1 Chronicles 12
12:1 ဒါဝိဒ်သည် ကိရှ၏သားရှောလုကို ရှောင်၍ ဇိကလတ်မြို့၌နေစဉ်၊ သူ့ဘက်သို့ ဝင်စားသောသူ၊ လေးလက်နက်ကိုဆောင်၍ လက်ယာလက်လက်ဝဲလက်မရွေး၊ ကျောက်နှင့် မြားကိုပစ်တတ်သော စစ်သူရဲကြီး၊ ရှောလုပေါက်ဖော် ဗင်္ယာမိန်အမျိုးသားဟူမူကား၊
12:3 အကြီးအကဲ အဟေဇာ၊ သူ့နောက်ယောရှ၊ ဂိဗာမြို့သားရှေမာ၊ အာဇမာဝက်သား ယေဇေလနှင့်ပေလက်၊ ဗေရာခ၊ အန္တောသိအမျိုး ယေဟု၊
12:4 ဗိုလ်စုတွင် ထူးဆန်း၍ အကြီးအကဲလုပ်သော ဂိဗောင်မြို့သားဣရှမာယ၊ ယေရမိ၊ ယဟာဇေလ၊ ယောဟနန်၊ ဂေဒရသိအမျိုး ယောဇဗဒ်၊
12:5 ဧလုဇဲ၊ ယေရိမုတ်၊ ဗာလျာ၊ ရှေမရိ၊ ဟရုဖိအမျိုး ရှေဖတိ၊
12:6 ဧလကာန၊ ယေရှာ၊ အာဇရေလ၊ ယောဇာ၊ ကောရသိအမျိုး ယာရှောဗ၊
12:7 ဂေဒေါ်မြို့နေ၊ ယေရောဟံသား ယောလာနှင့် ဇေဗဒိတည်း။
12:8 ထိုမှတစ်ပါး၊ ဒါဝိဒ်ရှိရာ တောရဲတိုက်သို့ ထွက်သွားသောသူ၊ ခွန်အားကြီး၍ ဒိုင်းလွှားဆောင်လျက် စစ်တိုက်ခြင်းငှာ တတ်စွမ်းနိုင်သောသူ၊ ခြင်္သေ့ကဲ့သို့ မျက်နှာရဲ၍ တောင်ပေါ်မှာ ဒရယ်ကဲ့သို့ လျင်မြန်သောသူ ဂဒ်အမျိုးသားဟူမူကား၊
12:9 ဧဇာတစ်ပါး၊ ဩဗဒိတစ်ပါး၊ ဧလျာဘတစ်ပါး၊
12:10 မိရှမန္နတစ်ပါး၊ ယေရမိတစ်ပါး၊
12:11 အတ္တဲတစ်ပါး၊ ဧလျေလတစ်ပါး၊
12:12 ယောဟနန်တစ်ပါး၊ ဧလဇာဗဒ်တစ်ပါး၊
12:13 ယေရမိတစ်ပါး၊ မာခဗာနဲတစ်ပါး၊ ပေါင်းတစ်ကျိပ်တစ်ပါးတည်း။
12:14 ဤသူတို့သည် ဂဒ်အမျိုးသားတွင် ဗိုလ်လုပ်၍၊ အငယ်ကားလူတစ်ရာ၊ အကြီးကားလူတစ်ထောင်ကို အုပ်သောသူဖြစ်ကြ၏။
12:15 ယော်ဒန်မြစ်ရေသည် ကမ်းတစ်လျှောက်လုံးကို လွှမ်းမိုးသောကာလပထမလတွင်၊ သူတို့သည်ကူး၍ မြေညီရာအရပ် အရှေ့အနောက်၌ နေသောသူအပေါင်းတို့ကို ပြေးစေကြ၏။
12:16 ဗင်္ယာမိန်အမျိုးသားနှင့် ယုဒအမျိုးသားအချို့တို့သည် ဒါဝိဒ်ရှိရာ ရဲတိုက်သို့လာသောအခါ၊
12:17 ဒါဝိဒ်သည် ကြိုဆိုခြင်းငှာ ထွက်သွား၍၊ ငါ့ကိုမစခြင်းငှာ မေတ္တာစိတ်နှင့်လာလျှင် ငါသဘောတူ၏။ သို့မဟုတ် ငါ့ကို ရန်သူလက်သို့အပ်ခြင်းငှာ လာလျှင် ငါ၌အပြစ်မရှိသောကြောင့်၊ ဘိုးဘေးတို့၏ဘုရားသခင်သည် ကြည့်ရှု၍ ဆုံးမတော်မူပါစေသောဟု ဆိုသော်၊
