2 Kings 17
17:1 ယုဒရှင်ဘုရင်အာခတ် နန်းစံဆယ်နှစ်နှစ်တွင် ဧလာသားဟောရှေသည် နန်းထိုင်၍ ရှမာရိမြို့၌ ဣသရေလနိုင်ငံကို ကိုးနှစ်စိုးစံလေ၏။
17:2 ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ဒုစရိုက်ကိုပြု၏။ သို့သော်လည်း သူ့ရှေ့မှာဖြစ်ဖူးသော ဣသေလရှင်ဘုရင်တို့ပြုသော ဒုစရိုက်ကိုမမီ။
17:3 ထိုမင်းကို အာရှုရိရှင်ဘုရင် ရှာလမနေဇာသည်စစ်ချီ၍ ဟောရှေသည်ကျွန်ခံသဖြင့် အခွန်ဆက်ရ၏။
17:4 နောက်တစ်ဖန် နှစ်တိုင်းဆက်ရသော အခွန်ကိုမဆက်။ သွာအမည်ရှိသော အဲဂုတ္တုရှင်ဘုရင်ထံသို့ သံတမန်ကိုစေလွှတ်၍၊ ပုန်ကန်မည့်အကြံရှိသည်ကို အာရှုရိရှင်ဘုရင်သိသဖြင့်၊ ဟောရှေကိုဖမ်းဆီး၍ ထောင်ထဲမှာချုပ်ထားပြီးလျှင်၊
17:5 ဣသရေလပြည် တစ်လျှောက်လုံးသို့ စစ်ချီ၍၊ ရှမာရိမြို့သို့ရောက်သော် သုံးနှစ်ဝိုင်းထား၏။
17:6 ဟောရှေနန်းစံကိုးနှစ်တွင်၊ အာရှုရိရှင်ဘုရင်သည် ရှမာရိမြို့ကိုရပြီးလျှင်၊ ဣသရေလအမျိုးကို အာရှုရိပြည်သို့သိမ်းသွား၍ ဂေါဇန်မြစ်နား၊ ဟာလမြို့၊ ဟာဗော်မြို့အစရှိသော မေဒိနိုင်ငံမြို့ရွာတို့၌ထား၏။
17:7 အကြောင်းမူကား၊ အဲဂုတ္တုပြည်နှင့် အဲဂုတ္တုဖာရောဘုရင်လက်ထဲက ကယ်နုတ်တော်မူသော မိမိတို့ဘုရားသခင် ထာဝရဘုရားကို ဣသရေလအမျိုးသားတို့သည် ပြစ်မှား၍ အခြားတစ်ပါးသောဘုရားတို့ကို ရိုသေကြ၏။
17:8 သူတို့ရှေ့မှ ထာဝရဘုရားနှင်ထုတ်တော်မူသော တစ်ပါးအမျိုးသားတို့ထုံးစံနှင့် မိမိတို့ချီးမြှောက်သော ရှင်ဘုရင်တို့ထုံးစံသို့လိုက်ကြ၏။
17:9 မိမိတို့ ဘုရားသခင်ထာဝရဘုရားတစ်ဖက်၌ မတရားသောအမှုကို မထင်မရှားပြုကြ၏။ ကင်းစောင့်သောမျှော်စင်ဖြစ်စေ၊ ခိုင်ခံ့သောမြို့ဖြစ်စေ၊ မြို့ရွာအလုံးစုံတို့၌ မြင့်သောအရပ်ကို တည်ကြ၏။
17:10 ရုပ်တုဆင်းတုနှင့် အာရှရပင်တို့ကို မြင့်သောကုန်းရှိသမျှတို့အပေါ်မှာလည်းကောင်း၊ စိမ်းသောသစ်ပင်ရှိသမျှ အောက်မှာလည်းကောင်း၊ တည်ထောင်ပြုစုကြ၏။
17:11 သူတို့ရှေ့မှ ထာဝရဘုရားနှင်ထုတ်တော်မူသော တစ်ပါးအမျိုးသားပြုသကဲ့သို့ မြင့်သောအရပ်ရှိသမျှအပေါ်မှာ နံ့သာပေါင်းကိုမီးရှို့၍ ထာဝရဘုရား၏အမျက်တော်ကို နှိုးဆော်ခြင်းငှာ အဓမ္မအမှုတို့ကို ပြုကြ၏။
