1 Chronicles 16
16:1 ထိုသို့ ဘုရားသခင်၏သေတ္တာတော်ကိုဆောင်ခဲ့၍ ဒါဝိဒ်ဆောက်နှင့်သော တဲအလယ်၌ထားပြီးမှ၊ မီးရှို့ရာယဇ်နှင့် မိတ်သဟာယယဇ်တို့ကို ဘုရားသခင့်ရှေ့တော်၌ ပူဇော်ကြ၏။
16:2 မီးရှို့ရာယဇ်နှင့် မိတ်သဟာယယဇ်ပူဇော်ခြင်းအမှုကို ဒါဝိဒ်မင်းသည် ပြီးစီးစေသောအခါ၊ ထာဝရဘုရား၏ နာမတော်ကိုမြွက်၍ ပရိသတ်တို့ကို ကောင်းချီးပေးလေ၏။
16:3 ဣသရေလ လူယောက်ျားမိန်းမအပေါင်းတို့အား မုန့်တစ်ပြား၊ အမဲသားတစ်တစ်၊ စပျစ်သီးပျဉ်တစ်ပြားစီ ဝေငှတော်မူ၏။
16:4 တစ်ဖန် ထာဝရဘုရား၏သေတ္တာတော်ရှေ့မှာ အမှုတော်ကိုဆောင်ရွက်၍၊ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကို အလှည့်အတိုင်း ချီးမွမ်းစေခြင်းငှာ ခန့်ထားတော်မူသော လေဝိသားများဟူမူကား၊
16:5 ခွက်ကွင်းတီးသော အကြီးအကဲ အာသပ်၊ သူ့နောက် စောင်းတယောတီးသော ဇာခရိ၊ ယေလ၊ ရှေမိ၊ ရာမုတ်၊ ယေဟေလ၊ မတ္တိသိ၊ ဧလျာဘ၊ ဗေနာယ၊ ဩဗဒေဒုံ၊ ယေလ တစ်စုနှင့်၊
16:6 ဘုရားသခင်၏ပဋိညာဉ်သေတ္တာတော်ရှေ့မှာ အစဉ်တံပိုးမှုတ်သော ယဇ်ပုရောဟိတ် ဗေနာယနှင့် ယဟာဇေလတည်း။
16:7 ထိုနေ့၌ ဒါဝိဒ်သည် အာသပ်နှင့် သူ့ညီတို့အားအပ်သော ထာဝရဘုရား၏ ကျေးဇူးတော်ကို ချီးမွမ်းရာ ဆာလံသီချင်းသစ်ဟူမူကား၊
16:8 ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ နာမတော်ကို ပတ္ထနာပြုကြလော့။ အမှုတော်တို့ကို လူများတို့အား ပြသကြလော့။
16:9 ထာဝရဘုရားကို သီချင်းဆိုကြလော့။ ဆာလံသီချင်းကို ဆိုကြလော့။ အံ့ဖွယ်သော အမှုတော်အပေါင်းတို့ကို ဟောပြောကြလော့။
16:10 သန့်ရှင်းသော နာမတော်၌ ဝါကြွားဝမ်းမြောက်ကြလော့။ ထာဝရဘုရားကို ရှာသောသူတို့သည် စိတ်နှလုံး ရွှင်လန်းကြစေ။
16:11 ထာဝရဘုရားနှင့် တန်ခိုးတော်ကိုရှာကြလော့။ မျက်နှာတော်ကို အစဉ်မပြတ်ရှာကြလော့။
16:12 စီရင်တော်မူသော အံ့ဩဖွယ်တို့ကိုလည်းကောင်း၊ ထူးဆန်းသောအမှုတော်တို့နှင့် နှုတ်တော်ထွက် ပညတ်တို့ကိုလည်းကောင်း အောက်မေ့ကြလော့။
16:13 ထာဝရဘုရား၏ကျွန် ဣသရေလအမျိုး၊ ရွေးကောက်တော်မူသော ယာကုပ်အနွယ်တို့၊
16:14 ကိုယ်တော်မြတ် ထာဝရဘုရားသည် ငါတို့ ဘုရားသခင်ဖြစ်တော်မူ၏။ မြေကြီးတစ်ပြင်လုံး၌ စီရင်ပိုင်တော်မူ၏။
