2 Kings 23
23:1 ထိုအခါ ရှင်ဘုရင်သည် ယုဒပြည်သူ ယေရုရှလင်မြို့သား အသက်ကြီးသူအပေါင်းတို့ကို ခေါ်၍၊
23:2 ယုဒပြည်သူ ယေရုရှလင်မြို့သား၊ ယဇ်ပုရောဟိတ်၊ ပရောဖက်၊ လူအကြီးအငယ်အပေါင်းတို့နှင့်တကွ ဗိမာန်တော်သို့တက်၍၊ ဗိမာန်တော်၌တွေ့သော ပဋိညာဉ်ကျမ်းစာရှိသမျှကို သူတို့ရှေ့မှာ ဖတ်တော်မူ၏။
23:3 ရှင်ဘုရင်ကလည်း၊ ထာဝရဘုရားကို ဆည်းကပ်ပါမည်။ စီရင်ထုံးဖွဲ့ချက် ပညတ်တရားကို စိတ်နှလုံးအကြွင်းမဲ့ စောင့်ရှောက်ပါမည်။ ဤကျမ်းစာ၌ပါသော ပဋိညာဉ်စကားအတိုင်း ကျင့်ပါမည်ဟု တိုင်နားမှာရပ်၍ အဓိဋ္ဌာန်ပြု၏။ လူအပေါင်းတို့သည်လည်း ထိုအဓိဋ္ဌာန်ကို ဝန်ခံကြ၏။
23:4 နောက်တစ်ဖန် ယဇ်ပုရောဟိတ်မင်းဟိလခိ၊ ဒုတိယယဇ်ပုရောဟိတ်များနှင့် တံခါးစောင့်များတို့သည် ဗာလဘုရား၊ အာရှရပင်၊ မိုးကောင်းကင်တန်ဆာအဖို့ လုပ်သမျှသော အသုံးအဆောင်တို့ကို ဗိမာန်တော်ထဲက ထုတ်မည်အကြောင်း ရှင်ဘုရင်စီရင်သဖြင့်၊ ယေရုရှလင်မြို့ပြင်၊ ကေဒြုန်တော၌ မီးရှို့၍ ပြာကို ဗေသလမြို့သို့ ဆောင်သွားကြ၏။
23:5 ယေရုရှလင်မြို့ပတ်လည် အစရှိသော ယုဒမြို့ရွာ၌ မြင့်သောအရပ်တို့အပေါ်မှာ နံ့သာပေါင်းကို မီးရှို့စေခြင်းငှာ၊ ယုဒရှင်ဘုရင်ခန့်ထားသော ယဇ်ပုရောဟိတ် တို့ကိုလည်းကောင်း၊ ဗာလဘုရား၊ နေလရာသီစောင့် အစရှိသော မိုးကောင်းကင်တန်ဆာတို့အား နံ့သာပေါင်းကို မီးရှို့သော သူတို့ကိုလည်းကောင်း၊ သုတ်သင်ပယ်ရှင်းတော်မူ၏။
23:6 အာရှရပင်ကိုလည်း ဗိမာန်တော်ထဲကထုတ်၍ ယေရုရှလင်မြို့ပြင်၊ ကေဒြုန်ချောင်းသို့ ယူသွားသဖြင့်၊ ထိုချောင်းနားမှာ မီးရှို့ပြီးလျှင် ညက်ညက်ချေ၍၊ အမှုန့်ကို ဆင်းရဲသားသင်္ချိုင်းပေါ်မှာ ဖြန့်ဖြူးတော်မူ၏။
23:7 မိန်းမတို့သည် အာရှရပင်အဖို့ ကုလားကာကိုရက်ရာအရပ် ဗိမာန်တော်နားမှာ ယောက်ျားအလိုသို့ လိုက်တတ်သော မိန်းမလျှာတို့ နေရာအိမ်များကိုလည်း ဖျက်တော်မူ၏။
23:8 ယဇ်ပုရောဟိတ်အပေါင်းတို့ကို ယုဒမြို့ရွာတို့မှခေါ်ခဲ့၍၊ သူတို့သည် နံ့သာပေါင်းကိုမီးရှို့ရာ မြင့်သောအရပ်များကို ဂေဗမြို့မှစ၍ ဗေရရှေဘမြို့တိုင်အောင် ညစ်ညူးစေတော်မူ၏။ ယေရုရှလင်မြို့ဝန် ယောရှု၏တံခါးဝ လက်ဝဲဘက်နားမှာတည်သော မြို့တံခါး၏ကုန်းတို့ကိုလည်း ဖြိုဖျက်တော်မူ၏။
