2 Kings 6
6:1 ပရောဖက်အမျိုးသားတို့က၊ ကိုယ်တော်နှင့်အတူ ယခုနေသောအရပ်သည် ကျဉ်းမြောင်းပါ၏။
6:2 အကျွန်ုပ်တို့သည် ယော်ဒန်မြစ်နားသို့ သွားပါရစေ။ ထိုအရပ်၌ဝိုင်း၍ သစ်သားကိုခုတ်ပြီးလျှင်၊ ကိုယ်နေစရာဖို့လုပ်ပါရစေဟု ဧလိရှဲထံ၌ အခွင့်တောင်းလျှင်၊ သွားကြလော့ဟု အခွင့်ပေး၏။
6:3 အချို့ကလည်း မငြင်းပါနှင့်။ ကိုယ်တော်ကျွန်တို့နှင့် ကြွတော်မူပါဟုတောင်းပန်လျှင်၊ ငါသွားမည်ဟု ဝန်ခံသည်အတိုင်း၊
6:4 သူတို့နှင့်အတူ လိုက်လေ၏။ ယော်ဒန်မြစ်နားသို့ ရောက်သောအခါ သစ်သားကိုခုတ်ကြ၏။
6:5 တစ်ယောက်သောသူသည် ခုတ်စဉ်တွင်၊ ရေထဲသို့ ပုဆိန်ကျ၏။ ခုတ်သောသူကလည်း၊ ခက်လှပြီသခင်။ ထိုပုဆိန်သည် ငှားခဲ့သောဥစ္စာဖြစ်ပါ၏ဟု အော်ဟစ်လျှင်၊
6:6 ဘုရားသခင်၏လူက၊ အဘယ်မှာကျသနည်းဟုမေးသော်၊ ကျရာအရပ်ကိုပြပြီးမှ၊ တုတ်ကိုခုတ်၍ ထိုအရပ်၌ချသဖြင့် ပုဆိန်သည် ပေါလောနေ၏။
6:7 ဆယ်ယူလော့ဟု ဧလိရှဲဆိုသည်အတိုင်း၊ တပည့်သည် လက်ကိုဆန့်၍ ဆယ်ယူ၏။
6:8 တစ်ဖန် ရှုရိရှင်ဘုရင်သည် ဣသရေလပြည်ကို စစ်တိုက်၍၊ ဤမည်သောအရပ်၊ ဤမည်သောအရပ်၌ ငါတို့သည် တပ်ချကြကုန်အံ့ဟု ကျွန်တို့နှင့် တိုင်ပင်သောအခါ၊
6:9 ဘုရားသခင်၏လူသည် ဣသရေလရှင်ဘုရင်ထံသို့ လူကိုစေလွှတ်၍၊ ဤမည်သောအရပ်ကို သတိပြုပါ။ ထိုအရပ်သို့ ရှုရိလူတို့သည် လာကြပြီဟု၊
6:10 သတိပေးသောအရပ်သို့ ဣသရေလရှင်ဘုရင်သည် လူကိုစေလွှတ်၍ တစ်ကြိမ်နှစ်ကြိမ်မက ရန်သူတို့ကို ရှောင်လေ၏။
6:11 ထိုအကြောင်းကြောင့် ရှုရိရှင်ဘုရင်သည် စိတ်ပူပန်၍ ကျွန်တို့ကိုခေါ်ပြီးလျှင်၊ ငါတို့တွင် အဘယ်သူသည် ဣသရေလရှင်ဘုရင်ဘက်၌နေသည်ကို ငါ့အားမပြဘဲနေကြသနည်းဟုမေးသော်၊
6:12 ကျွန်တစ်ယောက်က၊ ထိုသို့မဟုတ်ပါ အရှင်မင်းကြီး၊ ကိုယ်တော်စက်တော်မူခန်းထဲ၌ မိန့်တော်မူသောစကားကိုပင်၊ ဣသရေလပြည်၌ရှိသော ပရောဖက်ဧလိရှဲသည်၊ ဣသရေလရှင်ဘုရင်အား ပြန်ပြောတတ်ပါသည်ဟု လျှောက်လေ၏။
6:13 ရှင်ဘုရင်ကလည်း၊ သူသည် အဘယ်အရပ်၌ရှိသည်ကိုသွား၍ ချောင်းကြည့်လော့။ သူ့ကိုဖမ်းဆီးစေခြင်းငှာ ငါစေလွှတ်မည်ဟု မိန့်တော်မူပြီးမှ၊ ဒေါသန်မြို့၌ရှိပါသည်ဟု လျှောက်လေ၏။