12:18 ဝိညာဉ်တော်သည် ဗိုလ်ချုပ်အာမသဲအပေါ်မှာ သက်ရောက်၍၊ အိုဒါဝိဒ်၊ ကျွန်တော်တို့သည် ကိုယ်တော်၏လူ၊ အိုယေရှဲ၏သားတော်၊ ကိုယ်တော်ဘက်သို့ ဝင်စားသောသူဖြစ်ပါ၏။ ကိုယ်တော်၌ မင်္ဂလာရှိပါစေသော။ မင်္ဂလာရှိပါစေသော။ ကိုယ်တော်ကိုမစသောသူ၌ မင်္ဂလာရှိပါစေသော။ ကိုယ်တော်၏ဘုရားသခင်သည် ကိုယ်တော်ကို မစတော်မူပါစေသောဟု ပြန်ပြောလေသော်၊ ဒါဝိဒ်သည် သူတို့ကို လက်ခံ၍ ဗိုလ်အရာ၌ ခန့်ထားလေ၏။
12:19 ထိုမှတစ်ပါး၊ ဒါဝိဒ်သည် ရှောလုကို စစ်တိုက်သွားသော ဖိလိတ္တိလူတို့နှင့် လိုက်သောအခါ၊ ဖိလိတ္တိမင်းတို့က၊ ဤသူသည် ငါတို့ကိုအပ်၍ မိမိသခင်ရှောလုဘက်သို့ ဝင်စားမည်ဟုတိုင်ပင်ပြီးမှ ပြန်စေသောကြောင့်၊ ဒါဝိဒ်သည် စစ်မကူဘဲ ဇိကလတ်မြို့သို့သွားသောကာလ၊ သူ့ဘက်သို့ ဝင်စားသော မနာရှေအမျိုးသားဟူမူကား၊
12:20 မိမိအမျိုးသားတို့တွင် လူတစ်ထောင်ကို အုပ်သောဗိုလ်၊ အာဒန၊ ယောဇဗဒ်၊ ယေဒယေလ၊ မိက္ခေလ၊ ယောဇဗဒ်၊ ဧလိဟု၊ ဇိလသဲတည်း။
12:21 ထိုသူအပေါင်းတို့သည် ခွန်အားကြီးသော စစ်သူရဲဗိုလ်ကြီးဖြစ်၍၊ ဓားပြလုပ်သော သူတို့တစ်ဖက်၌ ဒါဝိဒ်ကိုမစကြ၏။
12:22 ထိုကာလ၌ ဘုရားသခင်၏ဗိုလ်ခြေကဲ့သို့ ကြီးစွာသော ဗိုလ်ခြေဖြစ်သည်တိုင်အောင် တစ်နေ့ထက်တစ်နေ့ ဒါဝိဒ်ကိုကူညီ၍ ဝင်စားကြ၏။
12:23 ထာဝရဘုရား၏ အမိန့်တော်အတိုင်း၊ ရှောလု၏နိုင်ငံကို ဒါဝိဒ်လက်သို့လွှဲခြင်းငှာ ဒါဝိဒ်ရှိရာ ဟေဗြုန်မြို့သို့ လာသောသူ၊ စစ်တိုက်လက်နက်စုံနှင့် ပြည့်စုံသော တပ်သားစာရင်းဟူမူကား၊
12:24 ဒိုင်းနှင့်လှံကိုဆောင်၍ စစ်တိုက်လက်နက်စုံနှင့်ပြည့်စုံသော ယုဒအမျိုးသား ခြောက်ထောင်ရှစ်ရာ၊
12:25 ခွန်အားကြီးသော စစ်သူရဲ၊ ရှိမောင်အမျိုးသား ခုနစ်ထောင်တစ်ရာ၊
12:26 လေဝိအမျိုးသား လေးထောင်ခြောက်ရာ၊
12:27 အာရုန်အမျိုးအုပ်၊ ယောယဒနှင့်အတူပါသော အာရုန်အမျိုးသား သုံးထောင်ခုနစ်ရာ၊
12:28 ခွန်အားကြီးသောသူရဲ၊ လူပျိုဇာဒုတ်နှင့် သူ၏အဆွေအမျိုး တပ်မှူးနှစ်ကျိပ်နှစ်ပါး၊
