရ။
22:50 ယောရှဖတ်သည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍ သူတို့နှင့်အတူ အဘဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ခြင်းကိုခံလေ၏။ သားတော်ယဟောရံသည် ခမည်းတော်အရာ၌ နန်းထိုင်၏။
22:51 ယုဒရှင်ဘုရင်ယောရှဖတ် နန်းစံ ဆယ်ခုနစ်နှစ်တွင်၊ အာဟပ်သားအာခဇိသည် ရှမာရိမြို့၌မင်းပြု၍ ဣသရေလနိုင်ငံကို နှစ်နှစ်စိုးစံ၏။
22:52 ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၍၊ မိဘလိုက်သောလမ်း၊ ဣသရေအမျိုးကို ပြစ်မှားစေသော နေဗတ်၏သား ယေရောဗောင်လိုက်သော လမ်းသို့ လိုက်လေ၏။
22:53 ဗာလဘုရားကို ဝတ်ပြုကိုးကွယ်၍၊ အဘကျင့်လေသမျှအတိုင်း ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား၏ အမျက်တော်ကို နှိုးဆော်သတည်း။ ဓမ္မရာဇဝင်တတိယစောင်ပြီး၏။