2 Kings 10
10:1 အာဟပ်၏သားခုနစ်ကျိပ်တို့သည် ရှမာရိမြို့၌ ရှိသည်ဖြစ်၍၊ ယေဟုသည် ယေဇရေလမြို့အုပ်များ၊ အသက်ကြီးသူများ၊ အာဟပ်သားတို့ကိုလုပ်ကျွေးသော သူများရှိရာ၊ ရှမာရိမြို့သို့ စာရေး၍ ပေးလိုက်လေ၏။
10:2 မှာလိုက်သောစာချက်ဟူမူကား၊ သင်တို့၌ သင်တို့ သခင်၏သားများ၊ စစ်သူရဲ၊ မြင်းစီးသူရဲများ၊ ခိုင်ခံ့သောမြို့၊ လက်နက်စုံရှိသည်ဖြစ်၍၊ ဤစာရောက်သောအခါ၊
10:3 သင်တို့သခင်၏သားတို့တွင် သာ၍ ကောင်းမြတ်တော်သင့်သောသူကို ရွေးကောက်၍ ခမည်းတော်၏ရာဇပလ္လင်ပေါ်မှာ တင်ပြီးလျှင်၊ သခင်အမျိုးအဖို့ စစ်တိုက်ကြလော့ဟု မှာလိုက်သတည်း။
10:4 ထိုသူတို့က၊ ရှင်ဘုရင်နှစ်ပါးတို့သည် သူ့ရှေ့မှာ မခံမရပ်နိုင်သည်ဖြစ်၍၊ ငါတို့သည် အဘယ်သို့ ခံရပ်နိုင်မည်နည်းဟု အလွန်ကြောက်လျက် ဆိုကြ၏။
10:5 နန်းတော်အုပ်၊ မြို့အုပ်၊ အသက်ကြီးသူ၊ အာဟပ်သားတို့ကို လုပ်ကျွေးသောသူတို့ကလည်း၊ ကျွန်တော်တို့သည် ကိုယ်တော်ကျွန်ဖြစ်ပါ၏။ မိန့်တော်မူသည်အတိုင်း ပြုပါမည်။ ကျွန်တော်တို့သည် ရှင်ဘုရင်ကို မချီးမြှောက်ပါ။ အလိုတော်ရှိသည်အတိုင်း ပြုတော်မူပါဟု ယေဟုထံသို့ ပြန်စာကိုပေးလိုက်ကြ၏။
10:6 ယေဟုကလည်း၊ သင်တို့သည် ငါ၏လူဖြစ်၍ ငါ့စကားကို နားထောင်လျှင်၊ သင်တို့သခင့်သားတို့၏ ဦးခေါင်းများကိုယူ၍ ယေဇရေလမြို့၊ ငါရှိရာသို့ နက်ဖြန်နေ့ယခုအချိန်၌ လာကြလော့ဟု တစ်ဖန် စာပေးလိုက်လေ၏။ ရှင်ဘုရင်၏သားတော်ပေါင်း ခုနစ်ကျိပ်ရှိသည်ဖြစ်၍၊ လုပ်ကျွေးသော မြို့သားအကြီးအကဲတို့၌ ရှိကြ၏။
10:7 ထိုစာရောက်သောအခါ၊ ရှင်ဘုရင်၏သားတော် ခုနစ်ကျိပ်တို့ကိုယူ၍ သတ်သဖြင့်၊ ဦးခေါင်းများကို တောင်းတို့၌ ထည့်ပြီးလျှင်၊ ယေဇရေလမြို့၊ ယေဟုထံသို့ ပေးလိုက်လေ၏။
10:8 လုလင်တစ်ယောက်သည် လာ၍ ရှင်ဘုရင်သားတို့၏ ဦးခေါင်းများကို ဆောင်ခဲ့ပါပြီဟု လျှောက်လျှင်၊ ယေဟုက၊ မြို့တံခါးဝမှာ နံနက်တိုင်အောင် နှစ်စုပုံထားတော့ဟု ဆို၏။
10:9 နံနက်ရောက်မှ ယေဟုသည် ထွက်၍ရပ်လျက် လူများတို့အား၊ အိုဖြောင့်မတ်သောလူတို့၊ ငါသည် ငါ့သခင်တစ်ဖက်၌ သင်းဖွဲ့၍ သတ်လေပြီ။ ဤသူအပေါင်းတို့ကိုကား အဘယ်သူသတ်သနည်း။
10:10 ထာဝရဘုရားသည် အာဟပ်အမျိုး၌ မိန့်တော်မူသောစကားတော်တစ်ခွန်းမျှ မြေသို့မကျရသည်ကို သင်တို့သိမှတ်ကြလော့။ ထာဝရဘုရားသည် မိမိကျွန်ဧလိယအားဖြင့် မိန့်တော်မူသည်အတိုင်း ပြုတော်မူမည်ဟု ဆိုသဖြင့်၊
10:11 ယေဇရေလမြို့၌ ကျန်ကြွင်းသော အာဟပ်အမျိုးသားအပေါင်းတို့နှင့် သူ၏ လူကြီးပေါက်ဖော်၊ ယဇ်ပုရောဟိတ်အပေါင်းတို့ကို တစ်ယောက်မျှမကျန်စေဘဲ သတ်လေ၏။