12:29 ရှောလုပေါက်ဖော်ဖြစ်သော ဗင်္ယာမိန်အမျိုးသားသုံးထောင်၊ ထိုအမျိုးသားအများတို့သည် ရှောလုဘက်မှာ စောင့်နေကြ၏။
12:30 ခွန်အားကြီး၍ အဆွေအမျိုးတို့တွင် ထင်ရှားသော ဧဖရိမ်အမျိုးသားနှစ်သောင်းရှစ်ရာ၊
12:31 ဒါဝိဒ်ကို ရှင်ဘုရင်အရာ၌ ချီးမြှောက်ခြင်းငှာ စာရင်းဝင်သော မနာရှေအမျိုးတစ်ဝက်ထဲက လူတစ်သောင်းရှစ်ထောင်၊
12:32 ကာလအချိန်တို့ကို နားလည်၍ ဣသရေလအမျိုးသည် အဘယ်သို့ပြုသင့်သည်ကို သိတတ်သော ဣသခါအမျိုးသား သူကြီးနှစ်ရာ၊ သူတို့အမျိုးသားချင်းအပေါင်းတို့သည် အသင့်ရှိကြ၏။
12:33 စိတ်နှစ်ခွမရှိ၊ တပ်အခင်းအကျင်းမပျက်၊ စစ်တိုက်လက်နက်စုံနှင့် ပြည့်စုံလျက် စစ်ချီ၍တိုက်တတ်သော ဇာဗုလုန်အမျိုးသား ငါးသောင်း၊
12:34 နဿလိအမျိုးသား ဗိုလ်တစ်ထောင်၊ ဒိုင်းနှင့်လှံကို ဆောင်သောသူ သုံးသောင်းခုနစ်ထောင်၊
12:35 ဒန်အမျိုးထဲက စစ်မှူးစစ်ရေး၌ လေ့ကျက်သောသူ နှစ်သောင်းရှစ်ထောင်ခြောက်ရာ၊
12:36 အာရှာအမျိုးထဲက ထိုအတူလေ့ကျက်၍ စစ်ချီတတ်သော သူလေးသောင်း၊
12:37 ယော်ဒန်မြစ်တစ်ဖက် ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတစ်ဝက်ထဲက စစ်တိုက်လက်နက်စုံ အမျိုးမျိုးနှင့်ပြည့်စုံသောသူ တစ်သိန်းနှစ်သောင်းတည်း။
12:38 စစ်အခင်းအကျင်းမပျက်၊ တိုက်တတ်သောသူ၊ အထက်ဆိုခဲ့ပြီး သောသူအပေါင်းတို့သည် ဒါဝိဒ်ကို ရှင်ဘုရင်အရာ၌ ချီးမြှောက်ခြင်းငှာ ကြည်ညိုသောစိတ်အားကြီး၍ ဟေဗြုန်မြို့သို့ လာကြ၏။ ကျန်ကြွင်းသော ဣသရေလအမျိုးသားအပေါင်းတို့သည်၊ ဒါဝိဒ်ကို ရှင်ဘုရင်အရာ၌ ချီးမြှောက်ချင်သော စိတ်သဘော တညီတညွတ်တည်း ရှိကြ၏။
12:39 ထိုသူအပေါင်းတို့သည် သုံးရက်ပတ်လုံး အထံတော်၌ စားသောက်လျက်နေကြ၏။ အမျိုးသားချင်းတို့သည် ပြင်ဆင်နှင့်ကြပြီ။
12:40 အနီးအပါး၌ နေသောသူတို့သည်လည်း၊ သိုးနွားနှင့်တကွ အမဲသား၊ မုန့်ညက်၊ သင်္ဘောသဖန်းသီး၊ စပျစ်သီး၊ စပျစ်ရည်၊ ဆီတည်းဟူသော ရိက္ခာများကို မြည်း၊ ကုလားအုတ်၊ လား၊ နွားအပေါ်မှာတင်လျက် ဣသခါခရိုင်၊ ဇာဗုလုန်ခရိုင်၊ နဿလိခရိုင်မှ ပင့်ဆောင်ခဲ့၍ ဣသရေလအမျိုးသားတို့သည် ပျော်မွေ့ကြ၏။