1 Kings 7
7:1 တစ်ဖန် ရှောလမုန်သည် တစ်ဆယ်သုံးနှစ်ပတ်လုံး နန်းတော်ကိုတည်ဆောက်၍ လက်စသတ်လေ၏။
7:2 နန်းတော်ကို လေဗနုန်တောသစ်သားဖြင့် ဆောက်၍၊ အလျားအတောင်တစ်ရာ၊ အနံအတောင်ငါးဆယ်၊ အမြင့်အတောင်သုံးဆယ်ရှိ၏။ အာရဇ်တိုင်လေးစဉ်၊ အာရဇ်ရက်မများနှင့် ဆောက်၏။
7:3 တိုင်တစ်စဉ်လျှင် ဆယ်ငါးတိုင်စီရှိ၍ တိုင်ပေါင်းလေးဆယ်ငါးအပေါ်မှာ အခြင်တို့ကို တင်လျက်၊ အာရဇ်ပျဉ်ပြားနှင့် မိုးလေ၏။
7:4 အလင်းဝင်စရာ ပြူတင်းပေါက်သုံးတန်းစီ အဆင့်ဆင့်မျက်နှာချင်းဆိုင်လျက် တစ်ဖက်တစ်ချက်၌ ရှိကြ၏။
7:5 တံခါးပေါက်ရှိသမျှ တံခါးတိုင်ရှိသမျှတို့သည် စတုရန်းလေးထောင့်ဖြစ်ကြ၏။
7:6 တိုင်များ၊ ထုပ်ကြီးများနှင့်ပြည့်စုံ၍ အလျားအတောင်ငါးဆယ်၊ အနံအတောင်သုံးဆယ်ရှိသော ကနားပြင်ကိုလည်းလုပ်လေ၏။
7:7 တရားစီရင်ရာ ကနားပြင်တည်းဟူသော တရားပလ္လင်တည်ရာ ကနားပြင်ကိုလည်းလုပ်၍၊ ကြမ်းတစ်ဖက်မှ တစ်ဖက်တိုင်အောင် အာရဇ်ပျဉ်ပြားတို့နှင့် မိုးလေ၏။
7:8 နန်းတော်နှင့်ဆိုင်သော ထိုကနားပြင်နှစ်ဆောင်စပ်ကြားမှာ တံတိုင်းလည်းရှိ၏။ ရှောလမုန်စုံဖက်သော ဖာရောဘုရင်၏သမီးစံနန်းကိုလည်း တရားစီရင်ရာ ကနားပြင်နှင့်တူအောင် ဆောက်လေ၏။
7:9 တံတိုင်းကြီး ပြင်ဘက်တိုင်အောင်လည်းကောင်း၊ အမြစ်မှစ၍ ထိပ်တိုင်အောင်လည်းကောင်း၊ ကျောက်ဆစ်ပမာဏနှင့်အညီ၊ နှစ်ဖက်စလုံး လွှနှင့်တိုက်သောကျောက်၊ ထူးဆန်းသော ကျောက်တို့ဖြင့် ပြီးကြ၏။
7:10 အမြစ်သည်လည်း အလျားရှစ်တောင်၊ ဆယ်တောင်ရှိသောကျောက်၊ ထူးဆန်းသောကျောက်ကြီးတို့ဖြင့်ပြီး၏။
7:11 အမြစ်ပေါ်မှာလည်း ကျောက်ဆစ်ပမာဏနှင့်အညီ လုပ်သောကျောက်၊ ထူးဆန်းသောကျောက်နှင့် အာရဇ်သစ်သားရှိ၏။
7:12 တံတိုင်းကြီးသည် ဆစ်သောကျောက်သုံးတန်း၊ အာရဇ်သစ်ကြီးတစ်တန်းဖြင့် ပြီး၏။ ဗိမာန်တော်အတွင်းတံတိုင်း၊ နန်းတော်ကနားပြင် တံတိုင်းတို့သည် ထိုအတူပြီးကြ၏။