23:9 မြင့်သောအရပ်နှင့်ဆိုင်သော ယဇ်ပုရောဟိတ်တို့သည်၊ ယေရုရှလင်မြို့ဗိမာန်တော် ယဇ်ပလ္လင်နားသို့ မချဉ်းရဘဲ၊ အပေါင်းအဖော်တို့နှင့် တဆေးမဲ့မုန့်ကို စားရသောအခွင့်သာရှိကြ၏။
23:10 အဘယ်သူမျှ မိမိသားသမီးကို မောလုတ်ဘုရားအား မီးဖြင့်မပူဇော်နိုင်မည်အကြောင်း၊ ဟိန္နုံသား၏ ချိုင့်၌ရှိသော တောဘက်အရပ်ကိုလည်း ညစ်ညူးစေတော်မူ၏။
23:11 ယုဒရှင်ဘုရင်တို့သည် နေကိုပူဇော်၍၊ ဗိမာန်တော်ဝင်းပြင်အရာရှိ နာသမ္မေလက်အိမ်နား၊ ဝင်းတော်တံခါးဝ၌ထားသော မြင်းတို့ကိုလည်း ပယ်ရှား၍ နေရထားတို့ကိုလည်း မီးရှို့တော်မူ၏။
23:12 ယုဒရှင်ဘုရင်တို့သည် အာဟပ်မင်းတိုက်တော် အထက်ဆင့်အပေါ်မှာ တည်ထားသော ယဇ်ပလ္လင်တို့နှင့် မနာရှေမင်းသည် ဗိမာန်တော်တံတိုင်းနှစ်ရပ်တွင် တည်ထားသောပလ္လင်တို့ကို ရှင်ဘုရင်ဖြိုချချေဖျက်၍ အမှုန့်ကို ကေဒြုန်ချောင်းထဲသို့ပစ်တော်မူ၏။
23:13 ဣသရေလရှင်ဘုရင်ရှောလမုန်သည် ယေရုရှလင်မြို့အရှေ့၊ ဖျက်ဆီးခြင်းတောင်လက်ယာဘက်၌ ရွံရှာဖွယ်သော ဇိဒုန်ဘုရားအာရှတရက်၊ ရွံရှာဖွယ်သော မောဘဘုရားခေမုရှ၊ ရွံရှာဖွယ်သော အမ္မုန်ဘုရားမိလကုံအဖို့ တည်သော ကုန်းတို့ကိုလည်း ရှင်ဘုရင်ညစ်ညူးစေတော်မူ၏။
23:14 ရုပ်တုဆင်းတုတို့ကို ချိုးဖဲ့၍ အာရှရပင်တို့ကို ခုတ်လှဲပြီးမှ၊ သူတို့တည်ရာအရပ်များကို လူသေအရိုးတို့နှင့် ပြည့်စေတော်မူ၏။
23:15 ဣသရေလအမျိုးကိုပြစ်မှားစေသော နေဗတ်၏သားယေရောဗောင်သည်၊ ဗေသလမြို့၌တည်သောကုန်းနှင့် ယဇ်ပလ္လင်ကိုလည်း ဖြိုချ၍ မီးရှို့ပြီးမှ ညက်ညက်ခြေတော်မူ၏။ အာရှရပင်ကိုလည်း မီးရှို့တော်မူ၏။
23:16 ယောရှိမင်းသည် လှည့်လည်၍ ကြည့်ရှုလျက်၊ ထိုတောင်ပေါ်မှာရှိသော သင်္ချိုင်းကို မြင်သောအခါ၊ လူကိုစေလွှတ်၍ ထိုသင်္ချိုင်းထဲက လူသေအရိုးတို့ကို ထုတ်ပြီးလျှင်၊ ထိုအမှုကို အထက်ကဖော်ပြသော ဘုရားသခင်၏လူဆင့်ဆိုသော ထာဝရဘုရား၏စကားတော်အတိုင်း၊ အရိုးတို့ကို ယဇ်ပလ္လင်ပေါ်မှာ မီးရှို့၍ ညစ်ညူးစေတော်မူ၏။
23:17 ယောရှိမင်းကလည်း၊ ငါမြင်သော ထိုမှတ်ကျောက်ကား အဘယ်သို့နည်းဟုမေးလျှင်၊ မြို့သားတို့က၊ ကိုယ်တော်သည် ဗေသလယဇ်ပလ္လင်၌ ပြုတော်မူသောအမှုကို၊ ယုဒပြည်မှလာ၍ဖော်ပြသော ဘုရားသခင်၏လူသင်္ချိုင်းဖြစ်ပါသည်ဟု ပြန်လျှောက်ကြသော်၊
