2 Kings 2
2:1 ထာဝရဘုရားသည် ဧလိယကို လေပွေအားဖြင့် ကောင်းကင်သို့ ချီတော်မူချိန်နီးသောအခါ၊ ဧလိယသည် ဧလိရှဲနှင့်အတူ ဂိလဂါလမြို့သို့ သွား၏။
2:2 ဧလိယကလည်း၊ ဤအရပ်၌ နေရစ်ပါလော့။ ထာဝရဘုရားသည် ငါ့ကို ဗေသလမြို့သို့ စေလွှတ်တော်မူသည်ဟု ဧလိရှဲအားဆိုလျှင်၊ ဧလိရှဲက ထာဝရဘုရားအသက်၊ ကိုယ်တော်အသက်ရှင်တော်မူသည်အတိုင်း၊ ကိုယ်တော်နှင့်အကျွန်ုပ် မကွာရပါဟု ပြန်ပြောလျက်၊ ထိုသူနှစ်ယောက်တို့သည် ဗေသလမြို့သို့သွားကြ၏။
2:3 ထိုမြို့၌ရှိသော ပရောဖက်အမျိုးသားတို့သည် ဧလိရှဲကို ခရီးဦးကြိုပြုအံ့သောငှာ ထွက်လာ၍၊ ထာဝရဘုရားသည် ကိုယ်တော်သခင်ကို ကိုယ်တော်ခေါင်းမှ ယနေ့နုတ်သွားတော်မူမည်ကို သိတော်မူသလောဟု မေးလျှင်၊ ဟုတ်ကဲ့ ငါသိ၏။ တိတ်ဆိတ်စွာနေကြပါဟု ပြောဆို၏။
2:4 ဧလိယကလည်း၊ အို ဧလိရှဲ၊ ဤအရပ်၌နေရစ်ပါလော့။ ထာဝရဘုရားသည် ငါ့ကိုယေရိခေါမြို့သို့ စေလွှတ်တော်မူသည်ဟုဆိုလျှင်၊ ဧလိရှဲက၊ ထာဝရဘုရားအသက်၊ ကိုယ်တော်အသက် ရှင်တော်မူသည်အတိုင်း၊ ကိုယ်တော်နှင့်အကျွန်ုပ် မကွာရပါဟု ပြန်ပြောလျက်၊ ထိုသူနှစ်ယောက်တို့သည် ယေရိခေါမြို့သို့သွားကြ၏။
2:5 ထိုမြို့၌ရှိသော ပရောဖက်အမျိုးသားတို့သည် ဧလိရှဲထံသို့လာ၍ ထာဝရဘုရားသည် ကိုယ်တော်သခင်ကို ကိုယ်တော်ခေါင်းမှ၊ ယနေ့ နုတ်သွားတော်မူမည်ကို သိတော်မူသလောဟု မေးလျှင်၊ ဟုတ်ကဲ့ ငါသိ၏။ တိတ်ဆိတ်စွာ နေကြပါဟု ပြောဆို၏။
2:6 ဧလိယကလည်း ဤအရပ်၌ နေရစ်ပါလော့။ ထာဝရဘုရားသည် ငါ့ကိုယော်ဒန်မြစ်သို့ စေလွှတ်တော်မူသည်ဟု ဆိုလျှင်၊ ဧလိရှဲက၊ ထာဝရဘုရားအသက်၊ ကိုယ်တော်အသက်ရှင်တော်မူသည်အတိုင်း၊ ကိုယ်တော်နှင့် အကျွန်ုပ်မကွာရပါဟု ပြန်ပြောလျက်၊ ထိုသူနှစ်ယောက်တို့သည် အတူသွားကြ၏။
2:7 ပရောဖက်အမျိုးသားငါးကျိပ်တို့သည် အဝေးကကြည့်ရှုခြင်းငှာ သွား၍ရပ်နေကြ၏။ ထိုသူနှစ်ယောက်တို့သည် ယော်ဒန်မြစ်နားမှာ ရပ်နေကြ၏။
2:8 ဧလိယသည် မိမိဝတ်လုံကိုယူ၍လိပ်ပြီးမှ၊ ရေကိုရိုက်သဖြင့် ရေသည် တစ်ဖက်တစ်ချက်ကွဲ၍၊ ထိုသူနှစ်ယောက်တို့သည် မြေပေါ်မှာ လျှောက်သွားကြ၏။
2:9 မြစ်တစ်ဖက်သို့ ရောက်သောအခါ၊ ဧလိယက၊ သင်နှင့်ငါမကွာမီ ငါ၌ တစ်စုံတစ်ခုသောဆုကို တောင်းလော့ဟု ဧလိရှဲအားဆိုလျှင်၊ ဧလိရှဲက၊ ကိုယ်တော်ဝိညာဉ်နှစ်ဆသောအဖို့ကို အကျွန်ုပ်အပေါ်မှာ ရှိပါစေသောဟု တောင်းသော်၊
2:10 ဧလိယက သင်သည်ရခဲသောဆုကို တောင်း၏။ သင်နှင့်ငါကွာသည်ကို မြင်လျှင်ရမည်။ သို့မဟုတ် မရဟု ပြောဆို၏။
2:11 ထိုသို့ နှုတ်ဆက်လျက်သွားကြစဉ်တွင်၊ မီးရထားနှင့် မီးမြင်းတို့သည် ပေါ်လာ၍ ထိုသူနှစ်ယောက်တို့ကို ခွဲခွာသဖြင့်၊ ဧလိယသည် လေပွေအားဖြင့် ကောင်းကင်သို့ တက်လေ၏။