7:13 ရှောလမုန်သည်လည်း၊ လူကိုစေလွှတ်၍ တုရုမြို့မှ ဟိရံကိုခေါ်လေ၏။
7:14 ထိုဟိရံကား၊ နဿလိအမျိုးမုဆိုးမသားဖြစ်၏။ သူ၏အဘကား၊ တုရုအမျိုးသားပန်းတဉ်းသမားဖြစ်၏။ သားသည်လည်း ကြေးဝါအလုပ်ခပ်သိမ်းကို လုပ်တတ်သောဉာဏ်ပညာနှင့်ပြည့်စုံသဖြင့်၊ ရှောလမုန်မင်းကြီးထံသို့လာ၍ အလုပ်ရှိသမျှကို ပြီးစီးစေ၏။
7:15 ထိုသူသည် အမြင့်တစ်ဆယ်ရှစ်တောင်၊ လုံးပတ်တစ်ဆယ်နှစ်တောင်ရှိသော ကြေးဝါတိုင်နှစ်တိုင်ကို သွန်းလေ၏။
7:16 တိုင်အပေါ်မှာတင်စရာဖို့ အမြင့်ငါးတောင်ရှိသော ကြေးဝါတိုင်ထိပ်နှစ်ခုကိုလည်း သွန်းလေ၏။
7:17 ကြေးဝါကွန်ရွက်နှင့် ကြေးဝါကြိုးတို့ကိုလည်းလုပ်၍၊ တိုင်တစ်တိုင်လျှင် ကွန်ရွက်ခုနစ်ခုစီဖြင့် တိုင်ထိပ်ပေါ်မှာ ဖုံးလွှမ်းလေ၏။
7:18 ကြေးဝါသလဲသီးတို့ကိုလည်း လုပ်၍၊ တိုင်ထိပ်ကွန်ရွက်အပေါ်မှာ ထိပ်တစ်ခုလျှင် သလဲသီးနှစ်တန်းစီဖြင့် တန်ဆာဆင်လေ၏။
7:19 ကနားပြင်ထဲမှာ စိုက်ထားသော ထိုတိုင်ထိပ်တို့သည် ကြာပွင့်နှင့်ပုံတူ၍ အချင်းလေးတောင်ရှိ၏။
7:20 တိုင်ထိပ်နှစ်ခုတို့သည် ကွန်ရွက်နှင့်နီးစပ်သော ထုပိကာအပေါ်မှာတည်လျက်၊ တိုင်ထိပ်တစ်ခု၌ သလဲသီးနှစ်တန်းစီနှင့် အလုံးနှစ်ရာစီရှိကြ၏။
7:21 ထိုတိုင်တို့ကို ဗိမာန်တော် ကနားပြင်ထဲမှာ စိုက်ထား၍ လက်ယာတိုင်ကိုယာခိန်၊ လက်ဝဲတိုင်ကို ဗောဇအမည်ဖြင့် မှည့်လေ၏။
7:22 တိုင်ထိပ်အပေါ်မှာ ကြာပွင့်အပြောက်ရှိသည်ဖြစ်၍ တိုင်တို့သည်စေ့စုံကြ၏။
7:23 အချင်းဆယ်တောင်၊ အဝန်းအတောင်သုံးဆယ်၊ အဇောက်ငါးတောင်ရှိသော ကြေးဝါရေကန်ကိုလည်းလုပ်လေ၏။
7:24 ရေကန်အနားပတ်အောက်ပတ်လည်၌ အတောင်တစ်တောင်လျှင် ဘူးသီးဆယ်လုံးစီစေ့အောင် ဘူးသီးနှစ်ပတ်ကို ရေကန်နှင့်တစ်စပ်တည်း သွန်းလေ၏။
7:25 ထိုရေကန်သည် နွားတစ်ဆယ်နှစ်ခုအပေါ်မှာ တည်လျက်ရှိ၏။ နွားတို့သည် အတွင်းသို့နောက်ခိုင်း၍ အရှေ့အနောက်တောင်မြောက် အရပ်လေးမျက်နှာသို့ တစ်မျက်နှာလျှင် သုံးခုစီမျက်နှာပြုကြ၏။