6:14 ထိုမြို့သို့ မြင်းစီးသူရဲ၊ ရထားစီးသူရဲ၊ ဗိုလ်ခြေများကိုစေလွှတ်သဖြင့်၊ ညအခါရောက်၍ မြို့ကိုဝိုင်းကြ၏။
6:15 နံနက်စောစော ဘုရားသခင့်လူ၏ကျွန်သည်ထ၍ ပြင်သို့ထွက်သောအခါ၊ မြင်းစီးသူရဲ၊ ရထားစီးသူရဲ၊ ဗိုလ်ခြေတို့သည် မြို့ကိုဝိုင်းလျက် ရှိကြသည်ဖြစ်၍၊ အိုသခင်၊ အဘယ်သို့ ပြုရပါမည်နည်းဟု မိမိသခင်အားဆို၏။
6:16 ဧလိရှဲက မစိုးရိမ်နှင့်။ ငါတို့ဘက်၌နေသောသူတို့သည် ရန်သူတို့ဘက်၌ နေသောသူတို့ထက် သာ၍များကြသည်ဟုဆိုလျက်၊
6:17 အိုထာဝရဘုရား၊ ဤသူသည် မြင်နိုင်မည်အကြောင်း သူ၏မျက်စိကိုဖွင့်တော်မူပါဟု ဆုတောင်းသည်အတိုင်း၊ ထာဝရဘုရားသည် ထိုလုလင်၏မျက်စိကိုဖွင့်တော်မူသဖြင့်၊ ဧလိရှဲပတ်လည်၌ တစ်တောင်လုံးသည်မီးမြင်း၊ မီးရထားနှင့်ပြည့်သည်ကို မြင်လေ၏။
6:18 ရှုရိလူတို့သည် ရောက်လာသောအခါ၊ ဧလိရှဲက၊ အိုထာဝရဘုရား၊ ဤသူတို့၏ မျက်စိမမြင်စေခြင်းငှာ၊ ဒဏ်ခတ်တော်မူပါဟု ဆုတောင်းသည်အတိုင်း၊ ဒဏ်ခတ်တော်မူ၏။
6:19 ဧလိရှဲကလည်း၊ ဤလမ်းမဟုတ်။ ဤမြို့လည်းမဟုတ်။ ငါ့နောက်သို့ လိုက်ကြ။ သင်တို့ရှာသောသူရှိရာသို့ ငါပို့မည်ဟုဆိုလျက် ရှမာရိမြို့သို့ ပို့လေ၏။
6:20 မြို့ထဲသို့ရောက်ပြီးမှ ဧလိရှဲက၊ အိုထာဝရဘုရား၊ ဤသူတို့သည် မြင်နိုင်မည်အကြောင်း သူတို့၏မျက်စိကိုဖွင့်တော်မူပါဟု ဆုတောင်းသည်အတိုင်း၊ သူတို့၏မျက်စိကိုဖွင့်တော်မူသဖြင့်၊ သူတို့သည်မြင်၍ ရှမာရိမြို့ထဲမှာ ရှိသည်ဟုသိကြ၏။
6:21 ဣသရေလရှင်ဘုရင်ကလည်း၊ အဘ၊ ထိုသူတို့ကို ဓားနှင့်သတ်ရပါမည်လောဟု ဧလိရှဲအားမေးလျှင်၊
6:22 မသတ်ပါနှင့်။ ဓားနှင့်ခုတ်လျက်၊ လေးနှင့်ပစ်လျက် စစ်တိုက်၍ ဖမ်းမိသောသူတို့ကို သတ်ရမည်လော။ သူတို့ရှေ့မှာ မုန့်နှင့်ရေကိုထည့်၍ သူတို့သည် စားသောက်ပြီးမှ၊ မိမိတို့သခင်ထံသို့ သွားပါစေဟုဆိုလျှင်၊
6:23 များစွာသော စားစရာကို ပြင်ဆင်၍ စားသောက်စေပြီးမှ လွှတ်လိုက်သဖြင့်၊ သူတို့သည် မိမိတို့သခင်ထံသို့ ပြန်သွားကြ၏။ ထိုနောက်မှ ရှုရိလူတို့သည် အလိုအလျောက်တပ်ဖွဲ့၍ ဣသရေလပြည်သို့ မလာကြ။
