1 Kings 6
6:1 ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည်မှ ထွက်သော သက္ကရာဇ်လေးရာရှစ်ဆယ်ပြည့်၊ ရှောလမုန်မင်း နန်းစံလေးနှစ်၊ ဇိဖအမည်ရှိသော ဒုတိယလတွင်၊ ထာဝရဘုရား၏အိမ်တော်ကို တည်စပြုတော်မူ၏။
6:2 ထိုအိမ်တော်အလျားသည် အတောင်ခြောက်ဆယ်၊ အနံ အတောင်နှစ်ဆယ်၊ အမြင့် အတောင်သုံးဆယ်ရှိ၏။
6:3 အိမ်တော်ဦးသည်လည်း အိမ်တော်အနံနှင့်ညီ၍ အလျား အတောင်နှစ်ဆယ်၊ အနံ ဆယ်တောင်ရှိ၏။
6:4 အိမ်တော်လင်းစရာဖို့ ကျဉ်းသော ပြူတင်းပေါက်တို့ကို လုပ်လေ၏။
6:5 အိမ်တော်ပြင်ထရံနှင့် ဗျာဒိတ်ဌာနတော်ပြင် ထရံပတ်လည်၌ အခန်းတို့ကိုလည်း လုပ်လေ၏။
6:6 အောက်အခန်းသည် အနံငါးတောင်၊ အလယ်အခန်း အနံခြောက်တောင်၊ အထက်အခန်း အနံခုနစ်တောင်ရှိ၏။ အကြောင်းမူကား၊ အခန်းတို့သည် အိမ်တော်ထရံကိုယ်ထဲသို့ မဝင်။ ထရံဆုတ်လျက်၊ ဆုတ်လျက်တက်၏။
6:7 ထိုအိမ်တော်ကို တည်လုပ်သောအခါ၊ ထိုအရပ်သို့မဆောင်ခဲ့မီ ဆစ်ပြီးသော ကျောက်တို့ဖြင့်သာတည်လုပ်သောကြောင့်၊ သံတူ၊ ပုဆိန်၊ သံတန်ဆာနှင့်လုပ်သောအသံ မမြည်ရ။
6:8 အောက်အခန်းထဲသို့ဝင်သော တံခါးဝသည် အိမ်တော်လက်ယာဘက်မှာ ရှိ၏။ လိမ်သောလှေကားဖြင့် အလယ်အခန်းသို့လည်းကောင်း၊ အလယ်အခန်းမှ အထက်အခန်းသို့လည်းကောင်း၊ တက်ရ၏။
6:9 အိမ်တော်ကို တည်ပြီးမှ ထုပ်များတိုင်များကို အာရဇ်ပျဉ်ပြားနှင့် ဖုံးအုပ်လေ၏။
6:10 ထရံအခန်းတို့သည်လည်း အမြင့်ငါးတောင်စီ ရှိ၏။ အာရဇ်ရက်မတို့သည် အိမ်တော်ကိုမှီလျက် ရှိကြ၏။
6:11 ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ရှောလမုန်သို့ ရောက်လာသည်ကား၊
6:12 ယခုတည်ဆောက်သော အိမ်တော်အရာမှာ၊ သင်သည် ငါသွန်သင်သောလမ်းသို့ လိုက်လျက်၊ ငါစီရင်ချက်အတိုင်း စီရင်၍၊ ငါပညတ်သမျှတို့ကို စောင့်ရှောက်လျှင်၊ သင်၏အဘဒါဝိဒ်အား ငါကတိထားသည်အတိုင်း သင်၌ငါပြုမည်။
6:13 ငါ၏လူဣသရေလအမျိုးကို ငါမစွန့်။ သူတို့အလယ်၌ နေမည်ဟု မိန့်တော်မူ၏။
6:14 ထိုသို့ရှောလမုန်သည် အိမ်တော်ကိုတည်၍ ပြီးလေ၏။
6:15 ကြမ်းမှသည်အမိုးတိုင်အောင် အတွင်းထရံကို အာရဇ်ပျဉ်ပြားနှင့် ဖုံးအုပ်၍၊ ကြမ်းကိုလည်း ဒုကြီးသောထင်းရှူးပျဉ်ပြားဖြင့် ပြီးစေ၏။
6:16 အလွန်သန့်ရှင်းရာဌာန၊ ဗျာဒိတ်ဌာနတော်အဖို့ အလျားအနံ အတောင်နှစ်ဆယ်စီကျယ်သော အိမ်တော်တစ်ပိုင်းကိုအခန်းကာ၍ ကြမ်းနှင့် ထရံကို အာရဇ်ပျဉ်ပြားဖြင့် ပြီးစေ၏။
6:17 ထိုအခန်းရှေ့မှာတည်သော ဗိမာန်တော်အလျားသည် အတောင်လေးဆယ်ရှိ၏။
6:18 အိမ်တော်အတွင်း၌ အာရဇ်ပျဉ်ပြားတို့သည် ဘူးသီးအပြောက်၊ ပန်းပွင့်အပြောက်နှင့် ပြည့်စုံကြ၏။ ကျောက်မပေါ်စေခြင်းငှာ အာရဇ်သားနှင့်ဖုံးအုပ်လျက် သာရှိ၏။
6:19 ထိုသို့ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကို တင်ထားရန်၊ အိမ်တော်အတွင်း၌ ဗျာဒိတ်ဌာနတော်ကို ပြင်ဆင်လေ၏။
