2 Kings 1
1:1 အာဟပ်မင်းသေသောနောက်၊ မောဘပြည်သည် ဣသရေလရှင်ဘုရင်ကို ပုန်ကန်လေ၏။
1:2 အာခဇိမင်းသည် ရှမာရိမြို့၌ အထက်အခန်းပြူတင်းပေါက်မှ ကျ၍ နာနေသောကြောင့်၊ ငါသည် ဤအနာမှာ ထမြောက်မည်လောဟု ဧကြုန်မြို့၏ဘုရား ဗာလဇေဗုပ်သို့သွား၍မေးမြန်းကြဟု မှာထား၍ သံတမန်တို့ကို စေလွှတ်လေ၏။
1:3 ထာဝရဘုရား၏ကောင်းကင်တမန်သည် တိရှဘိမြို့သား ဧလိယအားလည်း၊ ရှမာရိရှင်ဘုရင်စေလွှတ်သော သံတမန်တို့ကို ကြိုဆိုခြင်းငှာ ထသွားလော့။ ဣသရေလပြည်၌ ဘုရားသခင်မရှိသောကြောင့်၊ ဧကြုန်မြို့၏ဘုရားဗာလဇေဗုပ်သို့သွား၍ မေးမြန်းရသလော။
1:4 ထိုကြောင့် ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်သည် ယခုတက်သောသလွန်ပေါ်က နောက်တစ်ဖန်မဆင်းရ၊ စင်စစ်သေရမည်ဟု သူတို့အားဆင့်ဆိုရမည်အကြောင်း မိန့်တော်မူသည်အတိုင်း၊ ဧလိယသွားလေ၏။
1:5 သံတမန်တို့သည် ပြန်လာသောအခါ ရှင်ဘုရင်က၊ အဘယ်ကြောင့် ယခုပြန်လာကြသနည်းဟုမေးလျှင်၊
1:6 သူတို့က၊ လူတစ်ယောက်သည် ကျွန်တော်တို့ကို ကြိုဆိုခြင်းငှာလာ၍ သင်တို့ကိုစေလွှတ်သော ရှင်ဘုရင်ထံသို့ ပြန်ကြ။ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဣသရလပြည်၌ ဘုရားသခင်မရှိသောကြောင့်၊ ဧကြုန်မြို့၏ ဘုရားဗာလဇေဗုပ်သို့သွား၍ မေးမြန်းရသလော။ ထိုကြောင့် သင်သည် ယခုတက်သော သလွန်ပေါ်က နောက်တစ်ဖန်မဆင်းရ။ စင်စစ်သေရမည်ဟု ပြောရမည်အကြောင်း မှာထားပါသည်ဟု လျှောက်ကြ၏။
1:7 ရှင်ဘုရင်ကလည်း၊ သင်တို့ကိုကြိုဆိုခြင်းငှာ လာ၍ ဤသို့ပြောသောသူကား အဘယ်သို့သောသူနည်းဟု မေးလျှင်၊
1:8 သူတို့က၊ ထိုသူသည် ကိုယ်၌အမွေးများ၍ သားရေခါးပန်းကို စည်းသောသူဖြစ်ပါသည်ဟု လျှောက်ကြသော်၊ ထိုသူသည် တိရှဘိမြို့သားဧလိယဖြစ်လိမ့်မည်ဟု ရှင်ဘုရင်ဆိုလျက်၊
1:9 လူငါးကျိပ်အုပ်သော တပ်မှူးကိုစေလွှတ်၍၊ တပ်မှူးသည် တောင်ပေါ်မှာထိုင်သော ဧလိယထံသို့ ရောက်ပြီးလျှင်၊ အိုဘုရားသခင်၏လူ၊ သင်သည် ဆင်းရမည်အကြောင်း၊ ရှင်ဘုရင်အမိန့်တော်ရှိသည်ဟု ဆို၏။
