2 Kings 16
16:1 ရေမလိသားပေကာ နန်းစံဆယ်ခုနစ်နှစ်တွင် ယုဒရှင်ဘုရင်ယောသံသား အာခတ်သည် အသက်နှစ်ဆယ်ရှိသော်နန်းထိုင်၍၊
16:2 ယေရုရှလင်မြို့၌ ဆယ်ခြောက်နှစ် စိုးစံလေ၏။ ထိုမင်းသည် အဘဒါဝိဒ်ကဲ့သို့မကျင့်၊ ထာဝရဘုရားရှေ့တော်၌ တရားသောအမှုကို မပြု၊
16:3 ဣသရေလရှင်ဘုရင်တို့ လိုက်သောလမ်းသို့ လိုက်၍၊ ထာဝရဘုရားသည် ဣသရေလအမျိုးသားတို့ရှေ့မှ၊ နှင်ထုတ်တော်မူသော တစ်ပါးအမျိုးသားတို့၏ ရွံရှာဖွယ်ထုံးစံအတိုင်း၊ မိမိသားကို မီးဖြင့်ပူဇော်၏။
16:4 မြင့်သောအရပ်၊ တောင်ပေါ်၊ သစ်ပင်အောက်တို့၌ ပူဇော်၍ နံ့သာပေါင်းကိုမီးရှို့တတ်၏။
16:5 ထိုအခါ ရှုရိရှင်ဘုရင်ရေဇိန်နှင့် ဣသရေလရှင်ဘုရင် ရေမလိသားပေကာသည် ယေရုရှလင်မြို့သို့ စစ်ချီ၍ အာခတ်မင်းကို ဝိုင်းထားသော်လည်း မနိုင်ရ။
16:6 သို့ရာတွင်၊ ရှုရိရှင်ဘုရင်ရေဇိန်သည် ဧလတ်မြို့ကို ရှုရိနိုင်ငံသို့သွင်းပြန်၍၊ ယုဒလူတို့ကို နှင်ထုတ်သဖြင့်၊ ရှုရိလူတို့သည် လာ၍ ယနေ့တိုင်အောင် ဧလတ်မြို့၌ နေကြ၏။
16:7 ထိုကြောင့် အာခတ်သည် အာရှုရိရှင်ဘုရင် တိဂလတ်ပိလေသာထံသို့ သံတမန်ကိုစေလွှတ်၍၊ ကျွန်ုပ်သည် ကိုယ်တော်သား၊ ကိုယ်တော်ကျွန်ဖြစ်ပါ၏။ လာပါ။ ကျွန်ုပ်ကိုရန်ဘက်ပြုသော ရှုရိရှင်ဘုရင်နှင့် ဣသရေလရှင်ဘုရင်လက်မှ ကယ်ယူပါဟု တောင်းပန်၏။
16:8 တစ်ဖန် ဗိမာန်တော်၌လည်းကောင်း၊ နန်းတော်ဘဏ္ဍာတိုက်၌လည်းကောင်း ရှိသောရွှေငွေကိုယူ၍ အာရှုရိရှင်ဘုရင်ထံသို့ လက်ဆောင်ပေးလိုက်လေ၏။
16:9 အာရှုရိရှင်ဘုရင်သည် နားထောင်၍ ဒမာသက်မြို့သို့စစ်ချီ၍ တိုက်ယူပြီးလျှင်၊ ပြည်သားတို့ကို ကိရမြို့သို့ သိမ်းသွား၏။ ရေဇိန်မင်းကိုလည်းသတ်၏။
16:10 အာခတ်မင်းကြီးသည် အာရှုရိရှင်ဘုရင်ကို ခရီးဦးကြိုပြုခြင်းငှာ ဒမာသက်မြို့သို့သွား၏။ ထိုမြို့မှာရှိသော ယဇ်ပလ္လင်ကိုမြင်လျှင်၊ ပလ္လင်ပုံ၊ အတိုင်းအရှည်၊ တန်ဆာရှိသမျှကိုရေး၍ ယဇ်ပုရောဟိတ်ဥရိယထံသို့ ပေးလိုက်၏။
16:11 ထိုသို့ ဒမာသက်မြို့မှ အာခတ်မင်းပေးလိုက်သမျှအတိုင်း၊ ယဇ်ပုရောဟိတ်ဥရိယသည် အာခတ်မင်း မရောက်မီ လုပ်နှင့်ပြီ။
16:12 ရှင်ဘုရင်သည် ဒမာသက်မြို့မှရောက်လာသောအခါ၊ ထိုယဇ်ပလ္လင်ကိုမြင်၍ ချဉ်းကပ်သဖြင့်၊
16:13 မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သကာကိုမီးရှို့၏။ သွန်းလောင်းရာပူဇော်သကာကိုလည်း သွန်းလောင်း၏။ မိတ်သဟာယယဇ်အသွေးကိုလည်း ယဇ်ပလ္လင်ပေါ်မှာဖျန်းလေ၏။
16:14 ထာဝရဘုရားရှေ့တော်၌ရှိသော ကြေးဝါယဇ်ပလ္လင်ကို ဗိမာန်တော်ရှေ့၊ ယဇ်ပလ္လင်ကြီးနှင့် ဗိမာန်တော်စပ်ကြားအရပ်မှရွှေ့၍ ယဇ်ပလ္လင်ကြီး မြောက်ဘက်၌ ထား၏။
16:15 တစ်ဖန် ယဇ်ပုရောဟိတ်ဥရိယကို မှာထားသည်ကား၊ နံနက်မီးရှို့ရာယဇ်နှင့် ညဥ့်ဦးယံဘောဇဉ် ပူဇော်သကာ၊ ရှင်ဘုရင်မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သကာ၊ ပြည်သူပြည်သား မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သကာ၊ သွန်းလောင်းရာ ပူဇော်သကာတို့ကို ယဇ်ပလ္လင်ကြီးပေါ်မှာ မီးရှို့လော့။ မီးရှို့ရာယဇ် အစရှိသော ယဇ်မျိုးအသွေးကိုလည်း ထိုပလ္လင်ပေါ်မှာဖျန်းလော့။ ကြေးဝါယဇ်ပလ္လင်သည် ငါမေးမြန်းစရာဖို့ ရှိရမည်ဟု၊
16:16 အာခတ်မင်းကြီးမှာထားသမျှအတိုင်း ယဇ်ပုရောဟိတ်ဥရိယပြု၏။
16:17 အာခတ်မင်းကြီးသည် ကြေးဝါခုံတန်ဆာတို့ကို ပယ်၍ အင်တုံကိုလည်းရွှေ့၏။ ကြေးဝါရေကန်ကိုလည်း ကြေးဝါနွားတို့အပေါ်က ချ၍ ကျောက်ခင်းပေါ်မှာ တင်ထား၏။
16:18 ဗိမာန်တော်၌ ဥပုသ်စောင့်စရာဖို့ ဆောက်သောမဏ္ဍပ်ကိုလည်းကောင်း၊ ရှင်ဘုရင်တက်ရာ စောင်းတန်းကိုလည်းကောင်း၊ အာရှုရိရှင်ဘုရင်ကြောင့်ပယ်၏။
16:19 အာခတ်ပြုမူသော အမှုအရာကြွင်းလေသမျှတို့သည် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။
16:20 အာခတ်သည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍၊ သူတို့နှင့်အတူ ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ခြင်းကိုခံလေ၏။ သားတော်ဟေဇကိသည် ခမည်းတော်အရာ၌ နန်းထိုင်၏။