7:26 ရေကန်သည် ဒုလက်တစ်ဝါးရှိ၏။ အပေါ်အနားပတ်လည် ဖလားအနားပတ်ကဲ့သို့ ကြာပွင့်အပြောက်နှင့် ပြည့်စုံ၏။ ရေဗတ်နှစ်ထောင်ဝင်၏။
7:27 တစ်ဖန် အလျားလေးတောင်၊ အနံလေးတောင် အမြင့်သုံးတောင်ပမာဏရှိသော ကြေးဝါခုံတစ်ဆယ်ကိုလုပ်လေ၏။
7:28 ထိုခုံပုံသဏ္ဌာန်ဟူမူကား၊ ခုံပတ်လည်၌ အနားရစ်အဆင့်ဆင့်ရှိ၍ အနားရစ်ကြားမှာ၊
7:29 ခြင်္သေ့၊ နွား၊ ခေရုဗိမ်အပြောက်ရှိ၏။ အနားရစ်အပေါ်မှာ ခုံတစ်ခုတင်လျက်ရှိ၏။ ခြင်္သေ့နှင့်နွားအောက်၌လည်း အပြောက်မျိုးရှိ၏။
7:30 ခုံတစ်ခု၌ ကြေးဝါလှည်းဘီးလေးခုစီ၊ ကြေးဝါဝင်ရိုးနှင့်တကွ ရှိ၏။ အင်တုံတင်စရာဖို့ ခုံလေးထောင့်၌ ပခုံးတို့ကို ခုံနှင့်တစ်စပ်တည်း သွန်းလေ၏။
7:31 အင်တုံဝ၌ပါသော အကွပ်သည် အကျယ်တစ်တောင်ရှိ၏။ အဝသည် ဝိုင်း၍ အချင်းတစ်တောင်ထွာ ရှိ၏။ စတုရန်းလေးထောင့်၌ အပြောက်နှင့်ပြည့်စုံ၏။
7:32 ဘီးလေးခုတို့သည် ခုံမျက်နှာအောက်မှာ နေရာကျလျက်၊ ဝင်ရိုးတို့သည် ခုံနှင့်စပ်လျက်၊ ဘီးအမြင့် တစ်တောင်ထွာရှိ၏။
7:33 ဘီးပုံကား ရထားဘီးနှင့်တူ၏။ ဝင်ရိုး၊ ဝင်ရိုးအိမ်၊ အကန့်၊ အကွပ်များကို သွန်းလေ၏။
7:34 ခုံလေးထောင့်၌ တစ်စပ်တည်းသွန်းသော ပခုံးလေးခုရှိသဖြင့်၊
7:35 ထိုပခုံးပေါ်မှာ လုံးပတ်တစ်ထွာရှိသော ကွင်းကိုတပ်၍၊ ခုံပေါ်မှာ အနားရစ်နှင့် ကိုင်စရာများတို့ကို ခုံနှင့်တစ်စပ်တည်းသွန်းလေ၏။
7:36 ကိုင်စရာမျက်နှာနှင့် ခုံမျက်နှာပြင်၌ ခေရုဗိမ်၊ ခြင်္သေ့၊ စွန်ပလွံပင်အစရှိသော အပြောက်မျိုး အသီးအသီး ထင်ပေါ်လျက်ရှိ၏။
7:37 ထိုသို့ပုံသဏ္ဌာန်အလုံးအရပ်တူအောင်၊ အင်တုံတင်ရာခုံ တစ်ဆယ်ကို သွန်း၍ပြီးလေ၏။
7:38 အဝန်းလေးတောင်ကျယ်၍၊ ရေဗတ်လေးဆယ်ဝင်နိုင်သော ကြေးဝါအင်တုံတစ်ဆယ်ကိုလည်းလုပ်၍၊ ခုံတစ်ခုပေါ်မှာ အင်တုံတစ်လုံးစီ တင်ထားလေ၏။
