2 Kings 14
14:1 ဣသရေလရှင်ဘုရင် ယောခတ်သားယဟောရှ နန်းစံနှစ်နှစ်တွင်၊
14:2 ယုဒရှင်ဘုရင် ယောရှသားအာမဇိသည် အသက်နှစ်ဆယ်ငါးနှစ်ရှိသော် နန်းထိုင်၍ ယေရုရှလင်မြို့၌ နှစ်ဆယ်ကိုးနှစ်စိုးစံ၏။ မယ်တော်ကား၊ ယေရုရှလင်မြို့သူ ယုဒ္ဒန်အမည်ရှိ၏။
14:3 ထိုမင်းသည် ထာဝရဘုရား ရှေ့တော်၌ တရားသောအမှုကိုပြုသော်လည်း၊ အဘဒါဝိဒ်၏ အကျင့်ကိုမမီ၊ ခမည်းတော်ယောရှပြုသမျှအတိုင်း ပြု၏။
14:4 သို့ရာတွင် မြင့်သောအရပ်တို့ကို မပယ်ရှားသောကြောင့်၊ လူတို့သည် ထိုအရပ်တို့၌ ယဇ်ပူဇော်၍ နံ့သာပေါင်းကို မီးရှို့ကြ၏။
14:5 အာမဇိသည် မင်းအာဏာတည်သောအခါ၊ ခမည်းတော်မင်းကြီးကို သတ်သောကျွန်တို့ကို သတ်လေ၏။
14:6 သားအတွက် အဘသည် အသေမခံရ။ အဘအတွက် သားသည် အသေမခံရ။ လူတိုင်းမိမိအပြစ်ကြောင့် အသေခံရ၏ဟု မောရှေပညတ္တိကျမ်းစာ၌ ရေးထားလျက်ရှိသော ထာဝရဘုရား၏ပညတ်တော်ကို စောင့်ရှောက်၍ ခမည်းတော်ကိုသတ်သောသူတို့၏ သားများကို မသတ်ဘဲနေ၏။
14:7 အာမဇိမင်းသည် ဧဒုံအမျိုးသားတစ်သောင်းကို ဆားချိုင့်၌သတ်၍ သေလမြို့ကိုတိုက်သဖြင့်၊ ယနေ့တိုင်အောင် ယုဿလေဟူ၍ သမုတ်လေ၏။
14:8 ထိုအခါ ဣသရေလရှင်ဘုရင်ယေဟုသား ယောခတ်၏သား ယဟောရှထံသို့ သံတမန်ကို စေလွှတ်၍၊ ငါတို့သည် မျက်နှာချင်းဆိုင်မိကြကုန်အံ့ဟု မှာလိုက်လျှင်၊
14:9 ဣသရေလရှင်ဘုရင် ယဟောရှက၊ လေဗနုန် ဆူးပင်သည် လေဗနုန်အာရဇ်ထံသို့ စေလွှတ်၍၊ သင့်သမီးကို ငါ့သားနှင့် ပေးစားပါဟု ဆိုစဉ်တွင်၊ လေဗနုန်သားရဲတစ်ကောင်သည် လျှောက်သွား၍ ဆူးပင်ကိုနင်းမိ၏။
14:10 သင်သည် ဧဒုံပြည်ကို လုပ်ကြံသောကြောင့် စိတ်မြင့်လှ၏။ ကိုယ်နေရာ၌ တတ်တိုင်းဝါကြွားလျက် နေလော့။ သင့်ကိုယ်တိုင်နှင့် ယုဒပြည်သည် ဘေးရောက်၍ ဆုံးရှုံးစေခြင်းငှာ အဘယ်ကြောင့် အမှုရှာသနည်းဟု ယုဒရှင်ဘုရင်အာမဇိကို ပြန်၍မှာလိုက်လေ၏။
14:11 ထိုစကားကို အာမဇိသည် နားမထောင်သောကြောင့်၊ ဣသရေလရှင်ဘုရင်သည် စစ်ချီ၍ ရှင်ဘုရင်နှစ်ပါးတို့သည် ယုဒပြည် ဗက်ရှေမက်မြို့၌ မျက်နှာချင်းဆိုင်မိကြသဖြင့်၊
14:12 ဣသရေလအမျိုးသားရှေ့မှာ ယုဒအမျိုးသားရှုံး၍ အသီးအသီးတို့သည် မိမိတို့နေရာသို့ ပြေးကြ၏။
14:13 ဣသရေလရှင်ဘုရင် ယဟောရှသည်၊ ယုဒရှင်ဘုရင်အာခဇိသားဖြစ်သော ယောရှ၏သားအာမဇိကို ဗက်ရှေမက်မြို့မှာ ဖမ်းမိ၍၊ ယေရုရှလင်မြို့သို့ သွားပြီးလျှင် ယေရုရှလင်မြို့ရိုး အတောင်လေးရာကို ဧဖရိမ်တံခါးမှသည် ထောင့်တံခါးတိုင်အောင် ဖြိုဖျက်လေ၏။
14:14 ဗိမာန်တော်၌လည်းကောင်း၊ နန်းတော်ဘဏ္ဍာတိုက်၌လည်းကောင်း၊ ရှိသမျှသော ရွှေငွေမှစ၍ တန်ဆာအလုံးစုံနှင့် အာမခံသောသူအချို့တို့ကိုယူပြီးမှ ရှမာရိမြို့သို့ပြန်သွား၏။
14:15 ယဟောရှပြုမူသော အမှုအရာကြွင်းလေသမျှ၊ တန်ခိုးကြီးခြင်း၊ ယုဒရှင်ဘုရင်အာမဇိကို စစ်တိုက်ခြင်းအရာသည် ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။
