1 Chronicles 21
21:1 နောက်တစ်ဖန် စာတန်သည် ဣသရေလအမျိုးတစ်ဖက်၌ထ၍ ဣသရေလအမျိုးသားတို့ကို ရေတွက်စေခြင်းငှာ ဒါဝိဒ်ကို တိုက်တွန်းလေ၏။
21:2 ဒါဝိဒ်ကလည်း၊ လူပေါင်းမည်မျှရှိသည်ကို ငါသိမည်အကြောင်း၊ ဗေရရှေဘမြို့မှသည် ဒန်မြို့တိုင်အောင် သွား၍ ဣသရေလအမျိုးသားတို့ကို ရေတွက်ပြီးလျှင်၊ စာရင်းကို ငါ့ထံသို့သွင်းလော့ဟု ဗိုလ်ချုပ်မင်းယွာဘနှင့် အရာရှိတို့အားမိန့်တော်မူ၏။
21:3 ယွာဘကလည်း၊ ထာဝရဘုရားသည် မိမိလူတို့ကို ထပ်၍ အဆတစ်ရာ တိုးပွားစေခြင်းငှာ ပြုတော်မူပါစေသော။ သို့ရာတွင် အရှင်မင်းကြီး၊ ဣသရေလလူအပေါင်းတို့သည် သခင်၏ကျွန်ဖြစ်ပါသည် မဟုတ်လော။ သို့ဖြစ်၍ ကျွန်တော်သခင်သည် ဤအမှုကိုအဘယ်ကြောင့် စီရင်တော်မူသနည်း။ ဣသရေလအမျိုး ပြစ်မှားစရာအကြောင်းကို အဘယ်ကြောင့် ပြုတော်မူသနည်းဟု လျှောက်လေ၏။
21:4 သို့သော်လည်း အမိန့်တော်သည် ယွာဘစကားကို နိုင်သဖြင့်၊ ယွာဘသည်ထွက်၍ ဣသရေလပြည် တစ်လျှောက်လုံးသို့သွားပြီးမှ၊ ယေရုရှလင်မြို့သို့ ပြန်လာ၏။
21:5 လူပေါင်းစာရင်းကို ဒါဝိဒ်အားဆက်၍၊ ဣသရေလအမျိုး၌ ဓားကိုင်သူရဲ တစ်သန်းနှင့် တစ်သိန်း၊ ယုဒအမျိုး၌ ဓားကိုင်သူရဲ လေးသိန်းနှင့် ခုနစ်သောင်းရှိ၏။
21:6 သို့ရာတွင် ယွာဘသည် အမိန့်တော်ကိုရွံ့သောကြောင့်၊ လေဝိအမျိုးနှင့် ဗင်္ယာမိန်အမျိုးကို အခြားသောအမျိုးထဲသို့ သွင်း၍ မရေတွက်။
21:7 ဒါဝိဒ်ပြုသောအမှုကို ဘုရားသခင်သည် အလိုတော်မရှိသဖြင့်၊ ဣသရေလအမျိုးကို ဒဏ်ခတ်တော်မူမည်ဖြစ်၍၊
21:8 ဒါဝိဒ်က၊ အကျွန်ုပ်ပြုမိသောအမှု၌ အလွန်ပြစ်မှားပါပြီ။ ကိုယ်တော်ကျွန်၏ အပြစ်ကို ဖြေရှင်းတော်မူပါ။ အကျွန်ုပ်သည် အလွန်မိုက်သောအမှုကို ပြုမိပါပြီဟု ဘုရားသခင်အား တောင်းပန်လေ၏။
21:9 ထာဝရဘုရားသည် ဒါဝိဒ်၏ပရောဖက်ဂဒ်ကိုခေါ်၍၊
21:10 ဒါဝိဒ်ထံသို့ သွားလော့။ အရာသုံးပါးကို သင့်အားငါပြ၏။ သင်၌ ငါပြုစရာဖို့ တစ်ပါးပါးကိုရွေးလော့ဟု ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုလော့ဟု မိန့်တော်မူသည်အတိုင်း၊
21:11 ဂဒ်သည် ဒါဝိဒ်ထံသို့သွား၍ ထာဝရဘုရား မိန့်တော်မူသည်ကား၊
