2 Kings 5
5:1 ရှုရိရှင်ဘုရင်၏ဗိုလ်ချုပ်မင်းနေမန်သည် မိမိသခင်ထံမှာ မျက်နှာရသောသူ၊ ဘုန်းကြီးသောသူဖြစ်၏။ အကြောင်းမူကား၊ ရှုရိပြည်သည် ထိုသူအားဖြင့် အောင်ရသောအခွင့်ကို ထာဝရဘုရားပေးတော်မူပြီ။ ထိုသူသည် ခွန်အားကြီးသော စစ်သူရဲဖြစ်၏။ သို့ရာတွင် နူနာစွဲ၏။
5:2 ရှုရိလူတို့သည် အလိုအလျောက်တပ်ဖွဲ့၍ ချီသွားစဉ်တွင်၊ ဣသရေလပြည်မှ ဖမ်းခဲ့သော မိန်းမငယ်တစ်ယောက်သည် နေမန်၏မယားထံ၌ ကျွန်ခံရ၏။
5:3 ထိုကျွန်မကလည်း၊ ကျွန်မသခင်သည် ရှမာရိမြို့၌ရှိသော ပရောဖက်ထံသို့ ရောက်ပါစေသော။ ထိုပရောဖက်သည် သခင်၌စွဲသောနူနာကို ပျောက်စေလိမ့်မည်ဟု မိမိသခင်မအားဆို၏။
5:4 နေမန်သည် မိမိအရှင်ထံသို့ဝင်၍ ဣသရေလအမျိုး မိန်းမငယ်စကားကို ပြန်လျှောက်၏။
5:5 ရှုရိရှင်ဘုရင်ကလည်း သွားလော့။ သွားလော့။ ဣသရေလရှင်ဘုရင်ထံသို့ စာပေးလိုက်မည်ဟု အမိန့်တော်အတိုင်း၊ နေမန်သည် ငွေအခွက်တစ်ရာ၊ ရွှေအခွက် ခြောက်ဆယ်၊ အဝတ်ဆယ်စုံကို ယူသွား၍၊
5:6 ဣသရေလရှင်ဘုရင်ထံသို့ မိမိအရှင်၏စာကို သွင်းလေ၏။ စာ၌ပါသော အချက်ဟူမူကား၊ ကိုယ်တော်သည် ငါ့ကျွန်နေမန်၏နူနာကို ပျောက်စေခြင်းငှာ သူ့ကို ဤစာနှင့်အတူ ငါစေလွှတ်သည်ဟု ပါသတည်း။
5:7 ဣသရေလရှင်ဘုရင်သည် ထိုစာကိုကြည့်ပြီးမှ၊ မိမိအဝတ်ကိုဆုတ်၍၊ ငါသည်အသက်ပေးပိုင်၊ နုတ်ပိုင်သောဘုရားဖြစ်သောကြောင့်၊ ဤသူသည် လူနူကိုချမ်းသာပေးစေခြင်းငှာ ငါ့ထံသို့စေလွှတ်သလော။ ကြည့်ကြလော့။ ဤသူသည် ငါ့ကိုအဘယ်မျှလောက် ရန်ရှာချင်သည်ကို ကြည့်ကြလော့ဟု ဆို၏။
5:8 ဣသရေလရှင်ဘုရင်သည် မိမိအဝတ်ကိုဆုတ်သည်ဟု ဘုရားသခင်၏လူဧလိရှဲသည်ကြားလျှင်၊ ကိုယ်တော်သည် အဘယ်ကြောင့် အဝတ်ကိုဆုတ်သနည်း။ ထိုသူသည် ငါ့ထံသို့ လာပါလေစေ။ ဣသရေလပြည်၌ပရောဖက်ရှိသည်ကို သိလိမ့်မည်ဟု ရှင်ဘုရင်ကို မှာလိုက်လေ၏။
5:9 ထိုကြောင့်၊ နေမန်သည်မြင်းရထားကိုစီးသွား၍ ဧလိရှဲအိမ်ရှေ့မှာ ရပ်နေ၏။
5:10 ဧလိရှဲက၊ သင်သည်သွား၍ ယော်ဒန်မြစ်၌ ခုနစ်ကြိမ်တိုင်အောင် ရေချိုးလော့။ အသားပြောင်း၍ သန့်ရှင်းလိမ့်မည်ဟု လူကိုစေလွှတ်၍ ပြောစေ၏။
