2 Kings 24
24:1 ယောယကိမ်မင်းလက်ထက် ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ချီလာ၍၊ ယောယကိမ်သည် သုံးနှစ်ကျွန်ခံပြီးမှ တစ်ဖန်လှန်ပြန်၍ ပုန်ကန်လေ၏။
24:2 ထာဝရဘုရားသည် မိမိကျွန်ပရောဖက်တို့ဖြင့် မိန့်တော်မူသော စကားတော်အတိုင်း၊ ယုဒပြည်ကို ဖျက်ဆီးစေခြင်းငှာ၊ ခါလဒဲတပ်သား၊ ရှုရိတပ်သား၊ မောဘတပ်သား၊ အမ္မုန်တပ်သားတို့ကို စစ်ချီစေတော်မူ၏။
24:3 မနာရှေမင်းပြုမိသမျှသော အပြစ်၊ အသေမခံထိုက်သောသူတို့ကိုသတ်၍ သူတို့အသွေးနှင့် ယေရုရှလင်မြို့ကို ပြည့်စေသော အပြစ်များကို ထာဝရဘုရားသည် လွှတ်တော်မမူ။ ယုဒအမျိုးကို မျက်မှောက်တော်မှ ပယ်ရှားလိုသောငှာ စီရင်တော်မူသည် အတိုင်းသာ ထိုအမှုရောက်သတည်း။
24:5 ယောယကိမ်ပြုမူသော အမှုအရာကြွင်းလေသမျှတို့သည် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။
24:6 ယောယကိမ်သည် ဘိုးဘေးတို့နှင့် အိပ်ပျော်၍၊ သားတော်ယေခေါနိသည် ခမည်းတော်အရာ၌ နန်းထိုင်၏။
24:7 အဲဂုတ္တုမြစ်မှစ၍ ဥဖရတ်မြစ်တိုင်အောင် အဲဂုတ္တုရှင်ဘုရင်ပိုင်သမျှသောမြေကို ဗာဗုလုန်ရှင်ဘုရင်ယူသောကြောင့်၊ နောက်တစ်ဖန် အဲဂုတ္တုရှင်ဘုရင်သည် မိမိပြည်မှ မချီမထွက်ရ။
24:8 ယေခေါနိသည် အသက်ဆယ်ရှစ်နှစ်ရှိသော်နန်းထိုင်၍ ယေရုရှလင်မြို့၌ သုံးလစိုးစံလေ၏။ မယ်တော်ကား၊ ယေရုရှလင်မြို့သား ဧလနာသန်၏သမီးနဟုတ္တအမည်ရှိ၏။
24:9 ထိုမင်းသည် ခမည်းတော်ပြုသမျှအတိုင်း ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၏။
24:10 ထိုကာလ၌ ဗာဗုလုန်ရှင်ဘုရင်နေဗုခဒ်နေဇာ၏ ကျွန်တို့သည် ယေရုရှလင်မြို့သို့စစ်ချီ၍ ဝိုင်းထားကြ၏။
24:11 ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ကိုယ်တိုင်ရောက်၍၊ သူ၏ကျွန်တို့သည် မြို့ကို ဝိုင်းထားကြသောအခါ၊
24:12 ယုဒရှင်ဘုရင် ယေခေါနိသည် မယ်တော်မှစသော ကျွန်၊ မှူးမတ်၊ အရာရှိတို့နှင့်တကွ ဗာဗုလုန်ရှင်ဘုရင်ထံသို့ထွက်၍ ဗာဗုလုန်ရှင်ဘုရင်သည် နန်းစံရှစ်နှစ်တွင် ယုဒရှင်ဘုရင်ကိုရ၏။
24:13 ထာဝရဘုရား မိန့်တော်မူဖူးသည်အတိုင်း ဗိမာန်တော်ဘဏ္ဍာနှင့် နန်းတော်ဘဏ္ဍာရှိသမျှကို သိမ်းသွား၍၊ ဗိမာန်တော်အဖို့ ဣသရေလရှင်ဘုရင်လုပ်သော ရွှေတန်ဆာအလုံးစုံတို့ကို အပိုင်းပိုင်းဖြတ်လေ၏။
24:14 ယေရုရှလင်မြို့သားမှူးမတ်၊ ခွန်အားကြီးသော စစ်သူရဲတစ်သောင်း၊ အထူးထူးအပြားပြားသော ဆရာသမားအပေါင်းတို့ကိုသိမ်းသွား၍၊ သာမညဆင်းရဲသားမှတစ်ပါး အဘယ်သူမျှ မကျန်ကြွင်းရ။
24:15 ယေခေါနိနှင့် မယ်တော်အစရှိသော မိဖုရားများ၊ အရာရှိများ၊ အားကြီးသော ပြည်သားများအပေါင်း၊
24:16 စစ်တိုက်ခြင်းငှာ တတ်စွမ်းနိုင်သောသူရှိသမျှ၊ ခွန်အားကြီးသော လူခုနစ်ထောင်၊ အထူးထူးအပြားအပြားသော ဆရာသမားတစ်ထောင်တို့ကို ယေရုရှလင်မြို့မှ ဗာဗုလုန်မြို့သို့ လက်ရသိမ်းသွားလေ၏။
24:17 ဗာဗုလုန်ရှင်ဘုရင်သည် ယေခေါနိဘထွေးတော်မဿနိကို ဇေဒကိအမည်ဖြင့်မှည့်၍ ယေခေါနိအရာ၌ နန်းတင်၏။
24:18 ဇေဒကိသည် အသက်နှစ်ဆယ်တစ်နှစ်ရှိသော်နန်းထိုင်၍ ယေရုရှလင်မြို့၌ တစ်ဆယ်တစ်နှစ် စိုးစံလေ၏။ မယ်တော်ကား၊ လိဗနမြို့သား ယေရမိ၏သမီးဟာမုတာလအမည်ရှိ၏။
24:19 ထိုမင်းသည် ယောယကိမ်ပြုသမျှအတိုင်း ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၏။
24:20 ထာဝရဘုရားသည် ယုဒပြည်သူ ယေရုရှလင်မြို့သားတို့ကို အထံတော်မှ မနှင်ထုတ်မီတိုင်အောင် အမျက်ထွက်တော်မူ၍၊ ဇေဒကိမင်းသည် ဗာဗုလုန်ရှင်ဘုရင်ကို ပုန်ကန်လေ၏။