2 Kings 3
3:1 ယုဒရှင်ဘုရင်ယောရှဖတ် နန်းစံဆယ်ရှစ်နှစ်တွင်၊ အာဟပ်သားယောရံသည် ရှမာရိမြို့၌မင်းပြု၍ ဣသရေလနိုင်ငံကို စိုးစံ၏။
3:2 ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၏။ သို့ရာတွင် မိဘကဲ့သို့ မပြု။ ခမည်းတော်လုပ်သော ဗာလရုပ်တုကို ပယ်ရှား၏။
3:3 သို့သော်လည်း ဣသရေလအမျိုးကိုပြစ်မှားစေသော နေဗတ်၏သားယေရောဗောင်ပြုသော ဒုစရိုက်အပြစ်ကိုမရှောင်၊ မှီဝဲ၏။
3:4 မောဘမင်းကြီး မေရှာသည် သိုးထိန်းကြီးဖြစ်၍၊ ဣသရေလရှင်ဘုရင်အား သိုးသငယ်တစ်သိန်းနှင့် အမွေးပါသော သိုးထီးတစ်သိန်းကို ဆက်ရ၏။
3:5 အာဟပ်သေသောအခါ၊ မောဘမင်းကြီးသည် ဣသရေလရှင်ဘုရင်ကို ပုန်ကန်လေ၏။
3:6 ထိုအခါ ယောရံမင်းကြီးသည် ရှမာရိမြို့ထဲကထွက်၍ ဣသရေလ အမျိုးသားအပေါင်းတို့ကို စာရင်းယူ၏။
3:7 ယုဒရှင်ဘုရင် ယောရှဖတ်ထံသို့ လူကိုစေလွှတ်၍၊ မောဘမင်းကြီးသည် ငါ့ကိုပုန်ကန်ပြီ။ မောဘပြည်ကို စစ်တိုက်ခြင်းငှာ ငါနှင့်အတူ လိုက်မည်လောဟု မေးလျှင်၊ ယောရှဖတ်က ငါလိုက်မည်။ ငါသည် မင်းကြီးကဲ့သို့ ဖြစ်၏။ ငါ့လူတို့သည် မင်းကြီး၏ လူကဲ့သို့လည်းကောင်း၊ ငါ့မြင်းတို့သည် မင်းကြီး၏မြင်းကဲ့သို့လည်းကောင်း ဖြစ်ကြသည်ဟု ပြန်ပြော၏။
3:8 အဘယ်လမ်းဖြင့် စစ်ချီရမည်နည်းဟု မေးသော်၊ ဧဒုံတောလမ်းဖြင့် ချီရမည်ဟု ပြန်ပြော၏။
3:9 ထိုသို့ ဣသရေလရှင်ဘုရင်၊ ယုဒရှင်ဘုရင်၊ ဧဒုံရှင်ဘုရင်တို့သည် ဝိုင်း၍ ခုနစ်ရက်ခရီးသွားကြ၏။ ဗိုလ်ခြေများ သောက်စရာ၊ ပါသောတိရစ္ဆာန်များ သောက်စရာရေမရှိ။
3:10 ဣသရေလရှင်ဘုရင်က၊ ခက်လှပြီ။ ထာဝရဘုရားသည် ဤရှင်ဘုရင်သုံးပါးတို့ကို မောဘလူတို့လက်သို့အပ်ခြင်းငှာ စုဝေးစေတော်မူသည်တကားဟု ဆို၏။
3:11 ယောရှဖတ်ကလည်း၊ ထာဝရဘုရား၌ မေးလျှောက်မည်အကြောင်း၊ ထာဝရဘုရား၏ ပရောဖက်တစ်ယောက်မျှ မရှိသလောဟုမေးလျှင်၊ ဣသရေလရှင်ဘုရင်၏ ကျွန်တစ်ယောက်က၊ ဧလိယလက်ထောက် ရှာဖတ်သားဧလိရှဲရှိပါ၏ဟု လျှောက်သော်၊
3:12 ယောရှဖတ်က၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် သူ၌ရှိတော်မူသည်ဟု ဆိုလျက်၊ ရှင်ဘုရင်သုံးပါးတို့သည် ဧလိရှဲထံသို့သွားကြ၏။
3:13 ဧလိရှဲသည် ဣသရေလရှင်ဘုရင်အားလည်း၊ ငါသည်သင်နှင့် အဘယ်သို့ ဆိုင်သနည်း။ သင့်အဘ၏ပရောဖက်၊ သင့်အမိ၏ ပရောဖက်တို့ထံသို့ သွားလော့ဟု ဆိုလျှင်၊ ဣသရေလရှင်ဘုရင်က၊ မဆိုပါနှင့်။ ထာဝရဘုရားသည် ဤရှင်ဘုရင်သုံးပါးတို့ကို မောဘလူတို့လက်သို့အပ်ခြင်းငှာ စုဝေးစေတော်မူသည်တကားဟု ဆိုသော်၊
3:14 ဧလိရှဲက၊ ငါကိုးကွယ်သော ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားအသက်ရှင်တော်မူသည် အတိုင်း၊ အကယ်၍ ယုဒရှင်ဘုရင်ယောရှဖတ်၏မျက်နှာကို ငါမထောက်လျှင်၊ သင့်ကို ငါမကြည့်မမြင်လို။