5:11 နေမန်ကလည်း၊ အကယ်၍ ပရောဖက်သည် ထွက်လာမည်။ ငါ့အနားမှာရပ်လျက် မိမိဘုရားသခင် ထာဝရဘုရား၏နာမကိုခေါ်၍ မိမိလက်နှင့်သုံးသပ်သဖြင့် နူနာကိုပျောက်စေမည်ဟု ငါထင်၏။
5:12 ဒမာသက်ပြည်၌ အာဗနမြစ်၊ ဖာဖာမြစ်တို့သည် ဣသရေလမြစ်အလုံးစုံထက် သာ၍ကောင်းသည် မဟုတ်လော။ ထိုမြစ်၌ ငါရေချိုး၍ မသန့်ရှင်းရသလောဟုဆိုလျက် အမျက်ထွက်၍ ပြန်သွား၏။
5:13 ကျွန်တို့သည် ချဉ်းလာ၍ အဘ၊ ခက်သောအမှုကိုပြုရမည်ဟု ပရောဖက်စီရင်လျှင် ပြုတော်မူမည် မဟုတ်လော။ ရေချိုး၍သာ သန့်ရှင်းခြင်းသို့ ရောက်လော့ဟုစီရင်လျှင် အဘယ်မျှလောက်သာ၍ ပြုတော်မူသင့်ပါသည်တကားဟု လျှောက်ကြသော်၊
5:14 နေမန်သည်သွား၍ ဘုရားသခင်၏လူစီရင်သည်အတိုင်း၊ ယော်ဒန်မြစ်၌ ကိုယ်ကိုခုနစ်ကြိမ်နှစ်သဖြင့်၊ သူ၏အသားသည် သူငယ်၏အသားကဲ့သို့ပြောင်း၍ သန့်ရှင်းခြင်းသို့ ရောက်၏။
5:15 သို့ပြီးမှ လိုက်သောသူအပေါင်းတို့နှင့်တကွ ဘုရားသခင်၏လူထံသို့ ပြန်လာ၍ သူ့ရှေ့၌ရပ်လျက်၊ ဣသရေလပြည်မှတစ်ပါး အဘယ်ပြည်၌မျှ ဘုရားသခင်မရှိသည်ကို ယခုအကျွန်ုပ်သိပါ၏။ သို့ဖြစ်၍ ကိုယ်တော်၏ကျွန်လှူသော အလှူလက်ဆောင်ကို ခံယူတော်မူပါဟု တောင်းလျှောက်လေ၏။
5:16 ဧလိရှဲကလည်း၊ ငါကိုးကွယ်သော ထာဝရဘုရားအသက်ရှင်တော်မူသည်အတိုင်း မခံမယူရဟုဆိုလျှင်၊ ခံယူစေခြင်းငှာ တစ်ဖန် တိုက်တွန်းသော်လည်း ငြင်းပယ်လျက်နေ၏။
5:17 နေမန်ကလည်း၊ သို့ဖြစ်လျှင် ကိုယ်တော်ကျွန်သည် မြည်းနှစ်စီးနှင့်တင်၍ မြေအနည်းငယ်ကို ယူပါရစေ။ ကိုယ်တော်ကျွန်သည် မီးရှို့ရာယဇ်အစရှိသော အဘယ်ယဇ်ကိုမျှ ထာဝရဘုရားမှတစ်ပါး အခြားသောဘုရားအား နောက်တစ်ဖန် မပူဇော်ပါ။
5:18 သို့သော်လည်း အကျွန်ုပ်သခင်သည် ကိုးကွယ်အံ့ဟု ရိမ္မုန်ဘုရား၏ကျောင်းသို့သွား၍ အကျွန်ုပ်ကိုမှီလျက် ရိမ္မုန်ကျောင်း၌ ကိုယ်ကိုညွှတ်သောအခါ၊ အကျွန်ုပ်ကိုယ်သည်လည်းညွှတ်လျှင်၊ ထာဝရဘုရားသည် ကိုယ်တော်ကျွန်ကို အပြစ်လွှတ်တော်မူပါစေသောဟု ဆိုလျှင်၊