21:12 သုံးနှစ်ပတ်လုံး အစာအာဟာရခေါင်းပါးသောဘေး၊ သုံးလပတ်လုံး သင့်ကိုရန်သူလိုက်မီ၍ ဓားဖြင့်လုပ်ကြံသောဘေး၊ သုံးရက်ပတ်လုံး ပြည်တော်၌ ကာလနာတည်းဟူသော ထာဝရဘုရား၏ဓားတော်ကို၊ ထာဝရဘုရား၏ ကောင်းကင်တမန်သည်ကိုင်၍ ဣသရေလပြည် တစ်လျှောက်လုံးကို ဖျက်ဆီးသောဘေးတို့တွင် တစ်ပါးပါးကိုရွေးလော့ဟု မိန့်တော်မူသည်ဖြစ်၍၊ အကျွန်ုပ်ကို စေလွှတ်တော်မူသောသူအား အဘယ်သို့ပြန်လျှောက်ရမည်ကို ဆင်ခြင်တော်မူပါဟု လျှောက်လေ၏။
21:13 ဒါဝိဒ်ကလည်း၊ ငါသည် ကျဉ်းမြောင်းရာသို့ ရောက်လေပြီတကား။ ထာဝရဘုရား၏ လက်တော်သို့ရောက်ပါစေ။ ကရုဏာတော် ကြီးလှ၏။ လူလက်သို့ မရောက်ပါစေနှင့်ဟု ဂဒ်အားပြန်ပြော၏။
21:14 ထာဝရဘုရားသည်လည်း၊ ဣသရေလအမျိုး၌ ကာလနာကိုလွှတ်လိုက်တော်မူ၍ လူခုနစ်သောင်း သေကြ၏။
21:15 ယေရုရှလင်မြို့ကို ဖျက်ဆီးစေခြင်းငှာ ဘုရားသခင်သည် ကောင်းကင်တမန်ကို စေလွှတ်တော်မူသည်အတိုင်း၊ ကောင်းကင်တမန် ဖျက်ဆီးမည်ဟု အားထုတ်သောအခါ၊ ထာဝရဘုရားသည်ကြည့်ရှုလျက်၊ ထိုဘေးကြောင့် နောင်တရတော်မူ၍၊ တန်ပြီ။ သင့်လက်ကို ရုပ်သိမ်းလော့ဟု ဖျက်ဆီးသော ကောင်းကင်တမန်အား မိန့်တော်မူ၏။ ထိုအခါ ထာဝရဘုရား၏ ကောင်းကင်တမန်သည်၊ ယေဗုသိလူအရောန၏ ကောက်နယ်တလင်းအနားမှာရပ်နေ၏။
21:16 ဒါဝိဒ်သည် မျှော်ကြည့်၍၊ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ယေရုရှလင်မြို့အပေါ်မှာ ဓားကိုမိုးလျက် မိုးကောင်းကင်နှင့် မြေကြီးကြားမှာ ရပ်နေသည်ကိုမြင်လျှင်၊ ကိုယ်တိုင်မှစ၍ ဣသရေလအမျိုးသား အသက်ကြီးသူတို့သည် လျှော်တေအဝတ်ကို ဝတ်လျက် မြေပေါ်မှာ ပျပ်ဝပ်လျက်နေကြ၏။
21:17 ဒါဝိဒ်ကလည်း၊ ပြည်သားတို့ကို ရေတွက်စေခြင်းငှာ စီရင်သောသူကား အကျွန်ုပ်ဖြစ်ပါသည် မဟုတ်လော။ အကျွန်ုပ် ပြစ်မှားပါပြီ။ အလွန်ဒုစရိုက်ကို ပြုမိပါပြီ။ ဤသိုးတို့မူကား အဘယ်သို့ ပြုမိပါသနည်း။ အိုအကျွန်ုပ် ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်၏လူတို့ကို ဒဏ်ခတ်ခြင်းငှာ လက်တော်ကို သူတို့အပေါ်သို့ ရောက်စေတော်မမူပါနှင့်။ အကျွန်ုပ်နှင့် အကျွန်ုပ်အဆွေအမျိုးအပေါ်သို့ ရောက်စေတော်မူပါဟု ဘုရားသခင်အား တောင်းပန်လေ၏။
21:18 ထိုအခါ ဒါဝိဒ်သည် သွား၍၊ ယေဗုသိလူ အရောန၏ ကောက်နယ်တလင်း၌ ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကို တည်စေခြင်းငှာ ပြောရမည်အကြောင်း၊ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ဂဒ်ကိုမှာထားသဖြင့်၊