16:15 ငါသည် သင်တို့အမွေခံရာဖို့၊ ခါနာန်ပြည်ကို သင်၌ပေးမည်ဟု ငါတို့အမျိုးသည် အရေအတွက်အားဖြင့်မများ၊ အလွန်နည်း၍၊ ထိုပြည်၌ ဧည့်သည်ဖြစ်လျက်နေသောအခါ၊ အာဗြဟံ၌ကတိထား၍ ဣဇာက်၌ကျိန်ဆိုတော်မူလျက်၊ ယာကုပ်၌ မြဲမြံသောတရား၊ ဣသရေလ၌ နိစ္စထာဝရပဋိညာဉ်ဖြစ်စေခြင်းငှာ၊ လူမျိုးအဆက်တစ်ထောင်တိုင်အောင် မိန့်မြွက်တော်မူသော နှုတ်ကပတ်တည်းဟူသော ဝန်ခံခြင်းတရားတော်ကို အစဉ်အမြဲ အောက်မေ့တော်မူ၏။
16:20 သူတို့သည် တစ်မြို့မှတစ်မြို့သို့လည်းကောင်း၊ တစ်နိုင်ငံမှ တစ်နိုင်ငံသို့လည်းကောင်း၊ လှည့်လည်၍သွားကြသောအခါ၊
16:21 သူတို့ကိုညှဉ်းဆဲစေခြင်းငှာ အဘယ်သူအားမျှ အခွင့်ပေးတော်မမူ။ သူတို့အတွက်လည်း ရှင်ဘုရင်တို့ကိုဆုံးမလျက်၊
16:22 ငါ့ထံ၌ ဘိသိက်ခံသောသူတို့ကို မထိမခိုက်နှင့်။ ငါ့ပရောဖက်တို့ကို အပြစ်မပြုနှင့်ဟု မိန့်တော်မူ၏။
16:23 မြေကြီးသားအပေါင်းတို့၊ ထာဝရဘုရားအား သီချင်းဆိုကြလော့။ ကယ်တင်တော်မူခြင်းတရားကို တစ်နေ့ထက်တစ်နေ့ ညွှန်ကြားကြလော့။
16:24 ဘုန်းတော်ကို တစ်ပါးအမျိုးသားတို့၌လည်းကောင်း၊ အံ့ဖွယ်သောအမှုတော်တို့ကို ခပ်သိမ်းသော လူမျိုးတို့၌လည်းကောင်း ဖော်ပြကြလော့။
16:25 ထာဝရဘုရားသည် ကြီးမြတ်၍၊ အလွန်ချီးမွမ်းဖွယ်ဖြစ်တော်မူ၏။ ဘုရားတကာတို့ထက် ကြောက်ရွံ့ဖွယ်ဖြစ်တော်မူ၏။
16:26 တစ်ပါးအမျိုးသားတို့၏ ဘုရားရှိသမျှတို့သည် အချည်းနှီးသက်သက် ဖြစ်ကြ၏။ ထာဝရဘုရားမူကား၊ မိုးကောင်းကင်ကို ဖန်ဆင်းတော်မူ၏။
16:27 ဘုန်းတန်ခိုးအာနုဘော်သည် ရှေ့တော်၌ရှိ၏။ အစွမ်းသတ္တိနှင့် ဝမ်းမြောက်ခြင်းအကြောင်းလည်း နေတော်မူရာ၌ ရှိ၏။
16:28 လူအမျိုးမျိုးတို့၊ ထာဝရဘုရားသည် ဘုန်းတန်ခိုး အစွမ်းသတ္တိရှိတော်မူသည်ဟု ဝန်ခံကြလော့။ ရှိတော်မူသည်ဟု ဝန်ခံကြလော့။
16:29 ထာဝရဘုရား၏နာမတော်သည် ဘုန်းကြီးတော်မူသည်ဟု ဝန်ခံကြလော့။ ပူဇော်သကာကို ဆောင်ခဲ့လျက် ရှေ့တော်သို့ ချဉ်းကပ်ကြလော့။ သန့်ရှင်းသောတန်ဆာကိုဆင်၍ ထာဝရဘုရားကို ကိုးကွယ်ကြလော့။
16:30 မြေကြီးသားအပေါင်းတို့၊ ရှေ့တော်၌ ကြောက်ရွံ့ခြင်းရှိကြလော့။ လောကဓာတ်သည် မလှုပ်မရှားနိုင်အောင် မြဲမြံစွာတည်လိမ့်မည်။
16:31 ကောင်းကင်သည် ဝမ်းမြောက်ခြင်းရှိစေ။ မြေကြီးသည်လည်း ရွှင်လန်းခြင်းရှိစေ။ ထာဝရဘုရား စိုးစံတော်မူသည်ဟု တစ်ပါးအမျိုးသားတို့တွင် ဟောပြောကြစေ။
16:32 ပင်လယ်နှင့် ပင်လယ်တန်ဆာသည် အသံဗလံပြုစေ။ လယ်ပြင်နှင့် လယ်ပြင်၌ ရှိသမျှသည်လည်း ဝမ်းမြောက်စေ။