1:10 ဧလိယကလည်း၊ ငါသည် ဘုရားသခင်၏လူမှန်လျှင်၊ ကောင်းကင်ကမီးကျ၍ သင်နှင့် သင်၏လူငါးကျိပ်တို့ကို လောင်ပါစေဟု လူငါးကျိပ်အုပ်သောတပ်မှူးအား ဆိုသည်အတိုင်း၊ ကောင်းကင်ကမီးကျ၍ သူနှင့်သူ၌ပါသောလူငါးကျိပ်တို့ကို လောင်လေ၏။
1:11 တစ်ဖန် လူငါးကျိပ်အုပ်သော တပ်မှူးတစ်ယောက်ကို ရှင်ဘုရင်စေလွှတ်၍၊ ထိုတပ်မှူးက၊ အိုဘုရားသခင်၏လူ၊ သင်သည် အလျင်အမြန်ဆင်းရမည်အကြောင်း ရှင်ဘုရင် အမိန့်တော်ရှိသည်ဟု ဆို၏။
1:12 ဧလိယကလည်း၊ ငါသည် ဘုရားသခင်၏လူမှန်လျှင် ကောင်းကင်ကမီးကျ၍ သင်နှင့် သင်၏လူငါးကျိပ်တို့ကို လောင်ပါစေဟု သူတို့အားဆိုသည်အတိုင်း၊ ဘုရားသခင်၏မီးသည် ကောင်းကင်ကကျ၍ သူနှင့် သူ၌ပါသောလူငါးကျိပ်တို့ကို လောင်လေ၏။
1:13 တစ်ဖန် လူငါးကျိပ်အုပ်သော တတိယတပ်မှူးကို ရှင်ဘုရင်စေလွှတ်သဖြင့်၊ ထိုတပ်မှူးသည်တက်၍ ဧလိယရှေ့မှာဒူးထောက်လျက်၊ အိုဘုရားသခင်၏လူ၊ ကျွန်တော်အသက်နှင့် ကိုယ်တော်ကျွန် ဤလူငါးကျိပ်တို့၏အသက်ကို နှမြောတော်မူပါ။
1:14 ကောင်းကင်ကမီးကျ၍ အခြားသောတပ်မှူးနှစ်ယောက်နှင့် သူတို့၌ပါသောလူတစ်ရာကို လောင်သော်လည်း၊ ကျွန်တော်အသက်ကို နှမြောတော်မူပါဟု တောင်းပန်လေ၏။
1:15 ထာဝရဘုရား၏ကောင်းကင်တမန်ကလည်း၊ သူနှင့်အတူ ဆင်းသွားလော့။ သူ့ကိုမကြောက်နှင့်ဟု ဧလိယအားဆိုသည်အတိုင်း၊ ဧလိယသည်ထ၍ ရှင်ဘုရင်ထံသို့ရောက်လျှင်၊
1:16 ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်သည် ဧကြုန်မြို့၏ဘုရားဗာလဇေဗုပ်၌ မေးမြန်းခြင်းငှာ အဘယ်ကြောင့် သံတမန်တို့ကိုစေလွှတ်သနည်း။ မေးမြန်းစရာဖို့ ဣသရေလပြည်၌ ဘုရားသခင်မရှိသောကြောင့် ထိုသို့ပြုသလော။ သို့ဖြစ်၍ သင်သည် ယခုတက်သော သလွန်ပေါ်က နောက်တစ်ဖန်မဆင်းရ။ စင်စစ်သေရမည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆို၏။
1:17 ဧလိယဆင့်ဆိုသော ထာဝရဘုရား၏စကားတော်အတိုင်း ရှင်ဘုရင်သေ၍၊ သားတော်မရှိသောကြောင့် ညီတော်ယောရံသည် ယုဒရှင်ဘုရင်ယောရှဖတ်သား ယဟောရံနန်းစံနှစ်နှစ်တွင် နန်းထိုင်လေ၏။
1:18 အာခဇိပြုမူသော အမှုအရာကြွင်းလေသမျှတို့သည်၊ ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။