1 Chronicles 22
22:1 သို့ဖြစ်၍၊ ဒါဝိဒ်က ဤအရပ်သည် ထာဝရအရှင် ဘုရားသခင်၏အိမ်တော်ဖြစ်၏။ ဤယဇ်ပလ္လင်သည် ဣသရေလအမျိုး၏ ယဇ်ပလ္လင်ဖြစ်၏ဟု ဆိုလျက်၊
22:2 ဣသရေလပြည်၌ရှိသော တစ်ပါးအမျိုးသားတို့ကို စုဝေးစေခြင်းငှာ မိန့်တော်မူ၏။ ဘုရားသခင်၏အိမ်တော် တည်စရာဖို့ ကျောက်ဆစ်ရသော ပန်းရန်သမားတို့ကိုလည်း စေခိုင်းတော်မူ၏။
22:3 တံခါးလုပ်စရာ သံချွန်အဖို့နှင့် သစ်သားဆက်စရာအဖို့ များစွာသော သံကိုလည်းကောင်း၊ အချိန်မမှတ်နိုင်အောင် များစွာသော ကြေးဝါကိုလည်းကောင်း၊
22:4 များစွာသော အာရဇ်သစ်သားကိုလည်းကောင်း၊ ပြင်ဆင်တော်မူ၏။ ဇိဒုန်မြို့သားနှင့် တုရုမြို့သားတို့သည်၊ အာရဇ်သစ်သားအများကို အထံတော်သို့ ဆောင်ခဲ့ကြ၏။
22:5 ဒါဝိဒ်ကလည်း၊ ငါ့သားရှောလမုန်သည် အသက်ငယ်၍ နုသေး၏။ ထာဝရဘုရားအဖို့ တည်ရသောအိမ်မူကား အလွန်ထူးဆန်းသောအိမ်၊ အတိုင်းတိုင်း အပြည်ပြည်၌ ဘုန်းအသရေကျော်စောသောအိမ် ဖြစ်ရမည်။ ယခုပင် အိမ်တော်အဖို့ ငါပြင်ဆင်မည်ဟု အကြံရှိလျက် အနိစ္စမရောက်မီ များစွာပြင်ဆင်တော်မူ၏။
22:6 သားတော်ရှောလုမုန်ကိုလည်းခေါ်၍ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားအဖို့ အိမ်တော်ကို တည်ဆောက်ရမည်အကြောင်း မှာထားလေသည်မှာ၊
22:7 ငါ့သား၊ ငါ၏ဘုရားသခင် ထာဝရဘုရား၏နာမတော်အဖို့ အိမ်တော်ကို တည်ဆောက်မည်ဟု ငါအကြံရှိပြီ။
22:8 သို့ရာတွင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါသို့ရောက်သည်ကား၊ သင်သည် များစွာစစ်တိုက်၍ လူအများတို့ကို သတ်လေပြီ။ မြေကြီးပေါ်မှာ ငါ့မျက်မှောက်၌ များစွာသောအသွေးကို သွန်းသောကြောင့်၊ ငါ့နာမအဖို့ အိမ်ကို မတည်မဆောက်ရ။
22:9 သင်မြင်သော သားတစ်ယောက်သည် ငြိမ်ဝပ်သောသူ ဖြစ်လိမ့်မည်။ သူ၏အမည်ကား ရှောလမုန်ဖြစ်၍၊ သူ့ပတ်လည်၌ ရန်သူမရှိ။ ငြိမ်ဝပ်သော အခွင့်ကိုလည်းကောင်း၊ သူ၏လက်ထက်၌ ဣသရေလအမျိုးသည် စစ်တိုက်ခြင်းမရှိ။ ငြိမ်ဝပ်စွာနေရသော အခွင့်ကိုလည်းကောင်း၊ ငါပေးမည်။
22:10 ထိုသားသည် ငါ့နာမအဖို့ အိမ်ကို တည်ဆောက်ရလိမ့်မည်။ သူသည် ငါ့သားဖြစ်လိမ့်မည်။ ငါသည်လည်း သူ၏အဘဖြစ်မည်။ သူထိုင်သော ဣသရေလနိုင်ငံ ရာဇပလ္လင်ကို အစဉ်အမြဲ ငါတည်စေမည်ဟု မိန့်တော်မူပြီ။
