2 Kings 13
13:1 ယုဒရှင်ဘုရင်အာခဇိသား ယောရှနန်းစံ နှစ်ဆယ်သုံးနှစ်တွင်၊ ယေဟုသားယောခတ်သည် ရှမာရိမြို့၌ မင်းပြု၍ ဣသရေလနိုင်ငံကို ဆယ်ခုနစ်နှစ်စိုးစံ၏။
13:2 ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၍၊ ဣသရေလအမျိုးကို ပြစ်မှားစေသော နေဗတ်သား ယေရောဗောင်၏ ဒုစရိုက်အပြစ်တို့ကိုမရှောင်၊ လိုက်လေ၏။
13:3 ထိုကြောင့် ထာဝရဘုရားသည် ဣသရေလအမျိုးကို အမျက်ထွက်၍၊ ယောခတ်မင်းလက်ထက် ကာလပတ်လုံး၊ ရှုရိရှင်ဘုရင် ဟာဇေလနှင့် သူ၏သားဗင်္ယာဒဒ်လက်သို့ ဣသရေလအမျိုးကို အပ်တော်မူ၏။
13:4 တစ်ဖန် ယောခတ်သည် ထာဝရဘုရားကို တောင်းပန်လေ၏။ ရှုရိရှင်ဘုရင်ညှဉ်းဆဲ၍ ဣသရေလအမျိုးသည် အလွန်ခံရကြောင်းကို ထာဝရဘုရားသည်မြင်၍ ယောခတ်စကားကို နားထောင်တော်မူ၏။
13:5 ထိုကြောင့် ထာဝရဘုရားသည် ကယ်တင်သောသခင်ကို ပေးတော်မူသဖြင့်၊ ဣသရေလအမျိုးသားတို့သည် ရှုရိလူတို့လက်မှ ထွက်မြောက်၍ အထက်ကနည်းတူ မိမိတို့နေရာ၌ နေရကြ၏။
13:6 သို့ရာတွင် ဣသရေလအမျိုးကို ပြစ်မှားစေသော ယေရောဗောင်မင်းမျိုး၏ ဒုစရိုက်အပြစ်တို့ကိုမရှောင်၊ လိုက်ကြ၏။ ရှမာရိမြို့၌လည်း အာရှရပင် ရှိသေး၏။
13:7 ရှုရိရှင်ဘုရင်သည် ဣသရေလအမျိုးသားတို့ကို ဖျက်ဆီး၍၊ စပါးနင်းရာတွင် လွင့်သောအမှုန့်ကဲ့သို့ ဖြစ်စေသဖြင့်၊ မြင်းစီးသူရဲ ငါးကျိပ်၊ ရထားတစ်ဆယ်၊ ခြေသည်သူရဲတစ်သောင်းကိုသာ ယောခတ်၌ကြွင်းစေ၏။
13:8 ယောခတ်ပြုမူသော အမှုအရာကြွင်းလေသမျှတို့နှင့် တန်ခိုးကြီးခြင်းအရာသည် ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။
13:9 ယောခတ်သည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍၊ ရှမာရိမြို့၌ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သားတော်ယဟောရှသည် ခမည်းတော်အရာ၌ နန်းထိုင်၏။
13:10 ယုဒရှင်ဘုရင်ယောရှ နန်းစံသုံးဆယ်ခုနစ်နှစ်တွင်၊ ယောခတ်သား ယဟောရှသည် ရှမာရိမြို့၌မင်းပြု၍ ဣသရေလနိုင်ငံကို ဆယ်ခြောက်နှစ် စိုးစံ၏။
13:11 ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၍ ဣသရေလအမျိုးကို ပြစ်မှားစေသော နေဗတ်သားယေရောဗောင်၏ ဒုစရိုက်အပြစ်ကိုမရှောင်၊ အကုန်အစင်လိုက်လေ၏။
13:12 ယဟောရှပြုမူသော အမှုအရာကြွင်းလေသမျှ၊ ယုဒရှင်ဘုရင်အာမဇိကို စစ်တိုက်ရာတွင်၊ တန်ခိုးကြီးခြင်းအရာသည် ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။