21:19 ဂဒ်ဆင့်ဆိုသော ထာဝရဘုရား၏အမိန့်တော်အတိုင်း ဒါဝိဒ်သည် သွားလေ၏။
21:20 အရောနသည် စပါးကိုနယ်စဉ်တွင်၊ လှည့်ကြည့်၍ ရှင်ဘုရင်ကို မြင်သောအခါ၊ သားလေးယောက်နှင့် တကွ ပုန်းရှောင်၍နေ၏။
21:21 ဒါဝိဒ်သည် အရောနရှိရာသို့ ရောက်သောအခါ၊ အရောနကြည့်၍ ဒါဝိဒ်ကိုမြင်လျှင်၊ ကောက်နယ်တလင်းမှဆင်း၍ ဒါဝိဒ်ရှေ့မှာ ဦးချပျပ်ဝပ်လေ၏။
21:22 ဒါဝိဒ်ကလည်း၊ လူတို့တွင် ကာလနာဘေးကို ငြိမ်းစေမည်အကြောင်း၊ ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကို ငါတည်လိုသည်ဖြစ်၍၊ ဤကောက်နယ်တလင်းအရပ်ကို အဖိုးထိုက်သည်အတိုင်း ရောင်းပါဟု အမိန့်ရှိသော်၊
21:23 အရောနက၊ ကျွန်တော်သခင် အရှင်မင်းကြီး ယူတော်မူပါ။ စိတ်တော်ရှိသည်အတိုင်း ပြုတော်မူပါ။ မီးရှို့ရာယဇ်ဖို့ နွားများ၊ ထင်းဖို့ ကောက်နယ်တန်ဆာများ၊ ဘောဇဉ်ပူဇော်သကာဖို့ ဂျုံစပါးများအလုံးစုံကို ကျွန်တော်ဆက်ပါ၏ဟု ဒါဝိဒ်အားလျှောက်လျှင်၊
21:24 ဒါဝိဒ်မင်းကြီးက၊ ထိုသို့ငါမယူရ။ စင်စစ် အဖိုးထိုက်သည်အတိုင်း ပေး၍ ငါဝယ်မည်။ သင့်ဥစ္စာကို ထာဝရဘုရားအဖို့ ငါမသိမ်း။ ကိုယ်ငွေမကုန်ဘဲ မီးရှို့ရာယဇ်ကို မပူဇော်လိုဟု အရောနအားဆိုသဖြင့်၊
21:25 ရွှေခြောက်ပိဿာကို ချိန်ပေး၍ ထိုအရပ်ကိုဝယ်ပြီးမှ၊
21:26 ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုတည်၍၊ မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို ပူဇော်လေ၏။ ထိုသို့ ထာဝရဘုရားကို ပတ္ထနာပြုသောအခါ၊ မီးရှို့ရာယဇ်ပလ္လင်ပေါ်သို့ မီးကျသဖြင့် ကောင်းကင်ထဲက ထူးတော်မူ၏။
21:27 ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ ကောင်းကင်တမန်သည် မိမိဓားကို ဓားအိမ်၌သွင်းထားပြန်၏။
21:28 ထာဝရဘုရားသည် ယေဗုသိလူအရောန၏ကောက်နယ်တလင်း၌ ထူးတော်မူသည်ကို ဒါဝိဒ်သိမြင်လျှင်၊ ထိုအရပ်၌ ယဇ်ပူဇော်ခြင်းအမှုကို ပြုလေ၏။
21:29 တော၌ မောရှေလုပ်ခဲ့သော ထာဝရဘုရား၏တဲတော်နှင့် မီးရှို့ရာယဇ်ပလ္လင်သည်၊ ထိုကာလ၌ ဂိဗောင်မြို့၌ မြင့်သောအရပ်ပေါ်မှာ ရှိ၏။
21:30 ဒါဝိဒ်သည် ထာဝရဘုရား၏ကောင်းကင်တမန်ဓားကို ကြောက်သောကြောင့်၊ ထိုယဇ်ပလ္လင်သို့သွား၍ ဘုရားသခင်ကို မမေးမလျှောက်ဝံ့။