2 Kings 9
9:1 ထိုအခါပရောဖက်ဧလိရှဲသည် ပရောဖက်အမျိုးသားတစ်ယောက်ကို ခေါ်၍၊ သင်၏ခါးကို စည်းလော့။ ဤဆီဘူးကိုယူ၍ ဂိလဒ်ပြည် ရာမုတ်မြို့သို့ သွားလော့။
9:2 ရောက်သောအခါ၊ နိမ်ရှိသား ယောရှဖတ်၏သားယေဟုကိုရှာ၍ သူ့ထံသို့ဝင်လျက်၊ သူ့ကို သူ၏အပေါင်းအဖော်စုထဲက ထွက်စေ၍၊ အတွင်းအခန်းထဲသို့ခေါ်ပြီးလျှင်၊
9:3 ဤဆီဘူးကိုကိုင်၍ သူ၏ခေါင်းပေါ်၌ ဆီကိုလောင်းလျက်၊ ထာဝရဘုရားက၊ ငါသည်သင့်ကို ဣသရေလရှင်ဘုရင်အရာ၌ ခန့်ထား၍ ဘိသိက်ပေးသည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆိုပြီးမှ၊ တံခါးကိုဖွင့်၍ မဆိုင်းမလင့်ဘဲပြေးလော့ဟု မှာထားလေ၏။
9:4 ထိုပရောဖက်အမျိုးသား လုလင်သည် ဂိလဒ်ပြည် ရာမုတ်မြို့သို့သွား၏။
9:5 ရောက်သောအခါ၊ ဗိုလ်မင်းတို့သည် အတူထိုင်လျက်ရှိကြ၏။ ပရောဖက်က၊ အိုဗိုလ်မင်း၊ ကိုယ်တော်အား ပြောစရာရှိသည်ဟု ဆိုလျှင်၊ ယေဟုက၊ ငါတို့အပေါင်းတွင် အဘယ်သူအားပြောစရာရှိသနည်းဟု မေးသော်၊ အိုဗိုလ်မင်း၊ ကိုယ်တော်အား ပြောစရာရှိသည်ဟု ပြန်ဆို၏။
9:6 ထိုအခါ ယေဟုသည် ထ၍အိမ်ထဲသို့ဝင်သဖြင့်၊ ပရောဖက်သည် သူ၏ခေါင်းပေါ်၌ ဆီကိုလောင်းလျက်၊ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားက၊ ငါသည်သင့်ကို ထာဝရဘုရား၏လူ ဣသရေလအမျိုး၏ ရှင်ဘုရင်အရာ၌ ခန့်ထား၍ ဘိသိက်ပေး၏။
9:7 ငါ့ကျွန်ပရောဖက်တို့ကိုသတ်သောအပြစ်၊ ထာဝရဘုရား၏ ပရောဖက်အပေါင်းကို သတ်သောအပြစ်အလျောက်၊ ယေဇဗေလ၌ ငါဒဏ်ပေးမည်အကြောင်း၊ သင်သည် သင့်သခင်အာဟပ်အမျိုးကို လုပ်ကြံရမည်။
9:8 အာဟပ်အမျိုးသားရှိသမျှတို့ကို ပျက်စီးစေခြင်းငှာ၊ ဣသရေလမြို့ရွာ၌ အချုပ်ခံသောသူဖြစ်စေ၊ အလွတ်ပြေးသောသူဖြစ်စေ၊ အာဟပ်အမျိုးသား ယောက်ျားများကိုငါပယ်ဖြတ်မည်။
9:9 အာဟပ်အမျိုးကို နေဗတ်၏သား ယေရောဗောင်အမျိုးကဲ့သို့လည်းကောင်း၊ အဟိယ၏သား ဗာရှာအမျိုးကဲ့သို့လည်းကောင်း ဖြစ်စေမည်။
9:10 ယေဇဗေလကို သင်္ဂြိုဟ်သောသူ မရှိ။ ယေဇရေလမြေကွက်၌၊ ခွေးတို့သည် သူ့ကိုစားကြလိမ့်မည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆိုပြီးမှ တံခါးကိုဖွင့်၍ ပြေး၏။
