1 Chronicles 15
15:1 ထိုနောက် ဒါဝိဒ်မြို့၌ အိမ်တော်တို့ကို ဆောက်တော်မူ၏။ ဘုရားသခင်၏သေတ္တာတော်ဌာနကို ပြင်၍ တဲတော်ကိုလည်း တည်တော်မူပြီးမှ၊
15:2 ဒါဝိဒ်က၊ ဘုရားသခင်၏ သေတ္တာတော်ကိုထမ်း၍ ရှေ့တော်၌ အမှုတော်ကိုအစဉ်စောင့်စေခြင်းငှာ ထာဝရဘုရားသည် လေဝိသားတို့ကို ရွေးချယ်တော်မူသောကြောင့်၊ အခြားတစ်ပါးသော သူတို့သည် ဘုရားသခင်၏သေတ္တာတော်ကို မထမ်းရကြဟုဆိုလျက်၊
15:3 ထာဝရဘုရား၏ သေတ္တာတော်အဖို့ ပြင်ဆင်သော အရပ်ဌာနသို့ ဆောင်ခဲ့ခြင်းငှာ ဣသရေလအမျိုးသားအပေါင်းတို့ကို ယေရုရှလင်မြို့၌ စုဝေးစေသောအခါ၊
15:4 အာရုန်သားတို့နှင့် လေဝိသားတို့ကိုလည်း စုဝေးစေတော်မူ၍ ရောက်လာသောသူဟူမူကား၊
15:5 ကောဟတ်အမျိုးတွင် အကြီးဖြစ်သော ဥရေလနှင့် သူ၏ညီအစ်ကို တစ်ရာနှစ်ဆယ်၊
15:6 မေရာရိအမျိုးတွင် အကြီးဖြစ်သော အသာယနှင့် သူ၏ညီအစ်ကို နှစ်ရာနှစ်ဆယ်၊
15:7 ဂေရရှုံအမျိုးတွင် အကြီးဖြစ်သော ယောလနှင့် သူ၏ညီအစ်ကို တစ်ရာသုံးဆယ်၊
15:8 ဧလိဇဖန်အမျိုးတွင် အကြီးဖြစ်သော ရှေမာယနှင့် သူ၏ညီအစ်ကိုနှစ်ရာ
15:9 ဟေဗြုန်အမျိုးတွင် အကြီးဖြစ်သော ဧလျေလနှင့် သူ၏ညီအစ်ကို ရှစ်ဆယ်၊
15:10 ဩဇေလအမျိုးတွင် အကြီးဖြစ်သော အမိနဒပ်နှင့် သူ၏ညီအစ်ကို တစ်ရာတစ်ဆယ်နှစ်ယောက်တည်း။
15:11 ဒါဝိဒ်သည်လည်း ယဇ်ပုရောဟိတ် ဇာဒုတ်နှင့်အဗျာသာ၊ လေဝိသား ဩရေလ၊ အသာယ၊ ယောလ၊ ရှေမာယ၊ ဧလျေလ၊ အမိနဒပ်တို့ကိုခေါ်၍၊
15:12 သင်တို့သည် လေဝိသား အဆွေအမျိုးသူကြီး ဖြစ်ကြ၏။ ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရား၏သေတ္တာတော်အဖို့ ငါပြင်ဆင်သော အရပ်ဌာနသို့ ဆောင်ခဲ့ခြင်းငှာ ကိုယ်ကိုလည်းကောင်း၊ ညီအစ်ကိုတို့ကိုလည်းကောင်း၊ သန့်ရှင်းစေကြလော့။
15:13 အရင်ကမသန့်ရှင်း၊ တရားလမ်းသို့ မလိုက်ဘဲ ငါတို့ဘုရားသခင် ထာဝရဘုရားကို ရှာသောကြောင့် ဒဏ်ခတ်တော်မူသည်ဟု သတိပေး၏။
15:14 ထိုအခါ ယဇ်ပုရောဟိတ်တို့နှင့် လေဝိသားတို့သည်၊ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား၏ သေတ္တာတော်ကို ဆောင်ခဲ့ခြင်းငှာ ကိုယ်ကို သန့်ရှင်းစေကြ၏။
15:15 ထာဝရဘုရား အမိန့်တော်နှင့်အညီ မောရှေမှာထားခဲ့သည်အတိုင်း၊ လေဝိသားတို့သည် ဘုရားသခင်၏ သေတ္တာတော်ကို သေတ္တာတော်ထမ်းပိုးဖြင့် ထမ်းကြ၏။
15:16 လေဝိသား အကြီးအကဲတို့သည် စောင်း၊ တယော၊ ခွက်ကွင်းအစရှိသော တူရိယာမျိုးနှင့် သီချင်းဆိုတတ်သော ညီအစ်ကိုတို့ကို ဝမ်းမြောက်စွာ အသံပြိုင်ဆိုစေခြင်းငှာ ခန့်ထားရမည်အကြောင်း အမိန့်တော်ရှိသည်အတိုင်း၊