7:39 အိမ်တော်လက်ယာဘက်၌ ခုံငါးခု၊ လက်ဝဲဘက်၌ငါးခုကိုထား၍ ရေကန်ကိုကား၊ အိမ်တော်လက်ယာဘက် အရှေ့တောင်ထောင့်၌ နေရာချ၏။
7:40 ဟိရံသည် အိုးများ၊ ရေမှုတ်များ၊ အင်တုံငယ်များကိုလည်းလုပ်သဖြင့်၊ ရှောလမုန်မင်းကြီးအဖို့ ထာဝရဘုရား၏အိမ်တော်၌ လက်စသတ်သောအရာများဟူမူကား၊
7:41 တိုင်နှစ်တိုင်၊ တိုင်ထိပ်အထွဋ်နှစ်ခု၊ တိုင်ထိပ်အထွဋ်ကို ဖုံးလွှမ်းစရာကွန်ရွက်နှစ်ရွက်၊
7:42 ဖုံးလွှမ်းစရာကွန်ရွက်တစ်ရွက်အဖို့ သလဲသီးနှစ်တန်းစီ၊ သလဲသီးပေါင်းလေးရာ၊
7:43 ခုံဆယ်ခု၊ ခုံပေါ်မှာတင်ထားသော အင်တုံဆယ်လုံး၊
7:44 ရေကန်တစ်ကန်၊ ရေကန်ကိုထောက်သော နွားတစ်ဆယ်နှစ်ခု၊
7:45 အိုးများ၊ ရေမှုတ်များ၊ အင်တုံငယ်များတည်း။ ရှောလမုန်မင်းကြီးအဖို့ ဟိရံလုပ်သမျှသော ထာဝရဘုရား၏ အိမ်တော်တန်ဆာတို့သည် ပြောင်ပြောင်တောက်သော ကြေးဝါဖြင့် ပြီးကြ၏။
7:46 ယော်ဒန်ချိုင့်၊ သကုတ်မြို့နှင့် ဇာသန်မြို့စပ်ကြားတွင် သရွတ်လုပ်စရာကောင်းသောမြေ၌ ရှင်ဘုရင်သွန်းလေ၏။
7:47 ထိုတန်ဆာတို့သည် အလွန်များသောကြောင့်၊ ရှောလမုန်သည် မချိန်ဘဲသွန်းထား၏။ ကြေးဝါအချိန်ကို အဘယ်သူမျှမသိ။
7:48 ရှောလမုန်သည်လည်း ထာဝရဘုရား၏အိမ်တော်နှင့် ဆိုင်သမျှသော တန်ဆာများတည်းဟူသောရွှေယဇ်ပလ္လင်၊ ရှေ့တော်မုန့်တင်စရာ ရွှေစားပွဲ၊
7:49 ဗျာဒိတ်ဌာနတော်ရှေ့၊ လက်ယာဘက်၌ ရွှေစင်မီးခုံငါးခု၊ လက်ဝဲဘက်၌ငါးခု၊ ရွှေပန်းပွင့်၊ ရွှေမီးခွက်၊ မီးကိုင်တန်ဆာ၊
7:50 ရွှေစင်ဖြင့်ပြီးသောခွက်များ၊ မီးညှပ်၊ လင်ပန်း၊ ဇွန်း၊ ပြာခံစရာအိုးများ၊ အလွန်သန့်ရှင်းရာဌာနတော် အတွင်းခန်းတံခါးနှင့် ဗိမာန်တော်ပြင်ခန်းတံခါး ဆွဲထားသော ရွှေပတ္တာများတို့ကိုလုပ်လေ၏။
7:51 ထိုသို့ ရှောလမုန်မင်းကြီးသည် ထာဝရဘုရား၏အိမ်တော်အဖို့ ပြုလုပ်စီရင်သမျှအလုံးစုံတို့ကို လက်စသတ်ပြီးမှ၊ ခမည်းတော်ဒါဝိဒ်လှူသော ရွှေငွေတန်ဆာများကိုဆောင်ခဲ့၍၊ ထာဝရဘုရား၏အိမ်တော်ဘဏ္ဍာစုထဲမှာ သွင်းထားလေ၏။