5:19 ဧလိရှဲက၊ ငြိမ်ဝပ်စွာသွားလော့ဟု ဆို၏။ နေမန်သည်သွား၍ အဝေးသို့မရောက်မီ၊
5:20 ဘုရားသခင်၏လူ ဧလိရှဲ၏ကျွန်ဂေဟာဇိက၊ ဤရှုရိလူ နေမန်ဆောင်ခဲ့သော ဥစ္စာကို ငါ့သခင်သည် မခံမယူ။ သူ့ကို အလွန်သနားပြီ။ ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ သူ့နောက်သို့ ငါလိုက်၍ တစ်စုံတစ်ခုကိုယူမည်ဟု အကြံရှိလျက်၊
5:21 နေမန်နောက်သို့ လိုက်လေ၏။ လိုက်ကြောင်းကို နေမန်သည်မြင်လျှင်၊ ကြိုဆိုအံ့သောငှာရထားမှဆင်း၍၊ ရှိသမျှကောင်းသလောဟု မေးသော်၊
5:22 ဂေဟာဇိက ကောင်းပါ၏။ ယခုတွင် ပရောဖက် အမျိုးသားလုလင်နှစ်ယောက်သည် ဧဖရိမ်တောင်မှ ရောက်လာပြီ။ ငွေအခွက်တစ်ဆယ်နှင့် အဝတ်နှစ်စုံကို သူတို့အဖို့ပေးပါလော့ဟု တောင်းစေခြင်းငှာ၊ ကျွန်တော် သခင်သည် ကျွန်တော်ကိုစေလွှတ်ပါပြီဟု ဆိုလျှင်၊
5:23 နေမန်က၊ အခွက်နှစ်ဆယ်ကို မငြင်းယူပါလော့ဟု တိုက်တွန်းလျက်၊ ငွေအခွက်နှစ်ဆယ်ကို အိတ်နှစ်လုံး၌ အဝတ်နှစ်စုံနှင့်တကွ စည်း၍ မိမိကျွန်နှစ်ယောက်အပေါ်မှာ တင်သဖြင့်၊ သူတို့သည် ဂေဟာဇိရှေ့၌ ထမ်းသွားရ၏။
5:24 မြို့ရိုးသို့ ရောက်သောအခါ၊ ထိုဥစ္စာကို ဂေဟာဇိသည်ယူ၍ အိမ်၌သိုထားသဖြင့်၊ ထမ်းသောသူတို့ကို လွှတ်လိုက်ပြီးမှ၊
5:25 ကိုယ်တိုင်ဝင်၍ မိမိသခင့်ရှေ့၌ ရပ်နေ၏။ ဧလိရှဲကလည်း၊ ဂေဟာဇိ၊ အဘယ်အရပ်သို့ သွားဘိသနည်းဟု မေးလျှင်၊ ကိုယ်တော်ကျွန်သည် အဘယ်အရပ်ကိုမျှ မသွားပါဟု ပြန်ပြောသော်၊
5:26 ဧလိရှဲက၊ ထိုလူသည် သင့်ကိုကြိုဆိုအံ့သောငှာ၊ ရထားပေါ်မှလှည့်သောအခါ၊ ငါ့စိတ်ဝိညာဉ်သည် သင်နှင့်အတူ မလိုက်သလော။ ငွေကိုခံယူချိန် ရှိသလော။ အဝတ်၊ သံလွင်ဥယျာဉ်၊ စပျစ်ဥယျာဉ်၊ သိုးနွား၊ ကျွန်ယောက်ျား၊ ကျွန်မိန်းမကို သိမ်းယူချိန်ရှိသလော။
5:27 သို့ဖြစ်၍ နေမန်၏နူနာသည် သင်၌လည်းကောင်း၊ သင်၏သားမြေး၌လည်းကောင်း၊ အစဉ်အမြဲစွဲစေဟု ဆိုသည်အတိုင်း၊ ဂေဟာဇိသည် နူနာစွဲ၍ မိုးပွင့်ကဲ့သို့ဖြူလျက်၊ သခင်ထံမှထွက်သွား၏။