6:20 ဗျာဒိတ်ဌာနတော်အခန်းသည် အလျား အတောင်နှစ်ဆယ်၊ အနံ အတောင်နှစ်ဆယ်၊ အမြင့် အတောင်နှစ်ဆယ်ရှိ၏။ ထိုအခန်းကိုလည်းကောင်း၊ အာရဇ်သစ်သားနှင့်လုပ်သော ယဇ်ပလ္လင်ကိုလည်းကောင်း၊ ရွှေစင်နှင့်မွမ်းမံလေ၏။
6:21 ထိုသို့ အိမ်တော်အတွင်းကို ရွှေစင်နှင့်မွမ်းမံပြီးမှ၊ ဗျာဒိတ်ဌာနတော်ရှေ့မှာ ရွှေကြိုးဖြင့် အကွယ်အကာကို ဆွဲထား၍၊ ရွှေနှင့်မွမ်းမံလေ၏။
6:22 အိမ်တော်တစ်အိမ်လုံးကိုလည်းကောင်း၊ ဗျာဒိတ်ဌာနတော်နားမှာရှိသော ယဇ်ပလ္လင်ကိုလည်းကောင်း၊ ရွှေနှင့် အကုန်အစင် မွမ်းမံလေ၏။
6:23 ဗျာဒိတ်ဌာနတော်ထဲမှာ အမြင့်ဆယ်တောင်ရှိသော ခေရုဗိမ်နှစ်ပါးကို သံလွင်သားနှင့်လုပ်လေ၏။
6:24 ခေရုဗိမ်အတောင်တို့သည် တစ်ဖက်တစ်ချက် အလျားငါးတောင်စီရှိ၍၊ အတောင်ဖျား တစ်ခုမှ တစ်ခုတိုင်အောင် ဆယ်တောင်ရှိ၏။
6:25 အမြင့်ဆယ်တောင်ရှိသည်ဖြစ်၍၊ ခေရုဗိမ်နှစ်ပါးသည် အလုံးအရပ်ပမာဏတူ၏။
6:26 ထိုခေရုဗိမ်တို့ကို အတွင်းအိမ်တော်ထဲမှာ တင်ထားသဖြင့်၊ ခေရုဗိမ်အတောင်တို့သည် ဖြန့်လျက်၊
6:27 အတောင်ဖျား တစ်ဖက်တစ်ချက်၌ ထရံကိုမှီလျက်၊ အလယ်မှာ အတောင်ဖျား တစ်ခုနှင့်တစ်ခုထိလျက် ရှိကြ၏။
6:28 ခေရုဗိမ်တို့ကိုလည်း ရွှေနှင့်မွမ်းမံလေ၏။
6:29 အိမ်တော်ထရံအတွင်းဘက်နှင့် ပြင်ဘက်၌ထုသော ခေရုဗိမ်အရုပ်နှင့် အပွင့်ပွင့်သော စွန်ပလွံပင်အရုပ်များရှိကြ၏။
6:30 အိမ်တော်အတွင်း ကြမ်းနှင့် ပြင်ကြမ်းကိုလည်း ရွှေနှင့်မွမ်းမံလေ၏။
6:31 ဗျာဒိတ်ဌာနတော်ဝင်ဝဖို့ သံလွင်သား တံခါးရွက်နှစ်ရွက်ကို လုပ်၍၊ တံခါးထုပ်နှင့်တံခါးတိုင်တို့သည် ထရံငါးစုတစ်စုကို စားကြ၏။
6:32 သံလွင်သားတံခါးရွက်တို့၌ ခေရုဗိမ်အရုပ်၊ အပွင့်ပွင့်သော စွန်ပလွံပင်အရုပ်များကို ထုလုပ်၍၊ တံခါးရွက်နှင့်ခေရုဗိမ်အရုပ်၊ စွန်ပလွံပင်အရုပ်တို့ကို ရွှေနှင့်မွမ်းမံလေ၏။
6:33 ထိုအတူ အိမ်တော်ပြင်ထရံ လေးစုတစ်စု ကျယ်သောဝင်ဝဖို့ သံလွင်တံခါးတိုင်တို့ကိုလည်းကောင်း၊
6:34 တံခါးရွက်တစ်ရွက်လျှင် ပတ္တာနှစ်ခုစီဖြင့် လည်တတ်သော ထင်းရှူးသား တံခါးရွက်နှစ်ရွက်တို့ကိုလည်းကောင်း လုပ်လေ၏။
6:35 တံခါးရွက်၌ ခေရုဗိမ်အရုပ်နှင့် အပွင့်ပွင့်သော စွန်ပလွံပင်အရုပ်များကို ထုလုပ်၍ အပြောက်ကို ရွှေနှင့်မွမ်းမံလေ၏။
6:36 အတွင်းတံတိုင်းကိုလည်း ဆစ်သောကျောက်တန်း သုံးဆင့်၊ အာရဇ်သစ်သားတန်း တစ်ဆင့်နှင့် အထပ်ထပ်တည်လေ၏။
6:37 နန်းစံလေးနှစ်၊ ဇိဖလတွင် ထာဝရဘုရား၏အိမ်တော်တိုက်မြစ်ကို ချကြ၍၊
6:38 နန်းစံဆယ်တစ်နှစ်၊ ဗုလအမည်ရှိသော အဋ္ဌမလတွင် အိမ်တော် အခန်းကြီးအခန်းငယ်တို့နှင့် ဆိုင်သမျှတို့ကို လက်စသတ်၍ ခုနစ်နှစ်ပတ်လုံး အိမ်တော်ကို တည်ဆောက်သတည်း။