2 Kings 12
12:1 ယေဟုနန်းစံ ခုနစ်နှစ်တွင် ယောရှသည် အသက်ခုနစ်နှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ အနှစ်လေးဆယ်စိုးစံ၏။ မယ်တော်ကား၊ ဗေရရှေဘမြို့သူ ဇိဗိအမည်ရှိ၏။
12:2 ယဇ်ပုရောဟိတ် ယောယဒသွန်သင်သော ကာလပတ်လုံးယောရှသည် ထာဝရဘုရားရှေ့တော်၌ တရားသောအမှုကို ပြု၏။
12:3 သို့ရာတွင် မြင့်သောအရပ်တို့ကို မပယ်ရှားသောကြောင့်၊ လူတို့သည် ထိုအရပ်တို့၌ယဇ်ပူဇော်၍ နံ့သာပေါင်းကို မီးရှို့ကြ၏။
12:4 ယောရှမင်းကလည်း၊ ဗိမာန်တော်ထဲသို့သွင်းသော အလှူဥစ္စာကိုရောင်း၍ ရသောငွေ၊ စာရင်းဝင်သောသူတိုင်း ကိုယ်အတွက်ပေးသောငွေ၊ ကိုယ်ဖိုးဖြတ်၍ ရသောငွေ၊ အလိုလို လှူသောငွေရှိသမျှကို၊
12:5 ယဇ်ပုရောဟိတ်တို့သည် မိမိတို့အသိအကျွမ်း လှူသည်အတိုင်းခံယူ၍၊ ဗိမာန်တော်ပြိုပျက်ရာရှိသမျှတို့ကို ပြုပြင်ကြစေဟု ယဇ်ပုရောဟိတ်တို့အား မိန့်တော်မူ၏။
12:6 သို့သော်လည်း ယောရှမင်းကြီး နန်းစံနှစ်ဆယ်သုံးနှစ်တွင်၊ ယဇ်ပုရောဟိတ်တို့သည် ဗိမာန်တော်ပြိုပျက်ရာတို့ကို မပြုပြင်ကြသေး။
12:7 ထိုအခါ ယောရှမင်းကြီးသည် ယဇ်ပုရောဟိတ် ယောယဒနှင့် အခြားသော ယဇ်ပုရောဟိတ်တို့ကို ခေါ်၍၊ သင်တို့သည် ဗိမာန်တော်ပြိုပျက်ရာတို့ကို အဘယ်ကြောင့် မပြုပြင်ဘဲနေကြသနည်း။ နောက်တစ်ဖန် အသိအကျွမ်းလှူသော ငွေကို ကိုယ်တိုင်မယူကြနှင့်။ ဗိမာန်တော်ပြိုပျက်ရာတို့ကို ပြုပြင်ဖို့ရာအပ်ကြလော့ဟု ဆိုသည်အတိုင်း၊
12:8 ယဇ်ပုရောဟိတ်တို့သည် နောက်တစ်ဖန် လူများလှူသောငွေကို မခံရ။ ဗိမာန်တော်ပြိုပျက်ရာကိုလည်း မပြုပြင်ရဟု ဝန်ခံကြ၏။
12:9 ယဇ်ပုရောဟိတ် ယောယဒသည် သေတ္တာကိုယူ၍ အဖုံးကိုဖောက်ပြီးလျှင်၊ ဗိမာန်တော်အထဲသို့ ဝင်သောလမ်း လက်ယာဘက်ယဇ်ပလ္လင်နားမှာ ထားလေ၏။ ဗိမာန်တော်သို့ဆောင်ခဲ့သော ငွေရှိသမျှကို တံခါးစောင့် ယဇ်ပုရောဟိတ်တို့သည် သေတ္တာထဲမှာထားကြ၏။
12:10 ငွေများသည်ကိုသိမြင်လျှင်၊ ရှင်ဘုရင်၏စာရေးတော်ကြီးနှင့် ယဇ်ပုရောဟိတ်မင်းသည်လာ၍ ဗိမာန်တော်၌စုသောငွေကို ထုတ်ထားလျက် စာရင်းယူ၏။
12:11 ထိုသို့ ချိန်ထားသောငွေကို ဗိမာန်တော်အုပ် အမှုတော်စောင့်တို့၌အပ်၍၊ ဗိမာန်တော်၌ အလုပ်လုပ်သော လက်သမား၊
12:12 ပန်းရန်သမား၊ ကျောက်ဆစ်သမားတို့အတွက် ဗိမာန်တော်ပြိုပျက်ရာကို ပြုပြင်စရာကျောက်နှင့် သစ်သားကိုဝယ်၍ ကုန်သမျှသောအတွက် ပေးဝေကြ၏။
12:13 ဗိမာန်တော်အဖို့ငွေဖလား၊ မီးညှပ်၊ အင်တုံ၊ တံပိုး၊ ရွှေတန်ဆာ၊ ငွေတန်ဆာတို့ကို ထိုငွေနှင့်မလုပ်သေး။
12:14 အလုပ်လုပ်သောသူတို့အားသာ ပေး၍၊ ဗိမာန်တော်ကို ပြုပြင်ကြ၏။
12:15 အလုပ်လုပ်သောသူတို့အားပေးစေခြင်းငှာ၊ ငွေကို လက်ခံသောသူတို့သည် သစ္စာစောင့်သောသူ ဖြစ်သောကြောင့် စာရင်းမပေးကြ။
12:16 ဒုစရိုက်ငွေ၊ အပြစ်ငွေကိုမူကား၊ ဗိမာန်တော်သို့ မသွင်းဘဲ ယဇ်ပုရောဟိတ်တို့သည် ယူကြ၏။
12:17 ထိုအခါ ရှုရိရှင်ဘုရင်ဟာဇေလသည် ဂါသမြို့ကို စစ်ချီ၍တိုက်ယူပြီးမှ၊ ယေရုရှလင်မြို့သို့ ချီအံ့သောငှာ အားထုတ်လေ၏။
12:18 ယုဒရှင်ဘုရင်ယောရှသည် ဘိုးတော်ဘေးတော်တည်းဟူသော ယုဒရှင်ဘုရင်ယောရှဖတ်၊ ယဟောရံ၊ အာခဇိလှူသမျှသော တန်ဆာနှင့် ကိုယ်တိုင်သန့်ရှင်းစေသမျှသော တန်ဆာများ၊ ဗိမာန်တော်ဘဏ္ဍာ၊ နန်းတော်ဘဏ္ဍာတွင် တွေ့သမျှသောရွှေကိုယူ၍ ရှုရိရှင်ဘုရင် ဟာဇေလထံသို့ ပေးလိုက်သောကြောင့်၊ ဟာဇေလသည် ယေရုရှလင်မြို့ကိုထား၍ သွား၏။
12:19 ယောရှပြုမူသောအမှုအရာ ကြွင်းလေသမျှတို့သည် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။
12:20 ထိုမင်း၏ကျွန် ရှိမတ်သား ယောဇဗဒ်နှင့် ရှိမရိတ်သားယဟောဇဗပ်တို့သည် ထ၍ သင်းဖွဲ့ပြီးလျှင်၊ သိလရွာသို့ သွားသောလမ်း၊ မိလ္လောစံနန်းတွင် ယောရှကို သေအောင်လုပ်ကြံ၍၊
12:21 ဘိုးဘေးတို့နှင့်အတူ ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ကြ၏။ သားတော်အာမဇိသည် ခမည်းတော်အရာ၌ နန်းထိုင်၏။