16:33 ထိုအခါ တော၌ ရှိသမျှသော အပင်တို့သည် ထာဝရဘုရားရှေ့တော်၌ ရွှင်လန်းစွာ သီချင်းဆိုကြလိမ့်မည်။ အကြောင်းမူကား၊ ကိုယ်တော်သည် မြေကြီးသားတို့ကို တရားစီရင်ခြင်းငှာ ကြွလာတော်မူ၏။
16:34 ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍၊ ကရုဏာတော်အစဉ်အမြဲ တည်သောကြောင့်၊ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလော့။
16:35 အကျွန်ုပ်တို့ကို ကယ်တင်တော်မူသောဘုရား၊ အကျွန်ုပ်တို့သည် သန့်ရှင်းသောနာမတော် ဂုဏ်ကျေးဇူးကိုဝန်ခံ၍ ကျေးဇူးတော်ကို ချီးမွမ်းခြင်း၌ ဝါကြွားဝမ်းမြောက်မည်အကြောင်း အကျွန်ုပ်တို့ကို ကယ်တင်တော်မူပါ။ တစ်ပါးအမျိုးသားထဲကနုတ်၍ စုဝေးစေတော်မူပါဟု မြွက်ဆိုကြလော့။
16:36 ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရားသည် ကမ္ဘာအဆက်ဆက် မင်္ဂလာရှိတော်မူစေသတည်းဟု သီချင်းဆိုကြသောအခါ၊ လူများအပေါင်းတို့သည် အာမင်ဟုဝန်ခံလျက် ထာဝရဘုရား၏ဂုဏ်တော်ကို ချီးမွမ်းကြ၏။
16:37 ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ရှေ့မှာ၊ နေ့တိုင်း ဆောင်ရွက်စရာအမှုကို အစဉ်အမြဲ ဆောင်ရွက်စေခြင်းငှာ၊ အာသပ်နှင့် သူ၏ညီတို့ကိုလည်းကောင်း၊
16:38 ဩဗဒေဒုံနှင့် ညီခြောက်ကျိပ်ရှစ်ယောက်၊ တံခါးစောင့်ဟောသံနှင့် ယေဒုသုန်သား ဩဗဒေဒုံတို့ကိုလည်းကောင်း၊ သေတ္တာတော်ရှေ့မှာ ထားတော်မူ၏။
16:39 မီးရှို့ရာယဇ်ပလ္လင်ပေါ်မှာ နေ့ရက်အစဉ် အတိုင်း၊ နံနက်တစ်ခါ ညဥ့်ဦးတစ်ခါ ထာဝရဘုရားအား မီးရှို့ရာယဇ်တို့ကို ပူဇော်၍၊ ဣသရေလအမျိုး၌ ထာဝရဘုရားထားတော်မူသော ပညတ္တိကျမ်းစာ၌ပါသမျှအတိုင်း ပြုစေခြင်းငှာ၊ ဂိဗောင်မြို့၌ မြင့်သောအရပ်ပေါ်မှာရှိသော ထာဝရဘုရား တဲတော်ရှေ့တွင်၊ ယဇ်ပုရောဟိတ်ဇာဒုတ်နှင့် သူ၏ညီ ယဇ်ပုရောဟိတ်များကိုလည်း ထားတော်မူ၏။
16:41 ထာဝရဘုရား၏ကရုဏာတော်သည် အစဉ်အမြဲတည်သောကြောင့် ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းစေခြင်းငှာ၊
16:42 သီချင်းသည်တို့၏ အဆောင်၊ တံပိုး၊ ခွက်ကွင်း အစရှိသော ဘုရားသခင်၏ တူရိယာမျိုးကိုကိုင်သော ဟေမန်နှင့်ယေဒုသုန်အစရှိသော ရွေးကောက်၍ စာရင်းသွင်းသောသူ အခြားတို့ကိုလည်း ထားတော်မူ၏။ ယေဒုသုန်သားတို့သည်လည်း တံခါးစောင့်ဖြစ်ကြ၏။
16:43 ထိုနောက်မှ လူအပေါင်းတို့သည် မိမိတို့နေရာသို့ ပြန်သွားကြ၏။ ဒါဝိဒ်သည်လည်း နန်းတော်သားတို့ကို ကောင်းချီးပေးခြင်းငှာ သွားတော်မူ၏။