9:11 ထိုအခါ ယေဟုသည် မိမိသခင်၏ကျွန်တို့ရှိရာသို့ ထွက်၍၊ တစ်ယောက်က၊ ရှိသမျှကောင်းသလော။ ထိုအရူးသည် အဘယ်ကြောင့် လာသနည်းဟု မေးလျှင်၊ ယေဟုက၊ သင်တို့သည် ထိုသူကိုလည်းကောင်း၊ သူပြောသော စကားကိုလည်းကောင်း သိကြ၏ဟုဆိုသော်၊
9:12 သူတို့က ငါတို့မသိ။ ပြောပါလော့ဟု ဆိုပြန်သော်၊ ယေဟုက၊ ထိုသူသည် ဤမည်သောစကားကို ပြော၏။ ထာဝရဘုရားက၊ ငါသည်သင့်ကို ဣသရေလရှင်ဘုရင်အရာ၌ ခန့်ထား၍ ဘိသိက်ပေးသည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆိုသည်ဟု ပြန်ပြောသောအခါ၊
9:13 သူတို့သည် အလျင်အမြန်ထသဖြင့်၊ အသီးအသီး မိမိတို့ဝတ်လုံကိုယူ၍ လှေကားထိပ်ပေါ် ယေဟုအောက်မှာ ခင်းလျက်၊ ယေဟုသည် ရှင်ဘုရင်ဖြစ်တော်မူ၏ဟုတံပိုးမှုတ်၍ ဟစ်ကြော်ကြ၏။
9:14 ထိုသို့ နိမ်ရှိသားယောရှဖတ်၏သားယေဟုသည် ယောရံမင်းတစ်ဖက်သင်း ဖွဲ့လေ၏။ ထိုအခါ ရှုရိရှင်ဘုရင် ဟာဇေလကြောင့်၊ ယောရံမင်းနှင့် ဣသရေလလူအပေါင်းတို့သည် ဂိလဒ်ပြည်ရာမုတ်မြို့ကို စောင့်ရှောက်ကြ၏။
9:15 သို့ရာတွင် ယောရံမင်းသည် ရှုရိရှင်ဘုရင်ဟာဇေလကို စစ်တိုက်သောအခါ၊ ရှုရိလူထိခိုက်သော အနာကို ပျောက်စေခြင်းငှာ ယေဇရေလမြို့သို့ ပြန်သွားနှင့်ပြီ။ ယေဟုကလည်း၊ သင်တို့အလိုရှိလျှင်၊ ယေဇရေလမြို့သို့သွား၍ သတင်းကြားပြောရသောသူ တစ်စုံတစ်ယောက်ကိုမျှ မြို့ထဲကမထွက်မသွားစေနှင့်ဟု စီရင်၏။
9:16 ထိုသို့ ယောရံမင်းသည် ယေဇရေလမြို့၌ ရှိနေသောကြောင့်၊ ယေဟုသည် ရထားကိုစီး၍ ထိုမြို့သို့သွား၏။ ထိုအခါ ယုဒရှင်ဘုရင်အာခဇိသည်လည်း၊ ယောရံမင်းကို ကြည့်ရှုအံ့သောငှာ ရောက်လာပြီ။
9:17 ယေဇရေလမြို့၌ မျှော်စင်ပေါ်မှာ စောင့်သောသူသည် ရပ်လျက်၊ ယေဟုနှင့်လိုက်လာသော အလုံးအရင်းကို မြင်သောအခါ၊ လူအလုံးအရင်းကို ငါမြင်သည်ဟု ဆိုလျှင်၊ ဆီးကြိုခြင်းငှာသွား၍ ငြိမ်သက်ခြင်းရှိသလောဟု မေးမည်အကြောင်း၊ ယောရံသည် မြင်းစီးသူရဲတစ်ယောက်ကို စေလွှတ်သည်အတိုင်း၊
