1 Kings 3
3:1 ရှောလမုန်သည် အဲဂုတ္တုဖာရောဘုရင်နှင့် မိတ်ဆွေဖွဲ့လျက်၊ သမီးတော်နှင့်စုံဖက်၍ နန်းတော်၊ ဗိမာန်တော်၊ ယေရုရှလင်မြို့ရိုးကို မပြီးမီတိုင်အောင် ဒါဝိဒ်မြို့၌ နေရာပေးတော်မူ၏။
3:2 ထိုကာလ၌ ထာဝရဘုရား၏ နာမတော်အဖို့ အိမ်တော်ကို မတည်သေးသောကြောင့်၊ လူများတို့သည် မြင့်သောအရပ်တို့၌ ယဇ်ပူဇော်တတ်ကြ၏။
3:3 ရှောလမုန်သည် ထာဝရဘုရားကိုချစ်၍ ခမည်းတော်ဒါဝိဒ်၏ စီရင်ချက်တို့ကို စောင့်ရှောက်တတ်၏။ သို့ရာတွင် မြင့်သောအရပ်တို့၌ယဇ်ပူဇော်၍ နံ့သာပေါင်းကိုမီးရှို့၏။
3:4 တစ်ရံရောအခါ၊ ရှင်ဘုရင်သည် ယဇ်ပူဇော်ခြင်းငှာ အလွန်မြင့်မြတ်သော အရပ်တည်းဟူသော ဂိဗောင်မြို့သို့သွား၍ ထိုယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရာယဇ်တစ်ထောင်ကို ပူဇော်လေ၏။
3:5 ထိုမြို့၌ထာဝရဘုရားသည် ညအခါ အိပ်မက်တွင် ရှောလမုန်အား ထင်ရှားလျက်၊ ငါပေးရမည်ဆုကို တောင်းလော့ဟု ဘုရားသခင်မိန့်တော်မူ၏။
3:6 ရှောလမုန်ကလည်း၊ ကိုယ်တော်၏ကျွန် အကျွန်ုပ်၏အဘဒါဝိဒ်သည် ရှေ့တော်၌ သဘောဖြောင့်၍ သမ္မာတရား၊ ဖြောင့်မတ်ခြင်းတရားအတိုင်း ကျင့်သည်နှင့်အညီ၊ သူ၌များစွာသောကျေးဇူးကို ပြုတော်မူပြီ။ ယနေ့တွင်ရှိသည်အတိုင်း၊ သူ၏ရာဇပလ္လင်ပေါ်မှာ ထိုင်ရသောသားကို သူ့အား ပေးသနားတော်မူသဖြင့်၊ သူ့အဖို့ ကျေးဇူးတရားကို စောင့်ရှောက်တော်မူပြီ။
3:7 ယခုမှာ အကျွန်ုပ်၏ ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်ကျွန်ကို အဘဒါဝိဒ်၏ကိုယ်စား ရှင်ဘုရင်အရာ၌ ခန့်ထားတော်မူပြီ။ သို့ရာတွင် အကျွန်ုပ်သည် သူငယ်ဖြစ်ပါ၏။ ထွက်ဝင်ခြင်းငှာ မတတ်နိုင်ပါ။
3:8 ရွေးချယ်တော်မူ၍ အရေအတွက်အားဖြင့် အတိုင်းမသိများပြားစွာသော ကိုယ်တော်၏ လူမျိုးကြီးအလယ်၌ ကိုယ်တော်ကျွန်ရှိပါ၏။
3:9 သို့ဖြစ်၍ ကိုယ်တော်ကျွန်သည် ကိုယ်တော်၏လူတို့ကို တရားစီရင်နိုင်မည်အကြောင်း ကောင်းမကောင်းကို ပိုင်းခြား၍ သိတတ်သောဉာဏ်ကို ပေးသနားတော်မူပါ။ ဤမျှလောက်များစွာသော ကိုယ်တော်၏လူတို့ကို အဘယ်သူသည် ကိုယ်အလိုအလျောက် တရားစီရင်နိုင်ပါမည်နည်းဟု တောင်းလျှောက်၏။
3:10 ထိုသို့ ရှောလမုန်တောင်းလျှောက်သော ပတ္ထနာစကားကို ထာဝရဘုရားသည် နှစ်သက်တော်မူ၏။
3:11 ဘုရားသခင်ကလည်း၊ သင်သည် တာရှည်သောအသက်ကို မတောင်း၊ စည်းစိမ်ကိုလည်း မတောင်း၊ ရန်သူတို့၏အသက်ကိုလည်း မတောင်း၊ တရားစီရင်ခြင်းငှာ တတ်နိုင်သောဉာဏ်ကိုသာ ကိုယ်အဖို့တောင်းလျှောက်သောကြောင့်၊
3:12 သင်တောင်းလျှောက်သည်အတိုင်း ငါပေး၏။ ရှေးကာလ၌ သင်နှင့်တူသောသူ တစ်ယောက်မျှမဖြစ်၊ နောင်ကာလ၌ မဖြစ်နိုင်အောင် ဉာဏ်ပညာနှင့်ပြည့်စုံသောစိတ်ဝိညာဉ်ကို သင့်အားငါပေး၏။
3:13 ထိုမှတစ်ပါး သင်နှင့်တူသော ရှင်ဘုရင်တစ်ယောက်ကိုမျှ သင့်လက်ထက်၌ မရှိစေခြင်းငှာ၊ သင်မတောင်းသောဆု၊ စည်းစိမ်ဥစ္စာ၊ ဂုဏ်အသရေကို ငါပေး၏။