6:24 နောက်တစ်ဖန်ရှုရိရှင်ဘုရင် ဗင်္ဟာဒဒ်သည် ဗိုလ်ခြေအပေါင်းကို စုဝေးစေသဖြင့် စစ်ချီ၍ ရှမာရိမြို့ကို ဝိုင်းထား၏။
6:25 ကြာမြင့်စွာဝိုင်းထားသောကြောင့်၊ ရှမာရိမြို့၌ အလွန်အစာခေါင်းပါး၍၊ မြည်းခေါင်းတစ်လုံးကို ငွေရှစ်ဆယ်နှင့်လည်းကောင်း၊ ပဲကြမ်းတစ်ပြည်ကို ငွေငါးကျပ်နှင့်လည်းကောင်း ရောင်းရ၏။
6:26 ဣသရေလရှင်ဘုရင်သည် မြို့ရိုးပေါ်မှာ လျှောက်သွားစဉ်၊ မိန်းမတစ်ယောက်က အရှင်မင်းကြီး၊ ကယ်မတော်မူပါဟု အော်ဟစ်၏။
6:27 ရှင်ဘုရင်က၊ ထာဝရဘုရားကယ်မတော်မမူလျှင်၊ ငါသည် အဘယ်သို့ ကယ်မနိုင်မည်နည်း။ စပါးနယ်ရာတလင်း၊ စပျစ်သီးနယ်ရာကျင်းထဲက ကယ်မနိုင်မည်လောဟူ၍လည်းကောင်း၊
6:28 သင်၌ အဘယ်သို့ ဖြစ်သနည်းဟူ၍လည်းကောင်း မေးလျှင်၊ မိန်းမက၊ ဤမိန်းမသည် ကျွန်မဆီသို့လာ၍၊ သင့်သားကို ယနေ့ငါတို့စားဖို့အပ်ပါ။ နက်ဖြန်နေ့၌ ငါ့သားကို စားရမည်ဟုဆိုသည်အတိုင်း၊
6:29 ကျွန်မ၏သားကို ပြုတ်၍စားကြပါ၏။ နက်ဖြန်နေ့၌ ကျွန်မက၊ သင်၏သားကို ငါတို့စားဖို့အပ်ပါဟု တောင်းသော်၊ သူသည် မိမိသားကို ဝှက်ထားပါသည်ဟု လျှောက်လေ၏။
6:30 ရှင်ဘုရင်သည် ထိုမိန်းမ၏စကားကိုကြားလျှင်၊ မိမိအဝတ်ကို ဆုတ်လေ၏။ မြို့ရိုးပေါ်မှာလျှောက်သွားစဉ် လူတို့သည်ကြည့်၍၊ အတွင်း၌ လျှော်တေအဝတ်ဖြင့် ဝတ်တော်မူကြောင်းကိုသိမြင်ရကြ၏။
6:31 ရှင်ဘုရင်ကလည်း၊ ရှာဖတ်သားဧလိရှဲ၏ဦးခေါင်းသည် ယနေ့ သူ့ကိုယ်နှင့် မကွာဘဲနေလျှင်၊ ထာဝရဘုရားသည် ထိုမျှမက၊ ငါ၌ပြုတော်မူပါစေသောဟု ဆို၏။
6:32 ဧလိရှဲသည် မိမိအိမ်၌ထိုင်၍ အသက်ကြီးသူတို့သည် သူနှင့်အတူ ထိုင်ကြစဉ်၊ ရှင်ဘုရင်သည် မိမိရှေ့မှာ လူတစ်ယောက်ကို စေလွှတ်၏။ ထိုတမန်မရောက်မီ ဧလိရှဲက၊ လူသတ်၏သားသည် ငါ့လည်ပင်းကို ဖြတ်စေခြင်းငှာ၊ စေလွှတ်သည်ကို သိမြင်ကြသလော။ ထိုတမန်ရောက်သောအခါ၊ တံခါးကိုပိတ်၍၊ တံခါးနားမှာသူ့ကို ဆီးတားကြလော့။ သူ့နောက်မှာသူ့သခင် ခြေသံမမြည်သလောဟု၊
6:33 အသက်ကြီးသူတို့အား ပြောစဉ်တွင်၊ ထိုတမန်သည် ရောက်လာ၏။ ရှင်ဘုရင်ကိုယ်တိုင်ရောက်လျှင်၊ ဤအမှုသည် ထာဝရဘုရားစီရင်သော အမှုဖြစ်၏။ ထာဝရဘုရားကျေးဇူးကို အဘယ်ကြောင့် မျှော်လင့်ရသေးသနည်းဟုဆိုသော်၊