2:12 ဧလိရှဲသည် ကြည့်မြင်လျှင် ငါ့အဘ၊ ငါ့အဘ၊ ဣသရေလရထား၊ ဣသရေလမြင်းပါတကားဟု ဟစ်သော်လည်း၊ နောက်တစ်ဖန် ဧလိယကိုမမြင်ရ။ မိမိအဝတ်ကိုကိုင်၍ နှစ်ပိုင်းဆုတ်လေ၏။
2:13 အောက်သို့ကျသော ဧလိယဝတ်လုံကို ကောက်၍ ပြန်လေ၏။ ယော်ဒန်မြစ်နားမှာရပ်၍၊
2:14 ရေကို ဝတ်လုံနှင့်ရိုက်လျက်၊ ဧလိယကိုးကွယ်သော ဘုရားသခင်ထာဝရဘုရားသည် အဘယ်မှာရှိတော်မူသနည်းဟူ၍ တစ်ဖန် ရိုက်သောအခါ၊ ရေသည်တစ်ဖက်တစ်ချက်ကွဲသဖြင့် ဧလိရှဲသည်ကူးသွား၏။
2:15 ယေရိခေါမြို့မှာ ကြည့်ရှုသောပရောဖက်အမျိုးသားတို့သည် ဧလိရှဲကိုမြင်လျှင်၊ ဧလိယ၏ဝိညာဉ်သည် ဧလိရှဲအပေါ်မှာ ကျိန်းဝပ်သည်ဟုဆိုလျက် ခရီးဦးကြိုပြုအံ့သောငှာသွား၍ သူ့ရှေ့၌ မြေပေါ်မှာပျပ်ဝပ်ကြ၏။
2:16 သူတို့ကလည်း၊ ကိုယ်တော်ကျွန်တို့၌ ခွန်အားကြီးသောသူ ငါးကျိပ်ရှိပါ၏။ သူတို့သည်သွား၍ ကိုယ်တော်၏သခင်ကို ရှာမည်အကြောင်း၊ အခွင့်ပေးတော်မူပါ။ ထာဝရဘုရား၏ဝိညာဉ်တော်သည် သူ့ကိုချီယူ၍ တစ်စုံတစ်ခုသော တောင်ပေါ်၌ဖြစ်စေ၊ ချိုင့်ထဲသို့ဖြစ်စေ ချကောင်းချတော်မူလိမ့်မည်ဟု အခွင့်တောင်းလျှင်၊ မစေလွှတ်ကြနှင့်ဟု ဧလိရှဲသည် မြစ်တားသော်လည်း၊
2:17 သူတို့သည် ဧလိရှဲစိတ်အားလျော့သည်တိုင်အောင် အလွန်တောင်းပန်သောအခါ၊ စေလွှတ်ကြဟု ဆို၏။ သူတို့သည် လူငါးကျိပ်ကို စေလွှတ်သဖြင့်၊ သုံးရက်ပတ်လုံးရှာ၍ မတွေ့နိုင်ကြ။
2:18 ဧလိရှဲသည် ယေရိခေါမြို့မှာ နေသေးသည်ဖြစ်၍၊ လူတို့သည် ပြန်လာသောအခါ၊ မသွားကြနှင့်ဟု ငါမြစ်တားသည် မဟုတ်လောဟု ဆို၏။
2:19 ထိုမြို့သားတို့က၊ ကိုယ်တော်မြင်တော်မူသည်အတိုင်း၊ ဤမြို့တည်ရာအရပ်သည် သာယာပါ၏။ သို့ရာတွင် ရေမကောင်း၊ မြေလည်း ကိုယ်ဝန်ပျက်စေတတ်ပါသည်ဟု ဧလိရှဲအားလျှောက်ကြလျှင်၊
2:20 ဧလိရှဲက၊ ဘူးသစ်တစ်လုံးကို ဆားထည့်၍ ယူခဲ့ကြလော့ဟုဆိုသည်အတိုင်း ယူခဲ့ကြ၏။
2:21 ဧလိရှဲသည် စမ်းရေတွင်းသို့သွား၍ ဆားကိုခတ်လျက်၊ ထာဝရဘုရားမိန့်တော်မူသည်ကား ဤရေကိုငါချိုစေ၏။ နောက်တစ်ဖန် သေစေမည်အကြောင်း၊ ကိုယ်ဝန်ပျက်စေမည်အကြောင်းကို မပြုရဟု၊
2:22 ဧလိရှဲဆင့်ဆိုသောအမိန့်တော်အတိုင်း ထိုရေသည် ယနေ့တိုင်အောင် ချိုလေ၏။
2:23 ထိုမြို့မှ ဗေသလမြို့သို့ပြန်၍ ခရီးသွားစဉ်တွင်၊ လုလင်ပျိုတို့သည် မြို့ထဲကထွက်၍၊ ဟေဦးပြည်း၊ တက်ဦးလော့။ ဟေဦးပြည်း၊ တက်ဦးလော့ဟု ကဲ့ရဲ့ကြ၏။
2:24 ဧလိရှဲသည် လှည့်ကြည့်ပြီးလျှင်၊ ထာဝရဘုရား၏အခွင့်နှင့် ကျိန်ဆိုသဖြင့်၊ ဝံမနှစ်ကောင်တို့သည် တောထဲကထွက်၍ လုလင်ပျို လေးကျိပ်နှစ်ယောက်တို့ကို ကိုက်သတ်လေ၏။
2:25 ထိုမြို့မှ ကရမေလတောင်သို့လည်းကောင်း၊ ထိုတောင်မှ ရှမာရိမြို့သို့လည်းကောင်း အစဉ်အတိုင်းသွား၏။