1 Kings 4
4:1 ရှောလမုန်မင်းကြီးသည် ဣသရေလနိုင်ငံလုံးကို စိုးစံလျက်နေတော်မူ၏။
4:2 မှူးတော်မတ်တော်ဟူမူကား၊ ယဇ်ပုရောဟိတ်ဇာဒုတ်သား အာဇရိ၊
4:3 ရှိရှသား ဧလိဟောရပ်နှင့် အဟိယတို့သည် စာရေးတော်ကြီးဖြစ်၏။ အဟိလုပ်သား ယောရှဖတ်သည် အတွင်းဝန်ဖြစ်၏။
4:4 ယောယဒသား ဗေနာယသည် ဗိုလ်ချုပ်မင်းဖြစ်၏။ ဇာဒုတ်နှင့် အဗျာသာတို့သည် ယဇ်ပုရောဟိတ်ဖြစ်၏။
4:5 နာသန်သားအာဇရိသည် ဝန်စာရေးအုပ်ဖြစ်၏။ နာသန်သားဇာဗုဒ်သည် မင်းသားအရာနှင့် တိုင်ပင်မတ်ဖြစ်၏။
4:6 အဟိရှာသည် နန်းတော်အုပ်ဖြစ်၏။ အာဗဒသားအဒေါနိရံသည် အခွန်တော်ဝန်ဖြစ်၏။
4:7 ရှောလမုန်သည် ဣသရေလနိုင်ငံအရပ်ရပ်၌ ခန့်ထားသော ဝန်စာရေးတစ်ကျိပ်နှစ်ယောက်တို့သည် တစ်ယောက်တစ်လစီ ရှင်ဘုရင်နှင့် နန်းတော်သားတို့အဖို့ စားစရာကို ပြင်ဆင်ရကြ၏။
4:8 သူတို့အမည်ဟူမူကား၊ ဧဖရိမ်တောင်ရပ်မှာ ဟုရ၏သား၊
4:9 မာကတ်မြို့၊ ရှာလဗိမ်မြို့၊ ဗက်ရှေမက်မြို့၊ ဧလုမ္ဘေသနန်မြို့မှာ ဒေကာ၏သား၊
4:10 စောခေါမြို့၊ ဟေဖာပြည်လုံးနှင့်တကွ အရုဗုတ်မြို့မှာ ဟေသက်၏သား၊
4:11 ဒေါရပြည်လုံးကိုစီရင်သောသူ ရှောလမုန်၏ သမီးတော်တာဖတ်နှင့်စုံဖက်သော အဘိနဒပ်၏သား၊
4:12 တာနက်မြို့၊ မေဂိဒ္ဒေါမြို့နှင့် တကွဗက်ရှန်မြို့မှ အာဗေလမဟောလမြို့တိုင်အောင်မက၊ ယုတ်နန်မြို့အလွန်၊ ယေဇရေလမြို့ အောက်ဇာတနမြို့နှင့် နီးစပ်သော ဗက်ရှန်မြို့နယ်လုံးကိုစီရင်သော အဟိလုပ်၏သားဗာန၊
4:13 ဂိလဒ်ပြည်၌ မနာရှေ၏သား ယာဣရပိုင်သောမြို့များ၊ ဗာရှန်ပြည်၊ အာဂေါဘအရပ်၌မြို့ရိုး၊ ကြေးဝါတံခါးကျင်နှင့် ပြည့်စုံသော မြို့ကြီးခြောက်ဆယ်ကို စီရင်သော ဂိလဒ်ပြည်ရာမုတ်မြို့မှ ဂေဗာ၏သား၊
4:14 မဟာနိမ်မြို့မှာ ဣဒေါ၏သားအဟိနဒပ်၊
4:15 နဿလိခရိုင်ကို စီရင်သောသူ၊ ရှောလမုန်၏သမီးတော် ဗာသမတ်နှင့်စုံဖက်သော အဟိမတ်၊
4:16 အာရှာခရိုင်နှင့် အာလုပ်မြို့မှာ ဟုရှဲ၏သားဗာနာ၊
4:17 ဣသခါခရိုင်မှာပါရွာ၏သားယောရှဖတ်၊
4:18 ဗင်္ယာမိန်ခရိုင်မှာ ဧလာ၏သားရှိမိ၊
4:19 အာမောရိရှင်ဘုရင် ရှိဟုန်၏နိုင်ငံ၊ ဗာရှန်ရှင်ဘုရင်ဩဃ၏နိုင်ငံ၊ ဂိလဒ်ပြည်မှာ အခြားသောမင်းမရှိ။ တစ်ပါးတည်းစီရင်သော ဥရိ၏သားဂေဗတည်း။
4:20 ထိုကာလ၌၊ ယုဒအမျိုးနှင့် ဣသရေလအမျိုးသားတို့သည်အရေအတွက်အားဖြင့် သမုဒ္ဒရာသဲလုံးနှင့်အမျှ များပြား၍ စားသောက်ပျော်မွေ့လျက် နေကြ၏။