14:16 ယဟောရှသည် ဘိုးဘေးတို့နှင့် အိပ်ပျော်၍၊ ဣသရေလရှင်ဘုရင်တို့နှင့်အတူ ရှမာရိမြို့၌ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သားတော်ယေရောဗောင်သည် ခမည်းတော်အရာ၌ နန်းထိုင်၏။
14:17 ဣသရေလရှင်ဘုရင် ယောခတ်သား ယဟောရှသေသည်နောက်၊ ယုဒရှင်ဘုရင်ယောရှသား အာမဇိသည် တစ်ဆယ်ငါးနှစ် အသက်ရှင်သေး၏။
14:18 အာမဇိပြုမူသောအမှုအရာကြွင်းလေသမျှတို့သည် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။
14:19 ထိုမင်းတစ်ဖက် ယေရုရှလင်မြို့၌ သင်းဖွဲ့ကြ၍၊ သူသည် လာခိရှမြို့သို့ပြေးသည်တွင်၊ ထိုမြို့သို့ စေလွှတ်၍ သတ်စေပြီးမှ၊
14:20 မြင်းပေါ်၌တင်လျက် ယေရုရှလင်မြို့သို့ ဆောင်ခဲ့၍ ဘိုးဘေးတို့နှင့်အတူ ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ကြ၏။
14:21 ယုဒပြည်သူပြည်သား အပေါင်းတို့သည် အသက်တစ်ဆယ့်ခြောက်နှစ်ရှိသော သားတော်ဩဇိကိုယူ၍ ခမည်းတော်အာမဇိအရာ၌ နန်းတင်ကြ၏။
14:22 ထိုမင်းသည် ခမည်းတော်သေသည်နောက်၊ ဧလတ်မြို့ကိုပြုစု၍ ယုဒနိုင်ငံထဲသို့ သွင်းပြန်၏။
14:23 ယုဒရှင်ဘုရင်ယောရှသား အာမဇိ နန်းစံဆယ်ငါးနှစ်တွင်၊ ဣသရေလရှင်ဘုရင် ယဟောရှသား ယေရောဗောင်သည် ရှမာရိမြို့၌မင်းပြု၍ လေးဆယ်တစ်နှစ်စိုးစံ၏။
14:24 ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၍၊ ဣသရေလအမျိုးကို ပြစ်မှားစေသော နေဗတ်သား ယေရောဗောင်၏ ဒုစရိုက်အပြစ်ကို မစွန့်ဘဲနေ၏။
14:25 ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားသည် မိမိကျွန် ဂါသေဖာမြို့နေ၊ အမိတ္တဲ၏သား ပရောဖက်ယောနအားဖြင့် မိန့်တော်မူသောစကားတော်အတိုင်း၊ ထိုမင်းသည် ဣသရေလနိုင်ငံကို ဟာမက်မြို့ဝင်ဝမှသည် ချိုင့်ပင်လယ်တိုင်အောင် ရန်သူလက်မှနုတ်၍ ပြုစုလေ၏။
14:26 အကြောင်းမူကား၊ ဣသရေလအမျိုးခံရသော ညှဉ်းဆဲခြင်း အလွန်လေးလံသည်ကိုလည်းကောင်း၊ မြို့၌ အချုပ်ခံရသော သူဖြစ်စေ၊ အလွတ်ပြေးသောသူ ဖြစ်စေ၊ ဣသရေလအမျိုး၌ မစနိုင်သောသူ မရှိသည်ကိုလည်းကောင်း၊ ထာဝရဘုရားသည်မြင်လျှင်၊
14:27 ဣသရေလအမျိုး၏နာမကို မိုးကောင်းကင်အောက်၌ မပျောက်စေမည်အကြောင်း ကြံတော်မူ၍၊ ယဟောရှသား ယေရောဗောင်အားဖြင့် ကယ်တင်တော်မူ၏။
14:28 ယေရောဗောင်ပြုမူသော အမှုအရာကြွင်းလေသမျှတို့နှင့် တန်ခိုးကြီးခြင်း၊ စစ်တိုက်ခြင်း၊ အထက်က ယုဒနိုင်ငံအဝင်ဖြစ်သော ဒမာသက်မြို့နှင့် ဟာမက်မြို့ကို ဣသရေလအမျိုးအဖို့၊ ရန်သူလက်မှ နုတ်ယူခြင်းအရာတို့သည် ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။
14:29 ယေရောဗောင်သည် ဘိုးတော်ဘေးတော် ဣသရေလရှင်ဘုရင်တို့နှင့် အိပ်ပျော်၍ သားတော်ဇာခရိသည် ခမည်းတော်အရာ၌ နန်းထိုင်၏။