17:12 ထာဝရဘုရားပညတ်တော်မူသောအမှု၊ ရုပ်တုဆင်းတုတို့၌ ပူဇော်ခြင်းအမှုကို ပြုကြ၏။
17:13 သို့ရာတွင် ထာဝရဘုရားက အဓမ္မလမ်းတို့ကို ရှောင်ကြလော့။ ငါသည် သင်တို့ဘိုးဘေးတို့၌ ထားသောတရား၊ ငါ့ကျွန်ပရောဖက်တို့ဖြင့် ပေးလိုက်သောတရားကို အကုန်အစင်ကျင့်၍၊ ငါ့စီရင်ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက်ကြလော့ဟု ပရောဖက်များနှင့် အနာဂတ်ဟောဆရာများတို့ဖြင့် ဣသရေလအမျိုး၊ ယုဒအမျိုး၌ သက်သေခံတော်မူသော်လည်း၊
17:14 သူတို့သည်နားမထောင်။ မိမိတို့ဘုရားသခင် ထာဝရဘုရားကို မယုံကြည်သောဘိုးဘေးတို့လည်ပင်းကဲ့သို့ မိမိတို့လည်ပင်းကို ခိုင်မာစေကြ၏။
17:15 စီရင်တော်မူချက်၊ ဘိုးဘေးတို့နှင့် ဖွဲ့တော်မူသောပဋိညာဉ်၊ သူတို့၌ သက်သေခံတော်မူသော သက်သေတို့ကိုပယ်၍ အနတ္တတရားကို ကျင့်လျက် အချည်းနှီးသက်သက် ဖြစ်ကြ၏။ အကြင်တစ်ပါးအမျိုးသားကျင့်သကဲ့သို့ မကျင့်ကြနှင့်ဟု ထာဝရဘုရားပညတ်တော်မူ၏၊ ပတ်လည်၌နေသော ထိုအမျိုးသားနောက်သို့လိုက်ကြ၏။
17:16 မိမိတို့ဘုရားသခင် ထာဝရဘုရား၏ပညတ်တော်ရှိသမျှတို့ကို စွန့်၍ နွားသငယ်တည်းဟူသော သွန်းသောရုပ်တုနှင့် အာရှရပင်ကို လုပ်ကြ၏။ မိုးကောင်းကင်တန်ဆာများကို ကိုးကွယ်၍ ဗာလဘုရားကိုလည်းဝတ်ပြုကြ၏။
17:17 သားသမီးတို့ကို မီးဖြင့်ပူဇော်ကြ၏။ နတ်ဝိဇ္ဇာအတတ်၊ ပြုစားသောအတတ်ကို သုံးဆောင်၍ ထာဝရဘုရား၏အမျက်တော်ကို နှိုးဆော်ခြင်းငှာ၊ ရှေ့တော်၌ ဒုစရိုက်ကိုပြုမည်ဟု ကိုယ်ကိုရောင်းကြ၏။
17:18 ထိုကြောင့် ထာဝရဘုရားသည် ဣသရေလအမျိုးကို ပြင်းစွာအမျက်ထွက်၍ မျက်မှောက်တော်မှ ပယ်ရှားတော်မူ၏။ ယုဒအမျိုးမှတစ်ပါး အခြားသောအမျိုး မကျန်ကြွင်းရ။
17:19 ယုဒအမျိုးမူကား၊ မိမိတို့ဘုရားသခင် ထာဝရဘုရား၏ပညတ်တရားတော်ကိုမစောင့်၊ ဣသရေလအမျိုးလိုက်သော ထုံးစံဓလေ့သို့ လိုက်ကြ၏။
17:20 ထာဝရဘုရားသည်လည်း၊ ဣသရေလအမျိုးရှိသမျှကို ရွံရှာ၍ မျက်မှောက်တော်မှ မနှင်ထုတ်မီတိုင်အောင် ဒဏ်ခတ်တော်မူ၏။ လုယက်သောသူတို့လက်၌ အပ်တော်မူ၏။