13:13 ယဟောရှသည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍၊ ဣသရေလရှင်ဘုရင်တို့နှင့်အတူ ရှမာရိမြို့၌ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သားတော်ယေရောဗောင်သည် ခမည်းတော်အရာ၌ နန်းထိုင်၏။
13:14 ထိုအခါ ဧလိရှဲသည် သေနာစွဲ၍ နာနေစဉ်တွင်၊ ဣသရေလရှင်ဘုရင်ယဟောရှသည် လာ၍ သူ့ရှေ့မှာငိုကြွေးလျက် ငါ့အဘ၊ ငါ့အဘ၊ ဣသရေလရထား၊ ဣသရေလမြင်းပါတကားဟု ဆို၏။
13:15 ဧလိရှဲကလည်း၊ လေးနှင့် မြားတို့ကို ယူလော့ဟု ဆိုသည်အတိုင်း ရှင်ဘုရင်ယူ၏။
13:16 လေးကိုတင်လော့ဟု တစ်ဖန်ဆိုသည်အတိုင်း လေးကိုတင်၍၊ ဧလိရှဲသည် မိမိလက်ကို ရှင်ဘုရင်လက်ပေါ်မှာ တင်လျက်၊
13:17 အရှေ့ပြူတင်းပေါက်ကို ဖွင့်လော့ဟုဆို၍ ဖွင့်လေ၏။ ပစ်လော့ဟုဆိုသည်အတိုင်း ရှင်ဘုရင်သည် ပစ်လေ၏။ ဧလိရှဲကလည်း၊ ထာဝရဘုရား ကယ်တင်တော်မူရာမြား၊ ရှုရိမင်းလက်မှ ကယ်နုတ်ရာမြားဖြစ်၏။ အာဖက်မြို့၌ ရှုရိလူတို့ကို အကုန်အစင်လုပ်ကြံရလိမ့်မည်ဟု ဆို၏။
13:18 မြားတို့ကိုယူဦးလော့ဟု တစ်ဖန်ဆိုသည်အတိုင်း၊ ရှင်ဘုရင်သည် ယူ၏။ မြေပေါ်သို့ ရိုက်လော့ဟုဆို၍ သုံးကြိမ်ရိုက်လေ၏။
13:19 ထိုအခါ ဘုရားသခင်၏လူသည် အမျက်ထွက်၍၊ အဘယ်ကြောင့် ငါးကြိမ်ခြောက်ကြိမ် မရိုက်သနည်း။ ထိုသို့ရိုက်လျှင်၊ ရှုရိလူတို့ကို အကုန်အစင် လုပ်ကြံရလိမ့်မည်။ ယခုမူကား၊ သုံးကြိမ်သာ လုပ်ကြံရလိမ့်မည်ဟု ဆို၏။
13:20 ဧလိရှဲသေ၍ သင်္ဂြိုဟ်ခြင်းကိုခံပြီးမှ၊ နောင်နှစ်တွင် မောဘတပ်သားတို့သည် ဣသရေလပြည်ကို တိုက်လာကြ၏။
13:21 ဣသရေလလူတို့သည် လူတစ်ယောက်ကို သင်္ဂြိုဟ်စဉ်တွင်၊ မောဘတပ်လာသည်ကို မြင်၍၊ အလောင်းကို ဧလိရှဲသင်္ချိုင်းတွင်း၌ ချထားကြ၏။ သေသောသူသည် အောက်သို့ရောက်၍၊ ဧလိရှဲအရိုးတို့ကို ထိသောအခါ၊ အသက်ရှင်ပြန်သဖြင့် မတ်တတ်ထ၏။
13:22 ရှုရိရှင်ဘုရင်ဟာဇေလသည် ယောခတ်လက်ထက် ကာလပတ်လုံး ဣသရေလအမျိုးကို ညှဉ်းဆဲ၏။
13:23 ထာဝရဘုရားသည် သူတို့ကိုသနားစုံမက်၍ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့နှင့် ဖွဲ့တော်မူခဲ့သော ပဋိညာဉ်ကို အောက်မေ့လျက် သူတို့ကို မဖျက်ဆီး၊ အထံတော်မှ မနှင်ထုတ်သေးဘဲ ကြည့်ရှုပြုစုတော်မူ၏။
13:24 ရှုရိရှင်ဘုရင်ဟာဇေလသေ၍၊ သားတော်ဗင်္ဟာဒဒ်သည် ခမည်းတော်အရာ၌ နန်းထိုင်၏။
13:25 ဟာဇေလသည်စစ်တိုက်၍ ယောခတ်မင်းလက်မှ နုတ်ယူသော မြို့ရွာတို့ကို ယောခတ်သား ယဟောရှသည် ဟာဇေလသားဗင်္ဟာဒဒ်လက်မှ တစ်ဖန်နုတ်ယူ၏။ သုံးကြိမ်တိုင်အောင် ယဟောရှသည်နိုင်၍ ဣသရေလမြို့ရွာတို့ကို ရပြန်လေ၏။