3:14 သင့်အဘဒါဝိဒ် ကျင့်သည်အတိုင်း ငါ့လမ်းသို့လိုက်၍ ငါစီရင်ချက် ပညတ်တရားတို့ကို စောင့်ရှောက်လျှင်၊ တာရှည်သော အသက်ကိုလည်း ငါပေးမည်ဟု မိန့်တော်မူ၏။
3:15 ရှောလမုန်သည် နိုး၍ အိပ်မက်ဖြစ်မှန်းကိုသိ၏။ တစ်ဖန် ယေရုရှလင်မြို့သို့သွား၍ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ရှေ့မှာ ရပ်လျက်၊ မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို ပူဇော်၍ ကျွန်အပေါင်းတို့အဖို့ ပွဲကို စီရင်တော်မူ၏။
3:16 ထိုအခါ ပြည့်တန်ဆာမိန်းမနှစ်ယောက်သည်လာ၍ ရှေ့တော်၌ရပ်လျက်၊
3:17 မိန်းမတစ်ယောက်က အိုအရှင်၊ ကျွန်တော်မနှင့် ဤမိန်းမသည် တစ်အိမ်တည်းနေကြပါ၏။ တစ်အိမ်တည်းနေလျက် ကျွန်တော်မသည် သားမျက်နှာကို မြင်ပါ၏။
3:18 သုံးရက်လွန်မှ တစ်ဖန် ဤမိန်းမသည် သားမျက်နှာကိုမြင်ပါ၏။ ထိုအိမ်၌ အဘယ်ဧည့်သည်မျှမရှိ။ သူနှင့် ကျွန်တော်မနှစ်ယောက်တည်းသာ ရှိပါ၏။
3:19 ဤမိန်းမသည် ညအခါ မိမိသားငယ်ကို ဖိ၍အိပ်မိသောကြောင့် သားငယ်သေပါ၏။
3:20 သန်းခေါင်ယံ၌ သူသည်ထ၍ ကျွန်တော်မအိပ်ပျော်စဉ်အခါ ကျွန်တော်မသားငယ်ကိုယူ၍ မိမိရင်ခွင်၌ ထားပါ၏။ သူ၏သားငယ်အသေကောင်ကိုမူကား၊ ကျွန်မ၏ရင်ခွင်၌ ထားပါ၏။
3:21 နံနက်အချိန်၌ ကျွန်တော်မသည် သားငယ်ကို နို့တိုက်မည်ထသောအခါ၊ သားငယ်သည် သေလျက်ရှိပါ၏။ သို့ရာတွင် ကျွန်တော်မသည် သေသောသူငယ်ကိုစေ့စေ့ကြည့်ရှုသောအခါ၊ ကျွန်တော်မ ဖွားမြင်သောသားမဟုတ်ပါဟု လျှောက်၏။
3:22 အခြားသော မိန်းမကလည်း မဟုတ်ဘူး။ အသက်ရှင်သော သူငယ်သည် ငါ့သား၊ သေသောသူငယ်သည် သင်၏သားဖြစ်၏ဟု ငြင်းလေ၏။ အရင်မိန်းမကလည်း ထိုသို့မဟုတ်။ သေသောသူငယ်သည် သင်၏သား၊ အသက်ရှင်သောသူငယ်သည် ငါ့သားဖြစ်၏ဟု ဆိုလေ၏။ ထိုသို့ရှေ့တော်၌ လျှောက်ဆိုကြလျှင်၊
3:23 ရှင်ဘုရင်က၊ မိန်းမတစ်ယောက်က အသက်ရှင်သော သူငယ်သည် ငါ့သား၊ သေသောသူငယ်သည် သင်၏သားဖြစ်၏ဟုဆိုလျက်၊ တစ်ယောက်က ထိုသို့မဟုတ်။ သင်၏သားသေပြီ။ ငါ့သားအသက်ရှင်သည်ဟု ဆိုသည်ဖြစ်၍၊
3:24 ဓားယူခဲ့ဟု မိန့်တော်မူသည်အတိုင်း၊ ဓားကို ရှေ့တော်သို့ယူခဲ့ကြ၏။
3:25 ရှင်ဘုရင်ကလည်း၊ အသက်ရှင်သောသူငယ်ကိုခွဲ၍ ထိုမိန်းမတို့အား တစ်ယောက်တစ်ဝက်စီပေးလော့ဟု မိန့်တော်မူသော်၊
3:26 အသက်ရှင်သောသူငယ်၏အမိသည် မိမိသားကိုအလွန်သနား၍၊ အိုအရှင်၊ အသက်ရှင်သောသူငယ်ကို မသတ်ပါနှင့်။ ဤမိန်းမအား ပေးတော်မူပါဟု တောင်းပန်လေ၏။ အခြားမိန်းမက ငါမပိုင်စေနှင့်။ သင်လည်း မပိုင်စေနှင့်။ ခွဲပါလေစေဟု ဆို၏။
3:27 ထိုအခါရှင်ဘုရင်က၊ အသက်ရှင်သော သူငယ်ကိုမသတ်နှင့်။ အရင်မိန်းမအား ပေးလော့။ သူသည် အမိမှန်သည်ဟု မိန့်တော်မူ၏။
3:28 ထိုသို့ ရှင်ဘုရင်စီရင်တော်မူသည်အရာကို ဣသရေလအမျိုးသားအပေါင်းတို့သည် ကြားသိကြသောအခါ၊ တရားစီရင်စေခြင်းငှာ ဘုရားသခင်ပေးတော်မူသောဉာဏ်နှင့် ရှင်ဘုရင်ပြည့်စုံကြောင်းကို သိမြင်၍၊ ကိုယ်တော်ကို ကြောက်ရွံ့ရိုသေကြ၏။