22:11 သို့ဖြစ်၍ငါ့သား၊ ထာဝရဘုရားသည် သင့်ဘက်၌နေ၍ အကြံထမြောက်စေတော်မူသဖြင့်၊ အမိန့်တော်ရှိသည်အတိုင်း သင်သည် သင်၏ဘုရားသခင် ထာဝရဘုရား၏အိမ်တော်ကို တည်ဆောက်ရလိမ့်မည်။
22:12 သို့ရာတွင် သင်သည် သင်၏ဘုရားသခင် ထာဝရဘုရား၏ တရားတော်ကိုစောင့်ရှောက်မည်အကြောင်း၊ ထာဝရဘုရားသည် ဉာဏ်ပညာကိုပေး၍၊ ဣသရေလအမျိုးကိုစီရင်ခြင်းအမှု၌ မှာထားတော်မူပါစေသော။
22:13 ဣသရေလအမျိုး၏အမှု၌ ထာဝရဘုရားသည် မောရှေအားမှာထားတော်မူသော စီရင်ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက်ခြင်းငှာ သတိပြုလျှင် အကြံထမြောက်ရလိမ့်မည်။ အားယူ၍ ရဲရင့်ခြင်းရှိလော့။ စိုးရိမ်ခြင်း၊ စိတ်ပျက်ခြင်း မရှိစေနှင့်။
22:14 ငါသည် ဆင်းရဲခံစဉ်တွင်၊ ထာဝရဘုရား၏အိမ်တော်အဖို့ ရွှေအခွက်တစ်ထောင်နှင့် ငွေအခွက် တစ်သောင်းကိုလည်းကောင်း၊ အချိန်မမှတ်နိုင်အောင် များစွာသော ကြေးဝါနှင့်သံကိုလည်းကောင်း၊ သစ်သားများနှင့် ကျောက်များကိုလည်းကောင်း ပြင်ဆင်ပြီ။ သင်သည်လည်း ထပ်၍ ပြင်ဆင်ရမည်။
22:15 ထိုမှတစ်ပါး သင်၌များစွာသော လက်သမား၊ ပန်းရန်သမား၊ ကျောက်ဆစ်သမား၊ အမျိုးမျိုးသောအတတ်၌ လေ့ကျက်သော ဆရာသမားရှိကြ၏။
22:16 ရွှေ၊ ငွေ၊ ကြေးဝါ၊ သံ၊ အတိုင်းမသိများသည် ဖြစ်၍ ထလော့။ ကြိုးစားလော့။ ထာဝရဘုရားသည် သင်နှင့်အတူ ရှိတော်မူပါစေသောဟု မှာထားတော်မူ၏။
22:17 ဣသရေလမင်းအပေါင်းတို့သည် သားတော်နှင့် ဝိုင်းရမည်အကြောင်းမှာထားလေသည်မှာ၊
22:18 သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည် သင်တို့နှင့်အတူ ရှိတော်မူသည်မဟုတ်လော။ အရပ်ရပ်၌ ငြိမ်ဝပ်ရသောအခွင့်ကို ပေးတော်မူသည် မဟုတ်လော။ ပြည်သူပြည်သားတို့ကို ငါ့လက်၌အပ်တော်မူသဖြင့်၊ ထာဝရဘုရား၏ရှေ့၊ ထိုဘုရားသခင်၏ လူတို့ရှေ့မှာ တစ်ပြည်လုံးသည် နှိမ့်ချလျက်ရှိ၏။
22:19 သို့ဖြစ်၍ သင်တို့၏ ဘုရားသခင် ထာဝရဘုရားကိုရှာခြင်းငှာ ကိုယ်စိတ်နှလုံးကို နှိုးဆော်တိုက်တွန်းကြလော့။ ထာဝရဘုရား၏ နာမတော်အဖို့၊ တည်ရသော အိမ်တော်ထဲသို့ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်နှင့် ဘုရားသခင်၏ သန့်ရှင်းသောတန်ဆာတို့ကို သွင်းခြင်းငှာ ထကြလော့။ ထာဝရအရှင် ဘုရားသခင်၏သန့်ရှင်းရာဌာနတော်ကို တည်ဆောက်ကြလော့ဟု မှာထားတော်မူ၏။