15:17 ထိုလေဝိသားတို့သည် ယောလသား ဟေမန်၊ သူ၏ညီစုထဲက ဗေရခိသား အာသပ်၊ မိမိတို့ညီစု၊ မေရာရိအမျိုးထဲက ကုရှာယသား ဧသန်တို့ကိုလည်းကောင်း၊
15:18 မိမိတို့ညီ ဒုတိယအရာရှိဖြစ်သော ဇာခရိ၊ ဗင်္ယာဇေလ၊ ရှေမိရာမုတ်၊ ယေဟေလ၊ ဥန္နိ၊ ဧလျာဘ၊ ဗေနာယ၊ မာသေယ၊ မတ္တိသိ၊ ဧလိဖလေ၊ မိတ်နေယ၊ တံခါးစောင့်ဩဗဒေဒုံ၊ ယေလ၊ အာဇဇိတို့ကိုလည်းကောင်း ခန့်ထားကြ၏။
15:19 သီချင်းဆရာ ဟေမန်၊ အာသပ်၊ ဧသန်တို့သည် ကြေးဝါခွက်ကွင်းကို တီးရကြ၏။
15:20 ဇာခရိ၊ ဗင်္ယာဇေလ၊ ရှေမိရာမုတ်၊ ယေဟေလ၊ ဥန္နိ၊ ဧလျာဘ၊ မာသေယ၊ ဗေနာယတို့သည် အာလမုတ်တယောကို ထိုးရကြ၏။
15:21 မတ္တိသိ၊ ဧလိဖလေ၊ မိတ်နေယ၊ ဩဗဒေဒုံ၊ ယေလ၊ အာဇဇိတို့သည် အသံစုံလင်စွာ ရှေမိနိတ်စောင်းကို တီးရကြ၏။
15:22 လေဝိသား အကြီးအကဲဖြစ်သော ခေနနိသည် သီချင်းအတတ်၌ လေ့ကျက်သောကြောင့် သီချင်းဆရာကြီး ဖြစ်၏။
15:23 ဗေရခိနှင့် ဧလကာနသည် သေတ္တာတော်တံခါးစောင့်ဖြစ်၏။
15:24 ယဇ်ပုရောဟိတ် ရှေဗနိ၊ ယောရှဖတ်၊ နာသ နေလ၊ အာမသဲ၊ ဇာခရိ၊ ဗေနာယ၊ ဧလျေဇာတို့သည် ဘုရားသခင်၏သေတ္တာတော်ရှေ့မှာ တံပိုးမှုတ်ရကြ၏။ ဩဗဒေဒုံနှင့် ယေဟိသည်လည်း သေတ္တာတော်တံခါးစောင့်ဖြစ်၏။
15:25 ထိုသို့ ဒါဝိဒ်မင်းနှင့် ဣသရေလအမျိုး အသက်ကြီးသူ၊ လူတစ်ထောင်အုပ်တို့သည် ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကို၊ ဩဗဒေဒုံအိမ်မှ ဝမ်းမြောက်သောစိတ်နှင့် ဆောင်ခဲ့ခြင်းငှာသွားကြ၏။
15:26 ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်ကိုထမ်းသော လေဝိသားတို့ကို ဘုရားသခင်မစတော်မူသည်ဖြစ်၍၊ သူတို့သည် နွားခုနစ်ကောင်နှင့် သိုးခုနစ်ကောင်တို့ကို ယဇ်ပူဇော်ကြ၏။
15:27 ဒါဝိဒ်နှင့် သေတ္တာတော်ကိုထမ်းသော လေဝိသားများ၊ သီချင်းဆရာခေနနိနှင့် သီချင်းဆိုသူများတို့သည် ပိတ်ချောကိုဝတ်ကြ၏၊ ဒါဝိဒ်သည် ပိတ်သင်တိုင်းကိုလည်းထပ်၍ဝတ်၏။
15:28 ထိုသို့ ဣသရေလအမျိုးသားအပေါင်းတို့သည် ကြွေးကြော်လျက်၊ နှဲခရာ၊ တံပိုး၊ ခွက်ကွင်း၊ တယော၊ စောင်းတို့ကို တီးမှုတ်လျက်၊ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကို ဆောင်ခဲ့ကြ၏။
15:29 ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်သည် ဒါဝိဒ်မြို့ထဲသို့ဝင်သောအခါ၊ ရှောလု၏သမီးမိခါလသည် ပြူတင်းပေါက်ကကြည့်၍၊ ဒါဝိဒ်မင်းကြီးသည် ကလျက် တီးမှုတ်လျက်လာသည်ကို မြင်သဖြင့် စိတ်နှလုံးထဲ၌ မထီမဲ့မြင်ပြု၏။