1 Chronicles 13
13:1 တစ်ဖန် ဒါဝိဒ်သည် လူတစ်ထောင်အုပ်၊ တစ်ရာအုပ်အစရှိသော အကြီးအကဲအပေါင်းတို့နှင့် တိုင်ပင်ပြီးလျှင်၊
13:2 ဣသရေလ အမျိုးပရိသတ်အပေါင်းတို့အား၊ သင်တို့သည် အလိုရှိ၍ ငါတို့၏ဘုရားသခင် ထာဝရဘုရားအခွင့်ပေးတော်မူလျှင်၊ ဣသရေလ နိုင်ငံအရပ်ရပ်၌ ကျန်ကြွင်းသေးသော ငါတို့ညီအစ်ကိုများ၊ မြို့နှင့် မြို့နယ်၌နေသော ယဇ်ပုရောဟိတ်၊ လေဝိသားများတို့သည် ငါတို့နှင့်အတူ စည်းဝေးစေခြင်းငှာ အနှံ့အပြားစေလွှတ်ကြကုန်အံ့။
13:3 ငါတို့၏ ဘုရားသခင်သေတ္တာတော်ကို တစ်ဖန် ဆောင်ခဲ့ကြကုန်အံ့။ ရှောလုလက်ထက်၌ ထိုသေတ္တာတော်ရှေ့မှာ မေးမြန်းလေ့မရှိပါတကားဟု မိန့်တော်မူသောစကားကို၊
13:4 စည်းဝေးသော ပရိသတ်အပေါင်းတို့သည် နှစ်သက်သောကြောင့်၊ အမိန့်တော်အတိုင်း ပြုပါမည်ဟု ဝန်ခံကြ၏။
13:5 ထိုသို့ဒါဝိဒ်သည် ဘုရားသခင်၏ သေတ္တာတော်ကို၊ ကိရယတ်ယာရိမ်မြို့မှ ဆောင်ခဲ့ခြင်းငှာ အဲဂုတ္တုပြည်အနား၊ ရှိဟောရမြစ်မှစ၍ ဟာမတ်မြို့လမ်းဝတိုင်အောင်နေသော ဣသရေလအမျိုးသားအပေါင်းတို့ကို စုဝေးစေပြီးလျှင်၊
13:6 ခေရုဗိမ်ကြားမှာ ကျိန်းဝပ်တော်မူသော ထာဝရဘုရား၏ နာမတော်နှင့်ဆိုင်သော ဘုရားသခင်၏ သေတ္တာတော်ကို ဆောင်ခဲ့ခြင်းငှာ၊ ဣသရေလအမျိုးသား အပေါင်းတို့နှင့်တကွ၊ ယုဒပြည် ကိရယတ်ယာရိမ် မြို့တည်းဟူသော ဗာလာမြို့သို့ သွားလေ၏။
13:7 ဘုရားသခင်၏ သေတ္တာတော်ကို လှည်းသစ်ပေါ်မှာတင်၍ အဘိနဒပ်အိမ်ထဲက ထုတ်ကြ၏။ ဩဇနှင့် အဟိဩသည် လှည်းကိုနှင်ကြ၏။
13:8 ဒါဝိဒ်နှင့် ဣသရေလ အမျိုးသားအပေါင်းတို့သည် သီချင်းဆိုလျက် စောင်း၊ တယော၊ ပတ်သာ၊ နှဲခရာ၊ ခွက်ကွင်း၊ တံပိုးတို့ကိုကိုင်လျက် ထာဝရဘုရားရှေ့တော်၌ အားထုတ်၍ တီးမှုတ်ကြ၏။
13:9 ခိဒုန် ကောက်နယ်တလင်းသို့ ရောက်သောအခါ၊ နွားတို့သည် ဘုရားသခင်၏ သေတ္တာတော်ကို လှုပ်ရှားသောကြောင့်၊ ဩဇသည် လက်ကိုဆန့်၍ သေတ္တာတော်ကို ကိုင်၏။
13:10 ထိုသို့ သေတ္တာတော်ကို ကိုင်သောကြောင့်၊ ထာဝရဘုရားသည် ဩဇကို အမျက်ထွက်၍၊ ဒဏ်ခတ်တော်မူသဖြင့်၊ ဩဇသည် ဘုရားသခင်ရှေ့တော်၌ သေလေ၏။
13:11 ဩဇကို ထာဝရဘုရားဒဏ်ခတ်တော်မူသောကြောင့် ဒါဝိဒ်သည် ညှိုးငယ်သောစိတ်ရှိ၏။ ထိုအရပ်သည် ယနေ့တိုင်အောင် ပေရဇောဇအမည်ဖြင့် တွင်သတည်း။
13:12 ထိုနေ့၌ဒါဝိဒ်သည် ဘုရားသခင်ကိုကြောက်၍၊ ဘုရားသခင်၏သေတ္တာတော်ကို အဘယ်ကြောင့် ငါ့ထံသို့ ဆောင်ခဲ့ရမည်နည်းဟု ဆိုလျက်၊
13:13 မိမိနေရာဒါဝိဒ်မြို့ထဲသို့ သေတ္တာတော်ကိုမဆောင်ဘဲ ဂိတ္တိလူဩဗဒေဒုံအိမ်သို့ လွှဲ၍ ဆောင်သွားလေ၏။
13:14 ဘုရားသခင်၏ သေတ္တာတော်သည် သုံးလပတ်လုံး၊ ဩဗေဒုံအိမ်တွင် အိမ်သူအိမ်သားများဆီမှာ ရှိ၏။ ထာဝရဘုရားသည် ဩဗဒေဒုံနှင့် အိမ်သူအိမ်သားအပေါင်းတို့ကို ကောင်းချီးပေးတော်မူ၏။