23:18 ရှင်ဘုရင်က၊ ရှိစေလော့။ ထိုသူ၏အရိုးတို့ကို အဘယ်သူမျှမရွှေ့စေနှင့်ဟု မိန့်တော်မူသည်အတိုင်း သူ၏အရိုးတို့နှင့် ရှမာရိမြို့မှလာသော ပရောဖက်အရိုးတို့ကိုရှိစေကြ၏။
23:19 ဣသရေလရှင်ဘုရင်တို့သည် အမျက်တော်ကို နှိုးဆော်ခြင်းငှာ၊ ရှမာရိမြို့ရွာတို့၌ မြင့်သောအရပ်ပေါ်မှာ တည်လုပ်သော အိမ်ရှိသမျှတို့ကိုလည်း ယောရှိမင်းသည်ပယ်ရှား၍၊ ဗေသလမြို့၌ ပြုသမျှအတိုင်း ပြုတော်မူ၏။
23:20 မြင့်သောအရပ်နှင့်ဆိုင်သော ယဇ်ပုရောဟိတ်အပေါင်းတို့ကိုလည်း ယဇ်ပလ္လင်ပေါ်မှာ ကွပ်မျက်၍၊ လူသေအရိုးတို့ကို မီးရှို့ပြီးမှ ယေရုရှလင်မြို့သို့ ပြန်တော်မူ၏။
23:21 တစ်ဖန် ရှင်ဘုရင်ကလည်း၊ ဤပဋိညာဉ်ကျမ်းစာ၌လာသည်အတိုင်း၊ သင်တို့၏ ဘုရားသခင်ထာဝရဘုရားအား ပသခါပွဲကိုဆောင်ကြလော့ဟု လူအပေါင်းတို့ကိုမိန့်တော်မူ၏။
23:22 အကယ်၍ ဣသရေလအမျိုးကိုအုပ်စိုးသော တရားသူကြီးလက်ထက်မှစ၍၊ ဣသရေလရှင်ဘုရင်နှင့် ယုဒရှင်ဘုရင်လက်ထက်ကာလပတ်လုံး၊ ထိုသို့သောပသခါပွဲကို တစ်ခါမျှမဆောင်ကြ။
23:23 ယောရှိမင်းကြီးနန်းစံဆယ်ရှစ်နှစ်တွင် ထိုပွဲကို ယေရုရှလင်မြို့၌ ထာဝရဘုရားအား ဆောင်ကြသတည်း။
23:24 ထိုမှတစ်ပါး၊ ဗိမာန်တော်၌ ယဇ်ပုရောဟိတ်ဟိလခိတွေ့သော ကျမ်းစာ၌ပါသော စကားအတိုင်း ကျင့်လိုသောငှာ၊ ယောရှိမင်းသည် စုန်း၊ နတ်ဝင်၊ တေရပ်ရုပ်တုမှစ၍ ရုပ်တုဆင်းတုများကိုလည်းကောင်း၊ ယေရုရှလင်မြို့နှင့် ယုဒပြည်လုံးတွင် ရွံရှာဖွယ်သောအရာ တွေ့သမျှတို့ကိုလည်းကောင်း၊ သုတ်သင်ပယ်ရှင်းတော်မူ၏။
23:25 မောရှေတရား၌ ပါသမျှကိုကျင့်သဖြင့်၊ စိတ်နှလုံးအကြွင်းမဲ့ အစွမ်းသတ္တိရှိသမျှနှင့် ထာဝရဘုရားအထံတော်သို့ ပြောင်းလဲ၍၊ ယောရှိမင်းနှင့်တူသော ရှင်ဘုရင်တစ်ယောက်မျှမဖြစ်စဖူး။ နောင်ကာလ၌လည်း မပေါ်မရှိ။
23:26 သို့ရာတွင် မနာရှေသည် ထာဝရဘုရား၏အမျက်တော်ကို နှိုးဆော်ခြင်းငှာ၊ ပြစ်မှားသော အပြစ်ရှိသမျှတို့ကြောင့်၊ ယုဒအမျိုး၌ ပြင်းစွာအမျက်ထွက်၍ စိတ်တော်မပြေ။