10:12 နောက်မှထ၍ ရှမာရိမြို့သို့သွား၏။ လမ်းနားမှာရှိသော သိုးမွေးညှပ်ရာဇရပ်သို့ ရောက်သောအခါ၊
10:13 ယုဒရှင်ဘုရင်အာခဇိ၏ပေါက်ဖော်တို့ကိုတွေ့လျှင်၊ သင်တို့သည် အဘယ်သူနည်းဟု မေးသော်၊ ငါတို့သည် အာခဇိမင်း၏ ဆွေတော်မျိုးတော် ဖြစ်၏။ ရှင်ဘုရင်၏သားတော်တို့နှင့် မိဖုရား၏သားတော်တို့ကို နှုတ်ဆက်အံ့သောငှာ သွားသည်ဟု ဆိုကြ၏။
10:14 ယေဟုကလည်း၊ အရှင်ဖမ်းကြဟု စီရင်သည်အတိုင်း၊ အရှင်ဖမ်း၍ သိုးမွေးဇရပ်တွင်းနားမှာ လေးကျိပ်နှစ်ယောက်တို့ကို တစ်ယောက်မျှမကျန်စေဘဲ သတ်ကြ၏။
10:15 ထိုဇရပ်မှ ထွက်သောအခါ ခရီးဦးကြိုပြုအံ့ဟုလာသော ရေခပ်သားယောနဒပ်ကို တွေ့၍ နှုတ်ဆက်သဖြင့်၊ ငါ့စိတ်နှလုံးသည် သင့်စိတ်နှလုံးနှင့်သင့်၍ သဘောဖြောင့်သကဲ့သို့ သင့်စိတ်နှလုံးသည် သဘောဖြောင့်သလောဟု မေးလျှင်၊ ဖြောင့်ပါသည်ဟု လျှောက်ဆိုသော်၊ ထိုသို့မှန်လျှင် သင့်လက်ကိုပေးပါဟု ဆိုသည်အတိုင်း၊ လက်ကိုပေး၍ ယေဟုသည် မိမိအနားသို့ ရထားပေါ်မှာ ဆွဲတင်လျက်၊
10:16 ငါနှင့်အတူလိုက်၍ ထာဝရဘုရားဘက်၌ ငါ့စိတ်အားကြီးကြောင်းကို ကြည့်ရှုလော့ဟု ဆိုသဖြင့် မိမိရထားကို စီးစေ၏။
10:17 ရှမာရိမြို့သို့ရောက်သောအခါ၊ ထာဝရဘုရားသည် ဧလိယအားမိန့်တော်မူသော စကားတော်အတိုင်း၊ အာဟပ်အမျိုး အကုန်အစင် ပျက်စီးသည်တိုင်အောင် ထိုမြို့၌ ကျန်ကြွင်းလေသမျှတို့ကို သတ်လေ၏။
10:18 တစ်ဖန် ယေဟုသည် လူအပေါင်းတို့ကို စုဝေးစေ၍၊ အာဟပ်သည် ဗာလဘုရားကို အနည်းငယ်သာဝတ်ပြု၏။ ငါယေဟုမူကား များစွာပြုမည်။
10:19 သို့ဖြစ်၍ ဗာလဘုရား၏ပရောဖက်များ၊ အမှုစောင့်များ၊ ယဇ်ပုရောဟိတ်များ အပေါင်းတို့ကို ခေါ်ကြ။ တစ်ယောက်မျှ မကြွင်းစေနှင့်။ ငါသည် ဗာလဘုရားအား ယဇ်ကြီးကိုပူဇော်မည်။ ကြွင်းသောသူ မည်သည်ကား အသက်မရှင်ရဟု ဆို၏။ ထိုသို့ဆိုသော်၊ ဗာလကို ကိုးကွယ်သောသူတို့ကို ဖျက်ဆီးမည်အကြံနှင့် ပရိယာယ်ပြု၍ဆို၏။
10:20 ဗာလဘုရားအဖို့ ဓမ္မပွဲကိုပြင်ဆင်ကြဟု တစ်ဖန်စီရင်သည်အတိုင်း ဓမ္မပွဲကို စောင့်ရမည်ဟု ကြော်ငြာကြ၏။
10:21 ဣသရေလပြည် တစ်လျှောက်လုံးသို့ စေလွှတ်၍၊ ဗာလတပည့်ရှိသမျှတို့သည် တစ်ယောက်မျှမကြွင်း လာကြ၏။ ဗာလကျောင်းထဲသို့ ဝင်ကြသဖြင့် တစ်ကျောင်းလုံးပြည့်လျက်ရှိ၏။
10:22 ယေဟုသည် အဝတ်တန်ဆာတိုက်စိုးကိုခေါ်၍၊ ဗာလဘုရားတပည့်တို့အဖို့ အဝတ်တန်ဆာကို ထုတ်ကြဟု ဆိုသည်အတိုင်း ထုတ်လေ၏။
10:23 တစ်ဖန် ရေခပ်သားယောနဒပ်နှင့်အတူ ဗာလကျောင်းထဲသို့ဝင်၍၊ သင်တို့သည် ထာဝရဘုရားတပည့် တစ်ယောက်မျှမပါ၊ ဗာလဘုရားတပည့် သက်သက်ရှိစေမည်အကြောင်း ကြည့်ရှုစစ်ကြောကြလော့ဟု ဗာလတပည့်တို့အား ဆို၏။
