1 Chronicles 19
19:1 ထိုနောက် အမ္မုန်ရှင်ဘုရင်နာဟတ်သည်သေ၍၊ သားတော်ဟာနုန်သည် ခမည်းတော်အရာ၌ နန်းထိုင်၏။
19:2 ဒါဝိဒ်ကလည်း၊ ဟာနုန်အဘ နာဟတ်သည် ငါ့အား ကျေးဇူးပြုသောကြောင့်၊ သူ၏သား၌ ကျေးဇူးပြုမည်ဟုဆိုလျက်၊ သူ၏အဘသေရာတွင် နှစ်သိမ့်စေခြင်းငှာ သံတမန်တို့ကိုစေလွှတ်၍၊ ဒါဝိဒ်၏ကျွန်တို့သည် ဟာနုန်မင်းကို နှစ်သိမ့်စေခြင်းငှာ သူရှိရာအမ္မုန်ပြည်သို့ ရောက်ကြ၏။
19:3 အမ္မုန်အမျိုး မှူးမတ်တို့သည် ဟာနုန်မင်းထံသို့ဝင်၍၊ ဒါဝိဒ်သည် စိတ်တော်ကို နှစ်သိမ့်စေသောသူတို့ကို စေလွှတ်ရာတွင်၊ ခမည်းတော်ကို ရိုသေစွာပြုသည်ဟု ထင်မှတ်တော်မူသလော။ ပြည်တော်ကို စစ်ဆေးစူးစမ်း၍ ဖျက်ဆီးခြင်းငှာသာ၊ သူ၏ကျွန်တို့သည် အထံတော်သို့ ရောက်သည်မဟုတ်လောဟု လျှောက်ကြလျှင်၊
19:4 ဟာနုန်သည် ဒါဝိဒ်၏ကျွန်တို့ကို ယူပြီးလျှင်၊ မုတ်ဆိတ်ကိုရိတ်၍ အဝတ်ကို တင်ပါးတိုင်အောင်ဖြတ်ပြီးမှ လွှတ်လိုက်လေ၏။
19:5 ထိုသူတို့၌ အဘယ်သို့ပြုသည်ကို ဒါဝိဒ်သည် သတင်းကြားသောအခါ၊ သူတို့သည် အလွန်ရှက်သောကြောင့် ဆီးကြိုစေခြင်းငှာ စေလွှတ်၍၊ သင်တို့သည် မုတ်ဆိတ်မရှည်မီတိုင်အောင် ယေရိခေါမြို့မှာ နေကြလော့။ ထိုနောက်မှ ပြန်လာကြလော့ဟု မှာထားတော်မူ၏။
19:6 ဟာနုန်မင်းနှင့် အမ္မုန်အမျိုးသားတို့က၊ ငါတို့သည် ဒါဝိဒ်ရှေ့မှာ စက်ဆုပ်ရွံရှာဖွယ်ဖြစ်လိမ့်မည်ဟု သိလျှင်၊ မေသောပေါတာမိပြည်၊ ရှုရိမာခါပြည်၊ ဇောဘပြည်တို့၌ မြင်းရထားတို့ကို ငှားခြင်းငှာ ငွေအခွက်တစ်သောင်းကို ထုတ်၍၊
19:7 မြင်းရထားသူရဲ သုံးသောင်းနှစ်ထောင်ကိုလည်းကောင်း၊ မာခါမင်းကြီးနှင့် သူ၏လူတို့ကိုလည်းကောင်း ငှားသဖြင့်၊ ထိုသူတို့သည် မေဒဘမြို့ရှေ့မှာ တပ်ချကြ၏။ အမ္မုန်အမျိုးသားတို့သည်လည်း စုဝေး၍ အမြို့မြို့တို့မှ စစ်ချီကြ၏။
19:8 ထိုသတင်းကို ဒါဝိဒ်သည်ကြားလျှင် ယွာဘနှင့် ခွန်အားကြီးသောသူရဲ အလုံးအရင်းအပေါင်းကို စေလွှတ်၏။
19:9 အမ္မုန်အမျိုးသားတို့သည် ထွက်၍ မြို့တံခါးဝမှာ စစ်ခင်းကျင်းကြ၏။ စစ်ကူသောမင်းကြီးတို့သည် လွင်ပြင်၌ တခြားစီနေကြ၏။