3:15 စောင်းသမားကိုခေါ်ခဲ့ဟု ဆို၍ စောင်းသမားသည်တီးသောအခါ၊ ထာဝရဘုရား၏လက်တော်သည် ဧလိရှဲအပေါ်သို့ ရောက်၍၊
3:16 ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဤချိုင့်ပတ်လည်၌ ဆည်ပေါင်းတို့ကို လုပ်ကြလော့။
3:17 အကြောင်းမူကား၊ သင်တို့နှင့်တိရစ္ဆာန်တို့သည် သောက်စရာဖို့ လေမလာ၊ မိုးမရွာဘဲ ဤချိုင့်သည် ရေနှင့်ပြည့်လိမ့်မည်။
3:18 ထိုအမှုသည် ထာဝရဘုရားရှေ့တော်၌ သာမညအမှုဖြစ်သေး၏။ မောဘလူတို့ကိုလည်း သင်တို့လက်သို့ အပ်တော်မူမည်။
3:19 သင်တို့သည် ခိုင်ခံ့ထူးဆန်းသော မြို့ရှိသမျှတို့ကို လုပ်ကြံကြလိမ့်မည်။ အသုံးဝင်သောသစ်ပင်ရှိသမျှတို့ကို ခုတ်လှဲကြလိမ့်မည်။ ရေတွင်းရှိသမျှတို့ကို မြေဖို့ကြလိမ့်မည်။ ကောင်းသောမြေကွက်ရှိသမျှတို့ကို ကျောက်ခဲနှင့် ဖျက်ကြလိမ့်မည်ဟု မိန့်တော်မူ၏။
3:20 နံနက်အချိန် ဘောဇဉ်ပူဇော်သကာကို ပူဇော်သောအခါ၊ ရေသည်ဧဒုံလမ်းဖြင့်လာ၍ တစ်ပြည်လုံးကို လွှမ်းလေ၏။
3:21 ရှင်ဘုရင်တို့သည် စစ်ချီ၍လာကြောင်းကို မောဘပြည်သားအပေါင်းတို့သည် ကြားသောအခါ၊ လက်နက်ဆောင်သောသူ အကြီးအငယ်ရှိသမျှတို့ကို စုဝေးစေ၍၊ ပြည်စွန်းနားမှာတပ်ချကြ၏။
3:22 နံနက်စောစောထသောအခါ၊ ရေပေါ်မှာနေရောင်ထင်၍၊ ပြည်တစ်ဖက်၌ ရေသည် အသွေးကဲ့သို့နီသည်ကို မောဘပြည်သားတို့သည်မြင်ကြလျှင်၊
3:23 အသွေးဖြစ်၏။ စင်စစ်ရှင်ဘုရင်တို့သည် တစ်ယောက်ကိုတစ်ယောက်လုပ်ကြံ၍ သေကြပြီ။ သို့ဖြစ်၍ မောဘပြည်သားတို့၊ လုယူကြလော့ဟုဆိုကြ၏။
3:24 ဣသရေလတပ်သို့ ရောက်သောအခါ၊ ဣသရေလလူတို့သည် ထ၍ မောဘပြည်သားတို့ကို လိုက်သဖြင့် သူတို့သည်ပြေးကြ၏။ ဣသရေလလူတို့သည် မောဘပြည်ထဲသို့တိုင်အောင် လိုက်၍ လုပ်ကြံကြ၏။
3:25 မြို့တို့ကိုဖြိုဖျက်ကြ၏။ ကောင်းသောမြေကွက်ရှိသမျှတို့အပေါ်မှာ လူအပေါင်းတို့သည် ကျောက်ခဲပစ်ချ၍ ဖုံးလွှမ်းကြ၏။ ရေတွင်းရှိသမျှတို့ကိုလည်း မြေဖို့၍၊ အသုံးဝင်သောသစ်ပင်ရှိသမျှတို့ကို ခုတ်လှဲကြ၏။ ကိရဟရက်မြို့၌သာ မြို့ရိုးကိုချန်ထားရာတွင်၊ လောက်လွှဲသမားတို့သည် ဝိုင်း၍ပစ်ကြ၏။
3:26 မောဘမင်းကြီးသည် အတိုက်မခံနိုင်သည်ကိုသိသောအခါ၊ ဓားကိုင်သောသူခုနစ်ရာကိုခေါ်၍ ဧဒုံရှင်ဘုရင်၏တပ်ကိုဖျက်မည်ဟု အားထုတ်သော်လည်း မဖျက်နိုင်။
3:27 နောက်မှမိမိကိုယ်စား နန်းထိုင်ထိုက်သောသားဦးကိုယူ၍ မြို့ရိုးပေါ်မှာ မီးရှို့ရာယဇ်ပြုလေ၏။ ဣသရေလအမျိုးသားတို့သည် သူတစ်ပါးအမျက်ထွက်ခြင်းကို ခံရသောကြောင့်၊ ထိုပြည်ကိုထား၍ ကိုယ်ပြည်သို့ ပြန်သွားကြ၏။