23:27 ဣသရေလအမျိုးကို ငါ့မျက်မှောက်မှ ပယ်ရှားသကဲ့သို့ ယုဒအမျိုးကိုလည်း ငါပယ်ရှားမည်။ ငါရွေးချယ်သော ယေရုရှလင်မြို့ကိုလည်းကောင်း၊ အကြင်ဗိမာန်၌ ငါ့နာမကိုငါတည်စေမည်ဟု ငါဆိုသော ဗိမာန်ကိုလည်းကောင်း၊ ငါစွန့်ပစ်မည်ဟု မိန့်တော်မူ၏။
23:28 ယောရှိပြုမူသော အမှုအရာကြွင်းလေသမျှတို့သည် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။
23:29 ထိုမင်းလက်ထက်၌ အဲဂုတ္တု ဖာရောဘုရင်နေခေါသည် ဥဖရတ်မြစ်တိုင်အောင် အာရှုရိရှင်ဘုရင်ကို စစ်ချီ၍၊ ယောရှိမင်းကြီးသည် ဆီးတားခြင်းငှာ ထွက်ရာတွင်၊ မေဂိဒ္ဒေါမြို့မှာ မင်းချင်းတွေ့သောအခါ၊ ယောရှိမင်းသည် အသက်ဆုံးလေ၏။
23:30 ကျွန်တို့သည် ရထားတော်ပေါ်မှာတင်ပြီးလျှင်၊ မင်းကြီးသေစဉ်တွင် မေဂိဒ္ဒေါမြို့မှ ယေရုရှလင်မြို့သို့ ဆောင်သွား၍ သင်္ချိုင်းတော်၌ သင်္ဂြိုဟ်ကြ၏။ ပြည်သူ ပြည်သားတို့သည် ယောရှိသားယောခတ်ကို ယူ၍ ဘိသိက်ပေးလျက် ခမည်းတော်အရာ၌ နန်းတင်ကြ၏။
23:31 ယောခတ်သည် အသက်နှစ်ဆယ်သုံးနှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ သုံးလစိုးစံလေ၏။ မယ်တော်ကား၊ လိဗနမြို့သားယေရမိ၏သမီး ဟာမုတာလအမည်ရှိ၏။
23:32 ထိုမင်းသည် ဘိုးဘေးပြုသမျှအတိုင်း ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၏။
23:33 ဖာရောနေခေါသည် ထိုမင်းကို ယေရုရှလင်မြို့မှာ မင်းမပြုစေခြင်းငှာ ဟာမတ်ပြည်၊ ရိဗလမြို့မှာအကျဉ်းထား၍၊ ယုဒပြည်၌ ငွေအခွက်တစ်ထောင်နှင့် ရွှေအခွက်တစ်ဆယ်ကို အခွန်တောင်းလေ၏။
23:34 ဖာရောနေခေါသည်လည်း၊ ယောရှိသားဧလျာကိမ်ကို ခမည်းတော်အရာ၌ နန်းတင်၍ ယောယကိမ် အမည်သစ်ကို ပေး၏။ ယောခတ်ကို အဲဂုတ္တုပြည်သို့ယူသွား၍ ထိုပြည်၌ ယောခတ်သည် သေ၏။
23:35 ယောယကိမ်သည်လည်း ဖာရောဘုရင် အမိန့်တော်အတိုင်း၊ တစ်ပြည်လုံးတွင် ရွှေငွေခွဲ၍ ဖာရောဘုရင်အား အခွန်ဆက်ရ၏။ ပြည်သူပြည်သား အသီးအသီးတို့ကို ရွှေငွေခွဲသည်အတိုင်း၊ ကျပ်တည်းစွာတောင်း၍ ဖာရောနေခေါအား ဆက်လေ၏။
23:36 ယောယကိမ်သည် အသက်နှစ်ဆယ်ငါးနှစ်ရှိသော်နန်းထိုင်၍ ယေရုရှလင်မြို့၌ တစ်ဆယ်တစ်နှစ် စိုးစံလေ၏။ မယ်တော်ကား၊ ရုမမြို့သား ပေဒဲယ၏သမီး ဇေဗုဒအမည်ရှိ၏။
23:37 ထိုမင်းသည် ဘိုးဘေးပြုသမျှအတိုင်း ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၏။