4:21 ရှောလမုန်သည်လည်း မြစ်ကြီးမှစ၍ ဖိလိတ္တိပြည်၊ အဲဂုတ္တုပြည်တိုင်အောင် တိုင်းနိုင်ငံလုံးကိုအစိုးရသဖြင့်၊ အရပ်ရပ်သားတို့သည် လက်ဆောင်ပဏ္ဏာတို့ကို ဆက်၍၊ ရှောလမုန်လက်ထက် ကာလပတ်လုံး မင်းမှုကို ဆောင်ရွက်ရကြ၏။
4:22 တစ်နေ့တစ်နေ့လျှင် နန်းတော်၌ကုန်သော ရိက္ခာဟူမူကား၊ ဂျုံမုန့်ညက် ကောရသုံးဆယ်၊ မုယောမုန့်ညက် ကောရခြောက်ဆယ်၊
4:23 ဆူဖြိုးအောင်ကျွေးသော နွားတစ်ဆယ်၊ ကျက်စားရာထဲက နွားနှစ်ဆယ်၊ ဆတ်သမင်ဒရယ်အမျိုးမျိုးကိုမဆိုဘဲ သိုးတစ်ရာ၊ ဆူဖြိုးအောင်ကျွေးသော ငှက်မျိုးတည်း။
4:24 ရှောလမုန်သည် မြစ်ကြီးအနောက်ဘက်၊ တိဖသမြို့မှအဇ္ဇာမြို့တိုင်အောင် ရှင်ဘုရင်အပေါင်းတို့ကို အစိုးရသဖြင့် ပတ်ဝန်းကျင်အရပ်တို့၌ စစ်မှုစစ်ရေးမရှိ။
4:25 လက်ထက်တော်ကာလပတ်လုံး၊ ယုဒအမျိုးနှင့် ဣသရေလအမျိုးသားတို့သည် ဒန်မြို့မှစ၍ ဗေရရှေဘမြို့တိုင်အောင် အသီးအသီးမိမိစပျစ်ပင်၊ မိမိသင်္ဘောသဖန်းပင်အောက်မှာ ငြိမ်ဝပ်စွာနေရကြ၏။
4:26 ရှောလမုန်သည်လည်း၊ ရထားတော်များနှင့် ဆိုင်သော မြင်းတင်းကုပ်လေးသောင်း၊ မြင်းစီးသူရဲ တစ်သောင်းနှစ်ထောင်ရှိ၏။
4:27 ဝန်စာရေးတို့သည်လည်း ရှောလမုန်မင်းကြီးနှင့် စားပွဲတော်သို့ ဝင်သောသူအပေါင်းတို့အဖို့ တစ်ယောက်တစ်လစီ စုံလင်စွာ ပြင်ဆင်ရကြ၏။
4:28 မုယောစပါးကိုလည်းကောင်း၊ မြင်းတော်များ၊ လားတော်များဖို့ မြက်ခြောက်ကိုလည်းကောင်း၊ အလှည့်သင့်သည်အတိုင်း နေရာအရပ်သို့ ဆောင်ခဲ့ရကြ၏။
4:29 ဘုရားသခင်သည် များစွာသော ဉာဏ်ပညာကိုလည်းကောင်း၊ သမုဒ္ဒရာသဲလုံးနှင့်အမျှ ကျယ်ဝန်းသောနှလုံးကိုလည်းကောင်း ပေးတော်မူသည်ဖြစ်၍၊
4:30 ပညာတော်သည် အရှေ့ပြည်သားပညာနှင့် အဲဂုတ္တုပြည်သားပညာကိုလွန်ကဲ၏။
4:31 ရှောလမုန်သည် ဧဇရဟိတ်အမျိုး ဧသန်၊ မဟောလသား ဟေမန်၊ ခါလကောလ၊ ဒါရဒအစရှိသော လူအပေါင်းတို့ထက်သာ၍ ပညာရှိသဖြင့်၊ ခပ်သိမ်းသော တိုင်းနိုင်ငံအရပ်ရပ်၌ ကျော်စောလေ၏။
4:32 စီရင်တော်မူသော သုတ္တံစကားသုံးထောင်နှင့် သီချင်းတစ်ထောင်ငါးခုရှိ၏။
4:33 လေဗနုန်အာရဇ်ပင်မှစ၍ အုတ်ရိုးနားမှာပေါက်တတ်သော ဟုဿုပ်ပင်တိုင်အောင် မြွက်ဆို၏။ သားမျိုး၊ ငှက်မျိုး၊ ပိုးကောင်မျိုး၊ ငါးမျိုးတို့၏အကြောင်းကိုလည်း မြွက်ဆို၏။
4:34 ရှောလမုန်မင်း၏ ပညာသတင်းကိုကြားသော ရှင်ဘုရင်အမျိုးမျိုးစေလွှတ်သော သူတို့သည် ပညာစကားတော်ကို နားထောင်ခြင်းငှာ လာကြ၏။