9:18 မြင်းစီးသူရဲသည် ဆီးကြိုခြင်းငှာသွား၍၊ ငြိမ်သက်ခြင်းရှိသလောဟု ရှင်ဘုရင်မေးတော်မူကြောင်းကိုပြောဆိုသော်၊ ယေဟုက၊ သင်သည် ငြိမ်သက်ခြင်းနှင့် အဘယ်သို့ဆိုင်သနည်း။ ငါ့နောက်သို့လှည့်၍ လိုက်လော့ဟုဆို၏။ စောင့်သောသူကလည်း၊ မြင်းစီးသူရဲသည် အလုံးအရင်းသို့ရောက်၍ ပြန်မလာပါဟုဆိုသော်၊
9:19 ရှင်ဘုရင်သည် အခြားသော မြင်းစီးသူရဲတစ်ယောက်ကို စေလွှတ်ပြန်၍၊ သူသည် ရောက်သောအခါ၊ ငြိမ်သက်ခြင်းရှိသလောဟု ရှင်ဘုရင်မေးတော်မူကြောင်းကို ပြောဆိုသော်၊ ယေဟုက၊ သင်သည် ငြိမ်သက်ခြင်းနှင့် အဘယ်သို့ဆိုင်သနည်း။ ငါ့နောက်သို့လှည့်၍ လိုက်လော့ဟု ဆို၏။
9:20 စောင့်သောသူကလည်း၊ မြင်းစီးသူရဲသည် ရောက်၍ ပြန်မလာပါ။ လာသောသူသည် နိမ်ရှိသားယေဟုနှင်တတ်သကဲ့သို့ အလွန်ပြင်းထန်စွာနှင်၍ လာပါသည်ဟုဆို၏။
9:21 ယောရံမင်းကလည်း၊ မြင်းရထားကို ပြင်ဆင်လော့ဟု ဆိုသည်အတိုင်း၊ မြင်းရထားကို ပြင်ဆင်ကြ၏။ ဣသရေလရှင်ဘုရင် ယောရံနှင့် ယုဒရှင်ဘုရင်အာခဇိတို့သည် ရထားတော်တစ်ခုစီစီးလျက် ယေဟုကို ဆီးကြိုမည်ဟု ထွက်သွား၍၊ ယေဇရေလမြို့သား နာဗုတ်၏မြေကွက်တွင် တွေ့ကြ၏။
9:22 ယောရံသည် ယေဟုကိုမြင်လျှင်၊ ယေဟု ငြိမ်သက်ခြင်းရှိသလောဟု မေးသော်၊ ယေဟုက၊ သင့်အမိယေဇဗေလပြုသော အဓမ္မမေထုန်အမှု၊ ပြုစားသောအမှု များသောကာလအတွင်းတွင်၊ အဘယ်သို့သော ငြိမ်သက်ခြင်းရှိလိမ့်မည်နည်းဟု ပြန်ပြောသော်၊
9:23 ယောရံက၊ အိုအာခဇိ၊ ပုန်ကန်မှုပါတကားဟုဆိုလျက် လှည့်၍ပြေး၏။
9:24 ယေဟုသည်လည်း လေးကိုတင်၍ပစ်သဖြင့်၊ ယောရံကို ပခုံးကြားမှာ မှန်၏။ မြားသည်လည်း နှလုံးကို ထုတ်ချင်းဖောက်၍၊ ယောရံသည် ရထားတော်ပေါ်မှာလဲနေ၏။
9:25 ယေဟုကလည်း၊ သူ့ကိုဆွဲ၍ ယေဇရေလမြို့သား နာဗုတ်မြေကွက်၌ ချပစ်လော့။ သင်နှင့်ငါသည် သူ့အဘအာဟပ်နောက်သို့ မြင်းစီး၍ လိုက်သောအခါ၊ ဤအမှုကို ထာဝရဘုရား ဗျာဒိတ်ထားတော်မူသည်ကို မမှတ်မိသလော။
9:26 အကယ်စင်စစ် နာဗုတ်အသွေး၊ သူ့သားတို့၏အသွေးကို မနေ့က ငါကြည့်မြင်ပြီဟု ထာဝရဘုရားမိန့်တော်မူ၏။ ဤမြေကွက်၌ သင့်ကို အပြစ်နှင့်အလျောက် ငါဒဏ်ပေးမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။ သို့ဖြစ်၍ ထာဝရဘုရား၏အမိန့်တော်ရှိသည် အတိုင်း၊ ဤမြေကွက်၌ အလောင်းကိုချပစ်လော့ဟု မိမိရထားမှူးဗိဒကကို ဆို၏။