19:10 ယွာဘသည်လည်း ရှေ့၌လည်းကောင်း၊ နောက်၌လည်းကောင်း၊ စစ်မျက်နှာနှစ်ဖက်ရှိသည်ကို မြင်လျှင်၊ ဣသရေလလူတို့တွင် သန်မြန်သောသူရှိသမျှတို့ကို ရွေးကောက်၍ ရှုရိလူတို့တစ်ဖက်၌ စစ်ခင်းကျင်း၏။
19:11 ကြွင်းသောသူတို့ကို အမ္မုန်အမျိုးသားတို့ တစ်ဖက်၌ စစ်ခင်းကျင်းစေခြင်းငှာ ညီအဘိရှဲလက်သို့အပ်လျက်၊
19:12 ရှုရိလူတို့သည် ငါ့ကိုနိုင်လျှင် ငါ့အားကူရမည်။ အမ္မုန်အမျိုးသားတို့သည် သင့်ကိုနိုင်လျှင် သင့်အားငါကူမည်။
19:13 ရဲရင့်သောစိတ်ရှိ၍ ငါတို့လူမျိုးနှင့် ငါတို့ဘုရားသခင့် မြို့ရွာတို့အဖို့ အားထုတ်၍ တိုက်ကြကုန်အံ့။ ထာဝရဘုရားသည် အလိုတော်ရှိသည်အတိုင်း စီရင်တော်မူစေသတည်းဟု ဆိုပြီးမှ၊
19:14 သူ၌ပါသော လူများနှင့်တကွ၊ ရှုရိလူတို့ကို စစ်တိုက်ခြင်းငှာ ချဉ်းသွားသောအခါ၊ ရှုရိလူတို့သည် ပြေးကြ၏။
19:15 ရှုရိလူတို့ပြေးသည်ကို အမ္မုန်အမျိုးသားတို့သည် မြင်လျှင်၊ သူတို့သည်လည်း ညီအဘိရှဲရှေ့မှာပြေး၍ မြို့ထဲသို့ဝင်ကြ၏။ ယွာဘသည်လည်း ယေရုရှလင်မြို့သို့ ပြန်သွားလေ၏။
19:16 ရှုရိလူတို့သည် ဣသရေလအမျိုးသားရှေ့မှာ မိမိတို့ရှုံးသည်ကို သိမြင်လျှင်၊ သံတမန်တို့ကို စေလွှတ်၍ မြစ်တစ်ဖက်၌နေသော ရှုရိလူတို့ကိုခေါ်သဖြင့်၊ ဟာဒဒေဇာခန့်ထားသော ဗိုလ်ချုပ်မင်းရှောဗက်သည်လည်း အုပ်ရ၏။
19:17 ထိုသတင်းကိုကြားလျှင် ဒါဝိဒ်သည် ဣသရေလ အမျိုးသားအပေါင်းတို့ကို စုဝေးစေ၍ ယော်ဒန်မြစ်ကို ကူးသဖြင့်၊ ရန်သူတပ်သို့ရောက်၍ စစ်ခင်းကျင်းလေ၏။ ထိုသို့ဒါဝိဒ်သည် စစ်ခင်းကျင်း၍ ရှုရိလူတို့သည် တိုက်သောအခါ၊
19:18 ဣသရေလ အမျိုးသားရှေ့မှာ ပြေးကြ၏။ ဒါဝိဒ်သည်လည်း ရှုရိမြင်းရထားစီးသူရဲ ခုနစ်ထောင်၊ ခြေသည်သူရဲ လေးသောင်းတို့ကိုသတ်၍ ဗိုလ်ချုပ်မင်းရှောဗက်ကိုလည်း လုပ်ကြံလေ၏။
19:19 ဟာဒဒေဇာမင်း၏ ကျွန်တို့သည် ဣသရေလအမျိုးသားရှေ့မှာ မိမိတို့ရှုံးသည်ကို သိမြင်လျှင်၊ ဒါဝိဒ်နှင့် မိတ်သဟာယဖွဲ့၍ ကျွန်ခံကြ၏။ နောက်တစ်ဖန် ရှုရိလူတို့သည် အမ္မုန်အမျိုးသားတို့ကို စစ်မကူကြ။