17:21 ဣသရေလအမျိုးကို ဒါဝိဒ်မင်းမျိုးမှဆုတ်ဖဲ့၍၊ သူတို့သည် နေဗတ်၏သားယေရောဗောင်ကို ရှင်ဘုရင်အရာ၌ ခန့်ထားကြ၏။ ယေရောဗောင်သည်လည်း ထာဝရဘုရားနောက်တော်သို့လိုက်ရာလမ်းမှ ဣသရေလအမျိုးကို လွှဲစေ၍ ဒုစရိုက်ကြီးကို ပြုစေ၏။
17:22 သို့ဖြစ်၍ ယေရောဗောင်ပြုသောဒုစရိုက်လမ်းသို့ ဣသရေလအမျိုးသားတို့သည် အစဉ်တစိုက် လိုက်ကြ၏။
17:23 ထာဝရဘုရားသည် မိမိကျွန် ပရောဖက်အပေါင်းတို့ဖြင့် မိန့်တော်မူသည်အတိုင်း၊ ဣသရေလအမျိုးကို မျက်မှောက်တော်မှ ပယ်ရှားတော်မမူမီတိုင်အောင် သူတို့သည် ထိုဒုစရိုက်အပြစ်ကို မရှောင်ဘဲလိုက်ကြ၏။ ထိုကြောင့် နေရင်းပြည်မှ အာရှုရိပြည်သို့ သိမ်းသွားခြင်းကို ယနေ့တိုင်အောင်ခံရကြ၏။
17:24 အာရှုရိရှင်ဘုရင်သည်လည်း၊ ဗာဗုလုန်မြို့သား၊ ကုသမြို့သား၊ အာဝမြို့သား၊ ဟာမတ်မြို့သား၊ သေဖရဝိမ်မြို့သားတို့ကိုဆောင်ခဲ့၍၊ ရှမာရိမြို့ရွာတို့တွင် ဣသရေလအမျိုးသားကိုယ်စားထားသဖြင့် ထိုလူတို့သည် ရှမာရိမြို့ရွာတို့ကိုသိမ်းယူ၍ နေရာကျကြ၏။
17:25 နေရာကျစက ထာဝရဘုရားကိုမရိုသေသောကြောင့်၊ ခြင်္သေ့တို့ကို စေလွှတ်၍ အချို့တို့ကို ကိုက်စေတော်မူ၏။
17:26 ထိုကြောင့် အချို့တို့က၊ ကိုယ်တော်ပြောင်းစေ၍၊ ရှမာရိမြို့ရွာတို့၌ ထားတော်မူသော လူအမျိုးမျိုးတို့သည် ထိုပြည်စောင့်ဘုရား၏ တရားကို နားမလည်သောကြောင့်၊ ထိုဘုရားသည် ခြင်္သေ့တို့ကိုစေလွှတ်၍ နေရာကျသောသူတို့ကို သတ်ပါသည်ဟု အာရှုရိရှင်ဘုရင်အား လျှောက်ကြသော်၊
17:27 အာရှုရိရှင်ဘုရင်က၊ ထိုပြည်မှသိမ်းခဲ့သော ယဇ်ပုရောဟိတ်တစ်ယောက်ကို ပြန်ပို့ကြ။ သူသည်သွား၍ ထိုပြည်စောင့်ဘုရား၏ တရားကို သွန်သင်လျက်နေပါလေစေဟု မိန့်တော်မူသည်အတိုင်း၊
17:28 ရှမာရိမြို့မှသိမ်းခဲ့သော ယဇ်ပုရောဟိတ်တစ်ယောက်သည် ပြန်၍ ဗေသလမြို့၌နေလျက်၊ ထာဝရဘုရားကို အဘယ်သို့ ရိုသေရမည်ကို သွန်သင်လေ၏။
17:29 သို့သော်လည်း ထိုလူမျိုးအသီးအသီးတို့သည် မိမိတို့ဘုရားကိုလုပ်၍ နေရာကျသောမြို့ရွာတွင် မြင့်သောအရပ်ပေါ်မှာ ရှမာရိမြို့သားလုပ်နှင့်သော အိမ်တို့၌ တင်ထားကြ၏။