9:27 ထိုအမှုကို ယုဒရှင်ဘုရင်အာခဇိသည်မြင်လျှင်၊ ဥယျာဉ်စံနန်းလမ်းဖြင့် ပြေး၏။ ယေဟုကလည်း၊ သူ့ကို ရထားပေါ်မှာထိုးတော့ဟု လိုက်လျက်ဆိုသည်အတိုင်း၊ ဣဗလံမြို့နား၊ ဂုရမြို့သို့သွားသောလမ်းတွင် ပြုကြသဖြင့်၊ သူသည် မေဂိဒ္ဒေါမြို့သို့ပြေး၍ သေ၏။
9:28 သူ၏ကျွန်တို့သည် အလောင်းကို ရထားပေါ်သို့တင်ပြီးလျှင်၊ ယေရုရှလင်မြို့သို့ ဆောင်သွား၍၊ ဒါဝိဒ်မြို့တွင် မိမိသင်္ချိုင်း၌ ဘိုးဘေးတို့နှင့်အတူ သင်္ဂြိုဟ်ကြ၏။
9:29 ထိုမင်းအာခဇိသည် အာဟပ်သား ယောရံနန်းစံ ဆယ်နှစ်နှစ်တွင် ယုဒနိုင်ငံ၌ နန်းထိုင်၏။
9:30 ယေဟုသည် ယေဇရေလမြို့သို့ရောက်သည်ကို ယေဇဗေလသည် ကြားလျှင်၊ မျက်ခမ်းတို့ကို ဆေးသုတ်၍ ဆံပင်ကိုတန်ဆာဆင်ပြီးမှ၊ ပြူတင်းပေါက်ဝ၌ ကြည့်ရှုလျက်နေ၏။
9:31 ယေဟုသည် တံခါးဝသို့ဝင်သောအခါ ယေဇဗေလက၊ မိမိသခင်ကိုသတ်သော ဇိမရိသည် ချမ်းသာရသလောဟု မေးလျှင်၊
9:32 ယေဟုသည် မျှော်ကြည့်၍၊ ငါ့ဘက်မှာအဘယ်သူနေသနည်း။ အဘယ်သူဟု မေးလေသော်၊ မိန်းမစိုး နှစ်ယောက်သုံးယောက်တို့သည် ပြူတင်းပေါက်ထဲက ကြည့်ရှုကြ၏။
9:33 ယေဟုက၊ သူ့ကိုတွန်းချလိုက်ဟု ဆိုသည်အတိုင်း တွန်းချသဖြင့်၊ သူ၏အသွေးသည် နန်းတော်ထရံအပေါ်၌လည်းကောင်း၊ မြင်းတို့အပေါ်၌လည်းကောင်း စဉ်၏။ ယေဟုသည် သူ့ကိုယ်ကို နင်းလေ၏။ အထဲသို့ဝင်၍၊
9:34 စားသောက်ပြီးမှ၊ ထိုကျိန်အပ်သောမိန်းမသည် ရှင်ဘုရင်သမီးဖြစ်သောကြောင့်၊ သွားကြည့်၍သင်္ဂြိုဟ်လော့ဟု ဆိုသည်အတိုင်း၊
9:35 သင်္ဂြိုဟ်ခြင်းငှာ သွားသောအခါ၊ ဦးခေါင်းခွံ၊ ခြေဖျား၊ လက်ဝါးတို့ကိုသာတွေ့သောကြောင့်၊ တစ်ဖန်လာ၍ ကြားလျှောက်ကြ၏။
9:36 ယေဟုက၊ ယေဇရေလေမြေကွက်၌ ခွေးတို့သည် ယေဇဗေလ၏အသားကို စားကြလိမ့်မည်ဟု ထာဝရဘုရားသည် မိမိကျွန်တိရှဘိမြို့သား ဧလိယအားဖြင့် မိန့်တော်မူသောစကားတော်သည် ဤသို့ပြည့်စုံပြီ။
9:37 သို့ဖြစ်၍ ဤသင်္ချိုင်းသည် ယေဇဗေလသင်္ချိုင်းဖြစ်၏ဟု အဘယ်သူမျှ မပြောနိုင်မည်အကြောင်း၊ သူ၏အလောင်းသည် ယေဇရေလမြေကွက်တွင်၊ လယ်ပြင်၌ နောက်ချေးကဲ့သို့ရှိရလိမ့်မည်ဟု ဆို၏။