1 Chronicles 18
18:1 ထိုနောက် ဒါဝိဒ်သည် ဖိလိတ္တိလူတို့ကို လုပ်ကြံ၍ အောင်မြင်သဖြင့်၊ ဂါသမြို့နှင့် ကျေးလက်များကို သိမ်းယူလေ၏။
18:2 မောဘပြည်ကိုလည်း လုပ်ကြံ၍ မောဘအမျိုးသားတို့သည် ဒါဝိဒ်၌ကျွန်ခံလျက် အခွန်ဆက်ရကြ၏။
18:3 ဇောဘမင်းကြီးဟာဒဒေဇာသည်၊ ဥဖရတ်မြစ်နားမှာ မိမိနိုင်ငံကို တည်စေခြင်းငှာ သွားသောအခါ၊ ဒါဝိဒ်သည် ဟာမတ်မြို့တိုင်အောင် တိုက်ဖျက်၍၊
18:4 ရထားတစ်ထောင်၊ မြင်းစီးသူရဲခုနစ်ထောင်၊ ခြေသည်သူရဲနှစ်သောင်းကို ဖမ်းဆီး၍ ရထားတစ်ရာကို သိမ်းထားပြီးမှ အခြားသော မြင်းရထားရှိသမျှတို့ကို ဖျက်ဆီးလေ၏။
18:5 ဒမာသက်မြို့နေ ရှုရိလူတို့သည် ဇောဘမင်းကြီးဟာဒဒေဇာကို စစ်ကူသောအခါ၊ ဒါဝိဒ်သည် ရှုရိလူ နှစ်သောင်းနှစ်ထောင်တို့ကို သတ်ပြီးမှ၊
18:6 ရှုရိပြည်ဒမာသက်မြို့၌ မြို့စောင့်တပ်ကို ထားသဖြင့်၊ ရှုရိလူတို့သည် ဒါဝိဒ်၌ကျွန်ခံ၍ အခွန်ဆက်ရကြ၏။ ဒါဝိဒ်သွားလေရာရာ၌ ထာဝရဘုရားသည် စောင့်မတော်မူ၏။
18:7 ဟာဒဒေဇာ၏ကျွန်တို့ စွဲကိုင်သော ရွှေဒိုင်းလွှားများကို ဒါဝိဒ်သည်သိမ်း၍ ယေရုရှလင်မြို့သို့ ဆောင်သွား၏။
18:8 ဟာဒဒေဇာအစိုးရသော တိဗဟတ်မြို့နှင့် ခုန်မြို့မှ၊ ဒါဝိဒ်သည် များစွာသောကြေးဝါကို သိမ်းသွား၏။ ရှောလမုန်သည် ကြေးဝါရေကန်၊ ကြေးဝါတိုင်၊ ကြေးဝါတန်ဆာများကို ထိုကြေးဝါဖြင့် လုပ်သတည်း။
18:9 ဇောဘမင်းကြီးဟာဒဒေဇာ၏ တပ်အလုံးအရင်းကို ဒါဝိဒ်လုပ်ကြံကြောင်းကို ဟာမတ်မင်းကြီးတောဣသည် ကြားလျှင်၊
18:10 မိမိရန်သူဟာဒဒေဇာကို ဒါဝိဒ်သည် စစ်တိုက်၍ လုပ်ကြံသောကြောင့်၊ မိတ်သဟာယဖွဲ့၍ ကောင်းချီးပေးစေခြင်းငှာ မိမိသားဟဒေါရံကို ဒါဝိဒ်မင်းကြီးထံသို့ စေလွှတ်၍၊ ဟဒေါရံသည် ရွှေဖလား၊ ငွေဖလား၊ ကြေးဝါဖလား အမျိုးမျိုးတို့ကို ဆောင်ခဲ့လေ၏။
18:11 ထိုဖလားတို့ကို ဒါဝိဒ်မင်းကြီးသည် ထာဝရဘုရားအား ပူဇော်၏။ ထိုအတူ ရှုရိပြည်၊ မောဘပြည်၊ အမ္မုန်ပြည်၊ ဖိလိတ္တိပြည်၊ အာမလက်ပြည်၊ အပြည်ပြည်တို့မှဆောင်ခဲ့သော ရွှေငွေကိုလည်းပူဇော်၏။
18:12 ထိုမှတစ်ပါး၊ ဇေရုယာသားအဘိရှဲသည် ဆားချိုင့်တွင် ဧဒုံလူတစ်သောင်းရှစ်ထောင်တို့ကို လုပ်ကြံလေ၏။
18:13 ဧဒုံပြည်၌ မြို့စောင့်တပ်တို့ကိုထား၍၊ ဧဒုံပြည်သားအပေါင်းတို့သည် ဒါဝိဒ်၌ ကျွန်ခံကြ၏။ ဒါဝိဒ်သွားလေရာရာ၌ ထာဝရဘုရားသည် စောင့်မတော်မူ၏။
18:14 ထိုသို့ဒါဝိဒ်သည် ဣသရေလနိုင်ငံလုံးကို စိုးစံ၍၊ နိုင်ငံတော်သားတို့တွင် တရားမှုကို စီရင်ဆုံးဖြတ်တော်မူ၏။
18:15 ဇေရုယာ၏သား ယွာဘသည် ဗိုလ်ချုပ်မင်းဖြစ်၏။ အဟိလုဒ်၏သား ယောရှဖတ်သည် အတွင်းဝန်ဖြစ်၏။
18:16 အဟိတုပ်၏သား ဇာဒုတ်နှင့် အဗျာသာ၏သား အဟိမလက်သည် ယဇ်ပုရောဟိတ်ဖြစ်၏။ စရာယသည် စာရေးတော်ကြီးဖြစ်၏။
18:17 ယောယဒ၏သား ဗေနာယသည် ခေရသိလူနှင့် ပေလသိလူတို့ကို အုပ်ရ၏။ ဒါဝိဒ်၏သားတော်တို့သည်လည်း အထံတော်၌ မင်းသားအရာနှင့် နေကြ၏။