17:30 ဗာဗုလုန်မြို့သားတို့သည် သုကုတ်ဗေနုတ် ဘုရား၊ ကုသမြို့သားတို့သည် နေရဂါလဘုရား၊ ဟာမတ် မြို့သားတို့သည် အရှိမဘုရား၊
17:31 အာဝမြို့သားတို့သည် နိဗဟာဇဘုရားနှင့် တာတက်ဘုရားကို လုပ်ကြ၏။ သေဖရဝိမ်မြို့သားတို့သည်လည်း သေဖရဝိမ်မြို့စောင့်ဘုရား အာဒြမ္မေလက်နှင့် အာနမ္မေလက်ဘုရားတို့အား သားသမီးကိုမီးရှို့၍ ပူဇော်ကြ၏။
17:32 ထာဝရဘုရားကိုလည်းရိုသေ၍ သာမညလူတို့ကို မြင့်သောအရပ် ယဇ်ပုရောဟိတ်အရာ၌ ခန့်ထားသဖြင့်၊ သူတို့သည် မြင့်သောအရပ်အိမ်တို့၌ လူများအဖို့ ယဇ်ပူဇော်ကြ၏။
17:33 ထိုသို့ ထာဝရဘုရားကို ရိုသေကြ၏။ သိမ်းသွားခြင်းကိုခံရသော လူမျိုးပြုသကဲ့သို့ မိမိတို့ဘုရားကိုလည်း ဝတ်ပြုကြ၏။
17:34 ယနေ့တိုင်အောင် ရှေးထုံးစံဓလေ့သို့ လိုက်ကြသည်ဖြစ်၍၊ ထာဝရဘုရားကို ရိုသေရာမရောက်။ ဣသရေလအမျိုးခံရသော စီရင်ထုံးဖွဲ့ချက်တို့ကို မစောင့်။ ဣသရေလအမည်ဖြင့်သမုတ်သော ယာကုပ်အမျိုးသားတို့၌ ထာဝရဘုရား ထားတော်မူသော ပညတ်တရားတို့ကိုမကျင့်ဘဲနေကြ၏။
17:35 ထာဝရဘုရားသည် ထိုအမျိုးသားတို့နှင့် ပဋိညာဉ်ဖွဲ့၍၊ သင်တို့သည် အခြားတစ်ပါးသောဘုရားတို့ကို မရိုသေ၊ ဦးမညွှတ်၊ ဝတ်မပြု၊ ယဇ်မပူဇော်ရ။
17:36 သင်တို့ကို ကြီးသောတန်ခိုး၊ ဆန့်သောလက်ရုံးတော်အားဖြင့် အဲဂုတ္တုပြည်မှကယ်နုတ်တော်မူသော ထာဝရဘုရားကိုသာ ရိုသေကိုးကွယ်၍ ယဇ်ပူဇော်ရမည်။
17:37 သင်တို့အဖို့ ရေးထားတော်မူသော စီရင်ထုံးဖွဲ့ချက် ပညတ်တရားတို့ကို အစဉ်အမြဲစောင့်ရှောက်ရမည်။ အခြားတစ်ပါးသော ဘုရားတို့ကို မရိုသေရ။
17:38 သင်တို့နှင့်ငါဖွဲ့သော ပဋိညာဉ်ကိုမမေ့လျော့ရ။ အခြားတစ်ပါးသော ဘုရားတို့ကို မရိုသေရ။
17:39 သင်တို့၏ ဘုရားသခင်ထာဝရဘုရားကိုသာရိုသေရမည်။ သို့ပြုလျှင် ရန်သူအပေါင်းတို့လက်မှ ကယ်နုတ်တော်မူမည်ဟု မှာထားတော်မူသော်လည်း၊
17:40 သူတို့သည်နားမထောင်၊ ရှေးထုံးစံဓလေ့သို့လိုက်ကြ၏။
17:41 ထိုလူအမျိုးမျိုး ကိုယ်တိုင်မှစ၍၊ သားမြေးမြစ်တို့သည် ထာဝရဘုရားကို ရိုသေကြ၏။ ရုပ်တုဆင်းတုတို့ကိုလည်း ဝတ်ပြုကြ၏။ မိရိုးဖလာသို့လိုက်၍ ယနေ့တိုင်အောင်ကျင့်နေကြ၏။