10:24 မီးရှို့ရာယဇ်အစရှိသော ယဇ်မျိုးကိုပူဇော်ခြင်းငှာ အထဲသို့ဝင်သောအခါ၊ ယေဟုသည် ကျောင်းပြင်၌ လူရှစ်ကျိပ်ကိုထား၍၊ သင်တို့လက်သို့ ငါဆောင်ခဲ့သော ဤသူတစ်စုံတစ်ယောက်မျှလွတ်လျှင်၊ လွတ်စေသောသူသည် အသက်သေရမည်ဟု စီရင်၍၊
10:25 မီးရှို့ရာယဇ်ကို ပူဇော်မှုပြီးသောအခါ၊ ယေဟုကဝင်၍ သတ်ကြလော့။ တစ်ယောက်ကိုမျှ မထွက်စေနှင့်ဟု တပ်သားနှင့်တပ်မှူးတို့အား ဆိုသည်အတိုင်း၊ တပ်သားနှင့်တပ်မှူးတို့သည် ဓားနှင့်လုပ်ကြံ၍ အသေကောင်များကို ထုတ်ပစ်ပြီးမှ၊
10:26 ဗာလကျောင်းနှင့်ဆိုင်သော မြို့သို့သွား၍ ဗာလကျောင်းထဲက ရုပ်တုများကို ထုတ်ပြီးလျှင် မီးရှို့ကြ၏။
10:27 ဗာလ ဆင်းတုကိုလည်းကောင်း၊ ကျောင်းကိုလည်ကောင်း ဖြိုဖျက်၍ ယနေ့တိုင်အောင် ကိုယ်သုတ်သင်ရာအိမ် ဖြစ်စေကြ၏။
10:28 ထိုသို့ယေဟုသည် ဗာလကို ဣသရေလပြည်မှ ပယ်ရှားဖျက်ဆီးလေ၏။
10:29 သို့ရာတွင် ဣသရေလအမျိုးကို ပြစ်မှားစေသော နေဗတ်သားယေရောဗောင်၏ ဒုစရိုက်တည်းဟူသော၊ ဗေသလမြို့နှင့် ဒန်မြို့မှာရှိသော ရွှေနွားသငယ်တို့ကို မစွန့်။
10:30 ထာဝရဘုရားကလည်း၊ သင်သည်ငါ့ရှေ့မှာ ဖြောင့်သောအကျင့်ကိုကျင့်၍ ကောင်းမွန်စွာ ပြုသောကြောင့်လည်းကောင်း၊ ငါအလိုရှိသမျှအတိုင်း အာဟပ်အမျိုး၌ စီရင်သောကြောင့်လည်းကောင်း၊ သင့်သားမြေး လေးဆက်တိုင်အောင် ဣသရေလနိုင်ငံ ရာဇပလ္လင်ပေါ်မှာထိုင်ရမည်ဟု ယေဟုအား မိန့်တော်မူသော်လည်း၊
10:31 ယေဟုသည် ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရားတရားတော်လမ်းသို့ စိတ်နှလုံးအကြွင်းမဲ့ လိုက်ခြင်းငှာ သတိမပြု၊ ဣသရေလအမျိုးကိုပြစ်မှားစေသော ယေရောဗောင်၏ ဒုစရိုက်တို့ကို မစွန့်။
10:32 ထိုကာလတွင်၊ ထာဝရဘုရားသည် ဣသရေလပြည်စွန်းတို့ကို ဖြတ်တော်မူ၏။
10:33 ဟာဇေလသည် ယော်ဒန်မြစ်အရှေ့ဘက်၊ ဂဒ်အမျိုး၊ ရုဗင်အမျိုး၊ မနာရှေအမျိုး နေရာ၊ အာနုန်မြစ်နား၌ရှိသော အာရော်မြို့မှစ၍ ဂိလဒ်ပြည်၊ ဗာရှန်ပြည်တစ်လျှောက်လုံး အရပ်ရပ်တို့ကို လုပ်ကြံလေ၏။
10:34 ယေဟုပြုမူသော အမှုအရာကြွင်းလေသမျှတို့နှင့် တန်ခိုးကြီးခြင်းအရာသည်၊ ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။
10:35 ယေဟုသည် ရှမာရိမြို့၌မင်းပြု၍၊ ဣသရေလနိုင်ငံကို နှစ်ဆယ်ရှစ်နှစ်စိုးစံပြီးမှ၊ ဘိုးဘေးတို့နှင့် အိပ်ပျော်၍၊ ရှမာရိမြို့၌ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သားတော်ယောခတ်သည် ခမည်းတော်အရာ၌ နန်းထိုင်၏။